MiG-29 တွေထက် ပိုမို အဆင့်မြင့်ပြီး ကုန်ကျစရိတ် သက်သာမယ့် MiG-35

News

4++ မျိုးဆက်အဖြစ် ဈေးကွက်ဝင်မယ့် MiG 35 တိုက်လေယာဉ် (နေတိုးအခေါ် Fulcrum-F) ဟာ MiG-29M/M2 နှင့် MiG-29K/KUB တိုက်လေယာဉ်များကို အဆင့်မြှင့်တင်ထားတဲ့ မျိုးကွဲသစ် တိုက်လေယာဉ်ပဲ ဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်ဟာ အခြေခံအားဖြင့် MiG-29KR ကို အဆင့်မြှင့်တင်ထားတာပါ။ လေ့လာသူ အများစုကတော့ MiG တိုက်လေယာဉ် ထုတ်လုပ်သူ Mikoyan ကုမ္ပဏီဟာ ဈေးကွက်သဘောအရ အမည်သစ် ပေးထားခြင်းထားဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ပထမဆုံး ရှေ့ပြေးပုံစံဟာ ယခင် MiG-29M2 ရဲ့ သရုပ်ပြလေယာဉ်အဖြစ် အသုံးပြုခဲ့တဲ့ တိုက်လေ ယာဉ်ကို မွန်းမံထားတာ ဖြစ်ပါတယ်။

Mikoyan ဟာ MiG-35 ကို ၂၀၀၇ ခုနှစ်မှာ အိန္ဒိယမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ လေကြောင်းပြပွဲမှာ တရားဝင် ပြသခဲ့ပေမယ့် ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ MiG-35 ၂ စင်းကို ၂၀၁၉ ခုနှစ်မှသာ စတင်အသုံး ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ယောက်မောင်း MiG-35S နှင့် နှစ်ယောက်မောင်း MiG-35UB အနေဖြင့် တွေ့မြင်ရမှာဖြစ်ကာ ယခင် MiG 29 များထက် အီလက်ထရောနစ် နှင့် လက်နက်စနစ်များ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။

သိသိသာသာအားဖြင့် တိကျ လမ်းညွှန်စနစ်သုံး ပစ်မှတ်ရှာစနစ်တွေ၊ တမူထူးခြားပြီး မြေပြင် ကြားဖြတ်စနစ်တွေကို အားထားရမှုကို သက်သာစေတဲ့ Optical သုံး တည်နေရာပြစနစ်တွေ ကြောင့် အမှီအခိုကင်းတဲ့ဘက်စုံသုံး စစ်ဆင်ရေးတွေကို လုပ်ဆောင်လာနိုင်မှာပါ။

MiG-35 တွေရဲ့ ရေဒါကို PESA radar တွေ အသုံးပြုထားပေမယ့် AESA ရေဒါတွေကို အဆင့်မြှင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

ဒါ့အပြင် ယခင်က စီစဉ်ထားသည့်အတိုင်း Su-30 များတွင်ပါဝင်တဲ့ Thrust Vectoring စနစ်တွေ ဒီလေယာဉ်သစ်မှာ ပါဝင်လာမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် MiG-35 ဟာ လုံးဝကို ဘတ်ဂျတ် မတတ်နိုင်တဲ့ နိုင်ငံများအတွက် အဆင့်မြင့်စနစ်အချို့ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဈေးနှုံးချိုသာစွာ ရောင်းချနိုင်ဖို့အတွက် ထုတ်လုပ်ထားတာ မြင်သာပါတယ်။

MiG ထုတ်လုပ်ရေးဟာ ရုရှားနိုင်ငံရဲ့ Swifts aerobatic အဖွဲ့ကို MiG-35 များဖြင့် အစားထိုးဖို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထားပါတယ်။

Swifts aerobatic အဖွဲ့ဟာ ရုရှားလေတပ်ရဲ့ သရုပ်ပြမောင်းနှင်အဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့ကို ၁၉၉၁ မေလ မှာ ဖွဲ့စည်းခဲ့တာပါ။ ထိုအဖွဲ့ဟာ လက်ရှိမှာ MiG-29/20UB ၆ စင်းကို အသုံးပြုနေပါတယ်။

MiG ထုတ်လုပ်ရေးမှ ညွှန်ကြားရေးမှူး Musheg Baloyan က ရုရှား TASS သတင်းဌာနကို “ကျွန်တော်တို့ဟာ ကာကွယ်ရေးဝန်ကြီးဌာနကို MiG လေယာဉ်အသစ်တွေကို Swifts အဖွဲ့မှာ အသုံးပြုဖို့
အဆိုပြုပြီးပါပြီ။

အတည်ပြုပြီး ဖြစ်တဲ့ နိုင်ငံလက်နက် အစီအစဉ်မှာ MiG-35 တင်သွင်းမှုကို ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဝန်ကြီးဌာနက ဆုံးဖြတ်ပြီးတာနဲ့ MiG-29 တွေကို MiG-35 အသစ်တွေနဲ့ အစားထိုးပေးသွား မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် မေလထဲမှာ ရုရှား လေတပ် ဒုတိယအကြီးအကဲ Andrey Yudin က စမ်းသပ်ပျံသန်းမှုတွေ အပြီးမှာ Swifts အဖွဲ့ရဲ့ လက်ရှိ MiG-29 တွေနေရာမှာ MiG-35 တွေနဲ့ အစားထိုးပေးသွားမှာဖြစ်တယ် လို့ ပြောကြားဖူးပါတယ်။

MiG-35 လေယာဉ်ရဲ့ ပျံသန်းစစ်ဆင်မှု ကုန်ကျစရိတ်ဟာ MiG-29 ထက် ၈၀ ရာခိုင်နှုန်းလောက် သက်သာဖွယ်ရှိပြီး MiG-35 များကို အစားထိုး အသုံးပြုခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာမှာပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *