စိတ်နှင့် ထိန်းချုပ် မောင်းနှင် နိုင်မည့် နည်းပညာကို ပြသတော့မည့် မာစီဒီး ကားကုမ္ပဏီ

Innovation Tech

သိပ္ပံပညာရှင်များဟာ တခုခုကြောင့် ပျက်စီးသွားတဲ့ ဦးနှောက်ကို အစားထိုးနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ကားထုတ်လုပ်သူ မာစီးဒီး ကတော့ တနေ့မှာ ကျွန်တော်တို့ စိတ်ဖြင့် ကားကို ထိန်းချုပ်နိုင်မည့် နည်းပညာ အောင်မြင်နိုင်ရန် အတွက် လုပ်ဆောင်နေပါတယ်။

ဒီ့ထက်ပိုတာကတော့ ဒီလိုနည်းပညာအသုံးပြုဖို့ ဘာမှ အပိုတပ်ဆင်ဖို့ မလိုအပ်ဘဲ ခေါင်းနောက်မှာ ထားရှိမယ့် ကိရိယာ သေးသေးလေး တခုသာ လိုအပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီ၏ ထုတ်ပြန် ကြေငြာချက်အရ ဒီ အနာဂါတ်နည်းပညာ တစွန်းတစကို မြူးနစ်မြို့တွင် ပြုလုပ်မည့် IAA Mobility 2021 တွင် ပြသသွားမယ်လို့ သိရပါတယ်။

ကားအတွင်းပိုင်း နည်းပညာများ၏ လျှင်မြန်စွာ တိုးတက်လာတဲ့ ပြယုခ်အနေဖြင့် ယခင် analog ဒိုင်ခွက်များမှ digital ဒိုင်ခွက်များနှင့် ထိန်းချုပ်ရေးစနစ်များအဖြစ် ပြောင်းလဲလာခဲ့ပြီး လျှပ်စစ် စွမ်းအင်သုံးကားများတွင် digital စနစ်များသာ အသုံးပြုပါတော့တယ်။

အာရုံ အနှောင့်အယှက်များကို လျှော့ချနိုင်ဖို့အတွက် ထိန်းချုပ်ရေး ခလုပ်များကို ဒက်ရှ်ဘုတ်မှ တဆင့် စတီယာရင် သို့ ပြောင်းလဲ တပ်ဆင်ခဲ့ပြီး လျှပ်စစ် စွမ်းအင်သုံးကားများမှာတော့ ဒစ်ဂျစ်တယ် အကူစနစ်များမှ ထိန်းချုပ်ပေးသဖြင့် အဆိုပါ ထိန်းချုပ်ရေး ခလုပ်များ၏ ကဏ္ဍ ပြီးဆုံးသွားခဲ့ပါတယ်။

ကားဒက်ရှ်ဘုတ်သို့ ကိုယ် လုပ်ဆောင်လိုသည့် ညွှန်ကြားချက်များ ပြောဆို ခိုင်းစေနေသည့် ကိစ္စများဟာ သာမန်လို ဖြစ်လာပြီးနောက်ပိုင်းမှာ မာစီဒီး မှ ဒီလို အမိန်ပေး ညွှန်ကြားမှုတွေတောင် ပါးစပ်က လုပ်စရာမလိုအောင် ဖန်တီးနေပါပြီ။

အဲဒါကတော့ ကားမှ သင်စိတ်ထဲမှာ ညွှန်ကြားချင်နေသည့် အရာကို ဦးနှောက်လှိုင်းများကို ဖတ်ပြီး အလိုအလျှောက် လုပ်ဆောင်သွားမှာ ပဲ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်နိုင်ဖို့ကို ကုမ္ပဏီမှ brain-computer interface (BCI) ဆိုတဲ့ လူ့ဦးနှောက်နှင့် ကွန်ပျူတာကြား နားလည်နိုင်မယ့် ကိရိယာကို တီထွင်ခဲ့ပါတယ်။

electrode တွေပါဝင်တဲ့ ဒီကိရိယာဟာ ယာဉ်မောင်းသူ၏ ဦးခေါင်းနောက်မှနေပြီး တ မိနစ်ခန့် ချိန်ညှိပြီးနောက် ဦးနှောက်လှိုင်းများကို စတင် ဖတ်ရှုမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဒီ နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြသဖို့အတွက် မာစီဒီး ကုမ္ပဏီဟာ အမြင်အာရုံကို အခြေခံသည့် စိတ်နှင့် ထိန်းချုပ်မှုကို IAA Mobility expo ပြပွဲမှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ဒရှ်ဘုတ်တွင် အစက်အပြောက်များစွာကို ပြသထားမှာဖြစ်ပြီး အဲဒီ့ အစက်အပြောက်တခုချင်းစီတွင် သီးခြား လုပ်ဆောင်ချက်တွေ ရှိနေမှာ ဖြစ်ပါတယ်။

BCI ကိရိယာကို ဝတ်ဆင်ပြီးနောက်မှာတော့ ယာဉ်မောင်းဟာ အဆိုပါ အစက်အပြောက် လေးများကိုသာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

အာရုံစိုက်မှု တိုးလာသည်နှင့် အမျှ ဦးနှောက်ရှိ အာရုံကြောဆိုင်ရာ လှုပ်ရှားမှုများ မြင့်တက်လာပြီး ကိရိယာမှ မှတ်သားကာ သက်ဆိုင်ရာ လုပ်ဆောင်ချက်အတွက် အဲဒီ့ အစက်အပြောက်လေးပေါ်မှာ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို မာစီဒီး ကုမ္ပဏီ၏ မနှစ်က Las Vegas ရှိ Consumer Electronics Show (CES) တွင် ပြသခဲ့သည့် အယူအဆ ဒီဇိုင်း ကားဖြစ်တဲ့ Marcedes Vision AVTR နှင့် တွဲဖက် အသုံးပြုမှာ ဖြစ်ပါတယ်။

AVATAR ရုပ်ရှင် ဇာတ်ကားမှ ဖြစ်တည်လာတဲ့ Advanced Vehicle TRansformation (AVTR) ကား အယူအဆဟာ မာစီဒီး ကားကုမ္ပဏီ ၏ အနာဂါတ် စိတ်ကူးတခု ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ပြန်လည်အသုံးပြုနိုင်သည့် ဘက်ထရီနည်းပညာ၊ ကားအတွင်းပိုင်းအတွက် တိရိစ္ဆာန် သားရေကို မဟုတ်သည့် “vegan” သားရေတု နှင့် ပလတ်စတစ်များနေရာတွင် အော်ဂဲနစ် ပစ္စည်းများဖြင့် အစားထိုး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဗဟို ထိန်းချုပ် Console ခလုပ်

စတီယာရင်နေရာတွင် ဗဟိုထိန်းချုပ် ခလုပ်ကို တပ်ဆင်ထားပြီး လက်ကို ခလုပ်ပေါ် တင်လိုက်သည့်အခါတွင် ယာဉ်မောင်း၏ နှလုံးခုန်နှုန်းကို မှတ်သားထားပြီး စတင် လုပ်လုပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ Vision AVTR ကားနှင့် BCI နည်းပညာနှင့် အတူ “လူ၊ သဘာဝနှင့် နည်းပညာတို့ တခုနှင့် တခု စည်းချက်ညီသည့် အနာဂါတ် ယာဉ်” အဖြစ်သို့ ဦးတည်နိုင်အောင် လုပ်ဆောင်နေပါတယ်။

ဒီ နည်းပညာဟာ ဝေးကွာဦးမယ့် အနာဂါတ် ဖြစ်ပေမယ့် မဝေးတော့တဲ့ အနာဂါတ်ကားကတော့ လျှပ်စစ်စွမ်းအင်သုံး Maybach EQS ပဲ ဖြစ်ပါတယ်။

Maybach EQS

ဒီကားဟာ မာစီးဒီး၏ အမွေအနှစ်နှင့် ဇိမ်ခံပစ္စည်းများကို ပေါင်းစပ်ထားတဲ့ ကားတစီးဖြစ်ပြီး ကုမ္ပဏီ၏ လျှပ်စစ်စွမ်းအင်သုံး ကားသစ်ပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *