အစ္စရေးတို့၏ Merkava-4 ပင်မတိုက်ပွဲဝင် တင့်ကား အကြောင်း

Knowledge Military


ပင်မတိုက်ပွဲဝင် တင့်ကားအမျိုးအစားဖြစ်သည့် Merkava-4 ကို အစ္စရေးကာကွယ်ရေးတပ် တွင် ၂၀၀၄ မှာ စတင် တာဝန်ထမ်းဆောင် စေခဲ့ပါတယ်။

ဒီတင့်ကားအမျိုးအစားဟာ ယခင် Merkava Mk.3 အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကားကို အဆင့်မြှင့်တင် ထားတာ ဖြစ်ပါတယ်။

ပင်မအမြောက်ကိုတော့ IMI SLAVIN – Land Systems Division က ထုပ်လုပ်ထားပြီး MG253 လို့ခေါ်တဲ့ 120 mm ရှိတဲ့ အမြောက်ကို တပ်ဆင်ထားပါတယ်။

အဲဒီ့ MG253 အမြောက်ဟာ NATO တို့ရဲ့ STANAG 4385 ကျည် အမျိုးအစားနဲ့ ပစ်ခတ် နိုင်တဲ့ အတွက် NATO အဖွဲ့မှ အသုံးပြုတဲ့ အမြောက်ဆံများ အားလုံးကို အသုံးပြုနိုင်ပါတယ်။

အမြောက်ဆံ၏ စံနှုန်းကတော့ 120 × 570mm ရှိပါတယ်။

MG253 ဟာ ပစ်ခတ်တဲ့အချိန်မှာ နောက်သို့ တွန်းကန်သည့်အရွေ့မှာ 530 mm သာရှိသောကြောင့် တခြားပုံမှန် အမြောက်များထက် ၄၀ ရာခိုင်နှုန်း တွန်းကန်မှု လျှော့ချပေးပါတယ်။

IMI မှ MG253 အတွက် M329 APAM-MP-T, M322 APFSDS-T, M324 TPCSDS-T, M325 HEAT-MP-T, M326 TP-T, M337 STUN, M338 APFSDS-T နှင့် M339 HE-MP-T စတဲ့ ကျည်အမျိုးမျိုးကို ထုတ်လုပ်ပေးထားပါတယ်။

Israel Aerospace Industries မှ ထုတ်လုပ် ထားတဲ့ တတိယမျိုးဆက် LAHAT လို့ ခေါ်တဲ့ (Laser Homing Attack or Laser Homing Anti-Tank) တင့်ဖျက် ဒုံးကျည်ကိုလည်း ထည့်သွင်းပစ်ခတ် နိုင်ပါသေးတယ်။

ဒါ့အပြင် ဆုံလည်ပေါ်တွင် ကွဲအားပြင်းကျည်များနှင့် မီးကျည်များကို ပစ်လွှတ်နိုင်တဲ့ ၆၀ မီလီမီတာ မော်တာ တစ်ခုကိုပါ တပ်ဆင်ထားပါသေးတယ်။

Multi-channel (thermal) စနစ်ကို အသုံးပြုတဲ့ Knight Mark 4 ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ် ကိုတော့ အစ္စရေးကုမ္ပဏီဖြစ်တဲ့ Elbit Systems မှတပ်ဆင် ပေးထားတာဖြစ်ပြီး

တင့်ကားပတ်လည်ကို ကာလာဖြင့် Live ကြည့်နိုင်တဲ့ ကင်မရာများ တပ်ဆင်ထားတဲ့ Vectop Tank Sight System နှင့် တွဲ ဖက် တပ်ဆင်ထားပါတယ်။

ထို့အပြင် စစ်ဆင်ရေးအတွင်း အချက်လက်များကို သိမ်းဆည်းရန်နှင့် ပြန်လည်အသုံးပြု ရန်အတွက် မှတ်တမ်းများမှတ်ယူနိုင်သည့် VDS-60 digital data recorder လည်းတပ်ဆင်ထားပါတယ်။

Elbit Systems မှ ယခု တင့်ကားများကို ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် ဒစ်ဂျစ်တယ် စစ်မြေပြင်ကွပ်ကဲမှု စနစ်ကိုပါ တပ်ဆင် ပေးထားပါသေးတယ်။

အဲဒီ့ စနစ်ကြောင့် တင့်ကား commander မှ ကင်းထောက် ဒရုန်းမှတဆင့် ရရှိနေသော ရန်သူ့အခြေအနေများကို အခြား တင့်ကားနှင့်တပ်ဖွဲ့များဆီသို့ real time Live အနေဖြင့် အချက်အလက်များ မျှဝေ ပေးနိုင်မှာဖြစ်ပါတယ်။

တင့်ကားရဲ့ သံချပ်ကာကိုတော့ အစ္စရေးမှာပဲထုတ်လုပ်ထားတာဖြစ်ပြီး ခေတ်မှီ modular armor design နှင့် တပ်ဆင်ထားတာဖြစ်ပါတယ်။

Modular Armor Design ဆိုသည်မှာ သံချပ်ကာကိုယ်ထည်မှာ တဆက်တည်း မဟုတ်ဘဲ သံချပ်ကာ အပြားများကို ချိတ် ဆက် တည်ဆောက် ထားတာ ဖြစ်ကာ တိုက်ပွဲတွင် အထိအခိုက်ရှိပါက ပျက်စီးတဲ့ အစိတ်အပိုင်း နေရာရှိ သံချပ်ကာချပ်များကို ဖယ်ထုတ်ပြီး အသစ် တပ်ဆင်ကာ လျှင်လျှင်မြန်မြန် ပြန်လည် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။

အဲဒီ့ သံချပ်ကာများကို ထပ်ပိုး အကာအကွယ်အဖြစ် ဆုံလည်တွင်ပါ ထပ်မံတပ်ဆင်နိုင်ပါသေးတယ်။

အမြောက်ဆံများကို အထူးပြုလုပ်ထားတဲ့ fireproof သေတ္တာနှင့် ပေါင်းစပ် ဖွဲ့စည်ထားတဲ့ သိမ်းဆည်း စနစ်တွင် သိမ်း ဆည်း ထားသဖြင့် တင့်ကားအား ရန်သူ့ အမြောက်မှ ဖောက်ထွင်း ပစ်ခတ်ခံရပါက ကျည်ဆံများ ပေါက်ကွဲ နိုင်မှုကိုလျှော့ချပေးထားပါတယ်။

ဒါ့အပြင် အစ္စရေးလေတပ်၏ IAI Lavi program တွင်အသုံးပြုတဲ့ ရေဒါမှ မြင်ကွင်းကို လျှော့ချနိုင်သည့် ကိုယ်ထည်ဒီဇိုင်းနှင့် non-reflective paints များအသုံးပြုခြင်း၊

Infrared signature (အပူလှိုင်း) များကိုလျှော့ချ နိုင်ရန် air particles ကို အသုံးပြုသည့် အင်ဂျင် အပူစွန့်ထုတ်စနစ်များ ကိုလည်း အသုံးပြု ထားသောကြောင့် ရန်သူ့၏ thermal imagers နှင့် radar များကို ရှုပ်ထွေးနိုင်စေပါတယ်။

Merkava Mk.4 ရဲ့ ကိုယ်ထည်ကိုလည်း အင်ဂျင် တပ်ဆင်ဖို့ရာ အတွက်ပါ ပြန်လည် ပြုပြင်ထားပါတယ်။

အင်ဂျင် ကို တင့်ကား၏ အရှေ့တွင် တပ်ဆင်ထားပြီး အရှေ့ဘက်တွင် အင်ဂျင်အား ကာကွယ်ရန် အတွက် ပိုမိုကောင်းမွန် တဲ့ သံချပ်ကာကိုအသုံးပြုထားပါတယ်။

တင့်ကားရဲ့ အောက်ခြေကိုလည်း ရန်သူ့မြေမြှပ်မိုင်းများ၏ဒဏ် ခံနိုင်ရည် ပိုမို ရှိစေရန်အဆင့်မြှင့်ထားပါတယ်။

အင်ဂျင်ကို ဂျာမနီ MTU ကုမ္ပဏီမှ ထုတ်လုပ် ပေးထားတဲ့ မြင်းကောင်ရေ ၁၅၀၀ ရှိတဲ့ MTU883 ကိုတပ်ဆင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ MTU အင်ဂျင်များကို အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Dynamics က ထုတ်လုပ်ပြီး GD883 နာမည်အဖြစ် အစ္စရေးတို့ကိုရောင်းချပေး ထားတာဖြစ်ပါတယ်။

အဆိုပါ အင်ဂျင်သည် V12 water-cooled ဒီဇယ် အင်ဂျင် အမျိုးအစားဖြစ်ပြီး အသုံးပြုတဲ့ transmission ကိုတော့ ဂျာမနီ နည်းပညာဖြင့် အစ္စရေးတွင် ထုတ်လုပ်ထားတာပါ။

တစ်နာရီကို ကီလိုမီတာ ၆၀ အထိမောင်းနှင်နိုင်ပြီး ၅၀၀ ကီလိုမီတာ အကွာအဝေး အထိ စစ်ဆင်နိုင်ပါတယ်။


တင့်ကားရဲ့ ချိန်းများကိုတော့ အစ္စရေး ကိုယ်ပိုင်ဒီဇိုင်းဖြစ်တဲ့ “TSAWS” (Tracks, Springs, and Wheels System) track system ကိုအသုံး ပြုပြီး Caterpillar (CAT) မှထုတ်လုပ်ပေးတာဖြစ်ပါတယ်။

ဒီ Track system အသစ်မှာ အလွန် လမ်းကြမ်းပြီး ကျောက်တုံးထူထပ်တဲ့နေရာများကိုစစ်ဆင်တဲ့အခါ ထိခိုက်မှုများကိုလျှော့နည်း အောင်ဒီဇိုင်းထုတ်ထားပါတယ်။

Active protection system အနေနဲ့ကတော့ Trophy active protection system’s interceptor ကို တပ်ဆင်ထားပြီး အရှေ့ဘက်တွင် WindGuard flat-panel radar နှင့် ဘယ်ဘက်တွင် Laser warning system များကိုတပ်ဆင်ထားပါတယ်။

Trophy APS စနစ်ဟာ ကမ္ဘာပေါ်တွင် အကောင်းဆုံး Active protection system တခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

တပ်ဆင်ထားတဲ့ လက်နက်များကတော့ ၁၂၀ မီလီမီတာ ပြောင်းချော MG253 ပင်မ အမြောက်၊ ၁၂.၇ မီလီမီတာ စက်လက် တလက်၊ ၇.၆၂ မီလီမီတာ စက်ကလေး ၂ လက်၊ ၆၀ မီလီမီတာ အတွင်းမှ ပစ်ခတ်နိုင်သည့် မော်တာ ၁ ခုနှင့် မီခိုးဗုံး ၁၂ လုံးတို့ ပါဝင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.