မကြာသေးမီ နှစ်များအတွင်း ခြေလေးချောင်းတပ် စက်ရုပ်များကို ချီတာကဲ့သို့ တိရစ္ဆာန်များမှ နမူနာယူပြီး တည်ဆောက်ခဲ့တာပါ။
အခုအခါမှာတော့ အဆိုပါ စက်ရုပ်များဟာ များစွာ ဆင့်ကဲ့ပြောင်းလဲ တိုးတက်လာပြီး ဖြစ်ပါတယ်။
စက်ရုပ်များဟာ လမ်းလျှောက်နိုင်၊ ကခုန်နိုင်၊ အတားအဆီးများကို ရှောင်ရှားနိုင်ပြီး တံခါးများကိုပင် ကိုယ်တိုင် ဖွင့်နိုင် ပိတ်နိုင်နေပါပြီ။
အားနည်းချက်ကတော့ လျှင်မြန်သည့် အမြန်နှုန်းနှင့် ပြေးလွှားခြင်း၊ မြေမျက်နှာပြင် အမျိုးမျိုးကို သွားလာခြင်းတို့ဖြစ်ပြီး ဒါဟာ စက်ရုပ်များအတွက် အနည်းငယ် ခက်ခဲနေတဲ့ အချက်များဖြစ်ပါတယ်။
မကြာသေးမီကပဲ MIT ၏ ကွန်ပျူတာသိပ္ပံ နှင့် ဥာဏ်ရည်တု ဓာတ်ခွဲခန်း (CSAIL) မှ သုတေသီများဟာ အမြန်သွားလာနိုင်တဲ့ ချီတာအသေးစား စက်ရုပ်တခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

သုတေသီများ အဖွဲ့ဟာ စက်ရုပ်ကို ခက်ခဲသည့် မြေမျက်နှာပြင်များတွင် လမ်းလျှောက်ခြင်း နှင့် လျှင်မြန်စွာ ပြေးလွှားမှုတို့ကို ကိုယ်တိုင် သိရှိ သင်ယူနိုင်သည့် စနစ်ကိုပါ ထည့်သွင်းပေးထားပါတယ်။
စက်ရုပ်များကို ပိုမိုလျှင်မြန်စွာ သွားလာနိုင်ရန်နှင့် မြေမျက်နှာပြင် အမျိုးမျိုးကို မူတည်ပြီး အမြန်နှုန်း ပြောင်းလဲပေးဖို့ဟာ တကယ်ကို ခက်ခဲတဲ့ ကိစ္စပါ။
ဒါ့အပြင် သွားလာမှုမှ စက်ရုပ်၏ မှားယွင်းမှုများကို လူသား အင်ဂျင်နီယာမှာ အမှားရှာဖွေ ပြုပြင်ရတာဟာလည်း အချိန် ကုန် ပြီး ပျင်းရိစရာ ကောင်းပါတယ်။
ထိုပြဿနာအတွက် အကောင်းမွန်ဆုံး ဖြေရှင်းနည်းကတော့ စက်ရုပ်ကို အခြေအနေတိုင်းတွင် ဆုံးဖြတ်နိုင်ဖို့ လူသား တဦး ၏ လိုအပ်မှုကို ဖယ်ရှားပြီး အမှားများကို ကိုယ်တိုင် သင်ယူနိုင်စေခြင်း ဖြစ်ပါတယ်။
ဒါဟာ စက်ရုပ်အနေဖြင့် ကြီးမားလှသည့် မြေမျက်နှာပြင်ကြီးကို အတွေ့အကြုံရှိပြီး ဖြစ်ပါက အဆင်ပြေလွယ်ကူသွားစေမှာ ဖြစ်ပါတယ်။

စက်ရုပ်ဟာ မြေမျက်နှာပြင်သစ် များနှင့် ကြုံတွေ့သည့် အခါမှာလည်း ၎င်း၏ အပြုအမူနှင့် လှုပ်ရှားမှု အားလုံးကို အလိုအလျှောက်ပြုပြင်မှာပါ။
သင်ယူမှုအတွက် အခြေခံ ချဉ်းကပ်နည်းအသစ်ဟာ စက်ရုပ်အား ထိန်းချုပ်ရန်အတွက် အာရုံကြောဆန်ဆန် ကွန်ယက်ကို အသုံးပြုပြီး တုန့်ပြန်မှုများကို လုပ်ဆောင်စေတာပါ။
ခေတ်မှီ simulation ကိရိယာများကြောင့် စက်ရုပ်ဟာ ရက် ၁၀၀ လောက် သင်ကြားရမည့် အတွေ့အကြုံကို ၃ နာရီလောက်နှင့် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
ခြေလေးချောင်းကို အသုံးပြုပြီး ကျောက်စရစ်ခဲကဲ့သို့ မတည်ငြိမ်သည့် အနေအထားများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ပြီး အတားအဆီးများနှင့် မတိုက်မိအောင် သွားလာနိုင်ပါတယ်။
စက်ရုပ်ဟာ ၎င်း၏ အပြုအမူများကို ပုံတူ ဖန်တီးထားသည့် အရာများမှ တဆင့် လေ့လာသင်ယူကာ လက်တွေ့ ကမ္ဘာတွင် အောင်မြင်စွာ အသုံးချနိုင်မှာပါ။

၎င်းဟာ တနေရာသို့ သွားရင်း လဲကျခြင်း နှင့် အခြား သွားလာမှုကို ဟန့်တားနိုင်သည့် အနှောင့်အယှက်များကို မှတ်သားနိုင်ပြီး နောက်တကြိမ် ထိုနေရာ ပြန်သွားပါက ယခင်လို မဖြစ်တော့ဘဲ ချောမွေ့စွာ သွားလာနိုင်စွမ်း ရှိပါတယ်။
ယခုလို သင်ယူမှု အခြေခံနည်းလမ်းဟာ ယခင် လူတို့ ရေးဆွဲထားသည့် နည်းလမ်းများထက် ပိုမို ကောင်းမွန်စေပြီး Mini Cheetah ၏ အမြန်နှုန်းကို စံချိန်တင်နိုင်မှာပါ။
MIT ၏ Mini Cheetah ဟာ တစက္ကန့်လျှင် ၃.၉ မီတာ (တနာရီ ၈.၇ မိုင်) နှုန်းဖြင့် လျှင်မြန်စွာ သွားလာနိုင်ပြီး ယနေ့အထိ အမြင့်ဆုံး အမြန်နှုန်းကို စံချိန်တင်ထားပါတယ်။
စက်ရုပ်ဟာ ရေခဲကဲ့သို့သော ချောမွေ့သည့် မျက်နှာပြင်မှာတောင် အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်နိုင်တယ်လို့ သိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။