ထရီလီယံ‌နဲ့ချီပြီး တန်ဖိုးရှိတဲ့ သတ္တုတွေပါဝင်တဲ့ ဂြိုဟ်သိမ်များဆီမှ သတ္တုများ ရယူမည့် အယူအဆအကြောင်း

News Science

တွက်ချက်မှု အသစ်များအရ ကမ္ဘာ့အနီးသို့ ရောက်ရှိလာမယ့် သတ္တုဓာတ်ပေါများတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား ၂ ခုအနက် ၁ ခုဟာ ခန့်မှန်းခြေ ဒေါ်လာ ၁၁.၆၅ ထရီလီယံ လောက် တန်မယ့် အဖိုးတန်တဲ့ သတ္တုတွေ ပါဝင်နေတယ်လို့ CNET ၏ သတင်းအရ သိရပါတယ်။

ဆိုလိုတာကတော့ ဒီ အာကာသ ကျောက်တုံးကြီးအတွင်းမှာ ပါဝင်တဲ့ သံ၊ နီကယ် နှင့် ကိုဗော့ ပမာဏဟာ တကမ္ဘာလုံးမှာ ရှိတဲ့ အရံ သတ္တုများထက် ပိုမို များပြားတဲ့ သဘော ဖြစ်ပါတယ်။

အဆိုပါ သတ္တုကြွယ်ဝတဲ့ ဂြိုဟ်သိမ်ကို 1986 DA လို့ ခေါ်ပြီး ၎င်းကို အခြား ဂြိုဟ်သိမ်တခုဖြစ်တဲ့ 2016 ED85 နှင့်အတူ Planetary သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှု အသစ်တခုတွင် ဒီလို သုံးသပ်မှု ပါဝင်လာတာ ဖြစ်ပါတယ်။

စာတမ်းအရ ယခု ဂြိုဟ်သိမ် ၂ လုံးဟာ အနာဂါတ်တွင် ဥက္ကာခဲများမှ သတ္တုတူးဖော်ရန် ဖြစ်နိုင်သည့် ပစ်မှတ်များ ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဂြိုဟ်သိမ်တခု သရုပ်ပြ

အနာဂါတ် အာကာသ သတ္တုတူးဖော်မှု စီမံကိန်းများဟာ ကမ္ဘာပေါ်တွင် ကြီးမားတဲ့ ချမ်းသာ ကြွယ်ဝမှုကို ယူဆောင်လာနိုင်မယ့်အပြင် အနာဂါတ် အာကာသ ကိုလိုနီများအတွက် အဖိုးတန် အရင်းအမြစ်များကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့သည့်လက အရီဇိုးနား တက္ကသိုလ်မှ သုတေသီအဖွဲ့ တဖွဲ့ဟာ အနာဂါတ် လ ပေါ်ရှိ ကိုလိုနီနယ်များမှ အရင်းအမြစ်များအတွက် သတ္တုတူးဖော်နိုင်မည့် စက်ရုပ် Rover အယူအဆတခုကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

ဒီအကြောင်းကို “လပေါ်မှ သတ္တုတွေကို စက်ရုပ်တွေလွှတ်ပြီး တူးဖော်ဖို့ သိပ္ပံပညာရှင်များ လုပ်ဆောင်နေ” ခေါင်းစဉ် ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဂြိုဟ်သိမ် ဂြိုဟ်မွှားပေါင်း များစွာဟာ အလားအလာရှိသည့် အမြတ်အစွန်း ရရှိနိုင်မယ့် ပစ်မှတ်များအဖြစ် သတ်မှတ်ပြီးသားဖြစ်ပြီး 16 Psyche ဆိုသည့် ဂြိုဟ်သိမ်ဟာ ခန့်မှန်းခြေအားဖြင့် အသားတင် အမေရိကန်ဒေါ်လာ ၇၀၀ ကွင်တီလီယံ (၇၀၀,၀၀၀ ထရီလီယံ) ခန့် တန်သည့် သတ္တုများ ပါရှိပါတယ်။

ဂြိုဟ်သိမ်တခု သရုပ်ပြ

အနာဂါတ် အာကာသ သတ္တုတူးဖော်ရေး လုပ်ငန်းများအတွက် အသိမြင်ကို ပေးနေတဲ့ Mini Psyches ခေါ် သတ္တုကြွယ်ဝတဲ့ ဂြိုဟ်သိမ်မှ ပဲ့ထွက်လာတဲ့ အပိုင်းအစများ

လေ့လာမှု အသစ်နောက်ကွယ်မှ အဖွဲ့ဟာ ဝေးလံတဲ့ ကြယ်များနှင့် ဂြိုဟ်များ၏ ဂုဏ်သတ္တိကို ဆုံးဖြတ်နိုင်ဖို့ တယ်လီစကုပ် မှန်ပြောင်းများ မှတဆင့် လျှပ်စစ်သံလိုက် ထုတ်လွှတ်မှုကို ခွဲခြမ်းစိတ်ဖြာသည့် သိပ္ပံနည်းကျ နည်းလမ်းတခုကို အခြေခံပါတယ်။

“ကျွန်တော်တို့ရဲ့ လေ့လာမှု အရ ကမ္ဘာနှင့် အနီးဆုံး ဂြိုဟ်သိမ် ၂ ခု စလုံးမှာ သံ နှင့် နီကယ် ကဲ့သို့ သတ္တု ၈၅ ရာခိုင်နှုန်း ပါဝင်ပြီး အခြေခံအားဖြင့် ကျောက်ဖြစ်နေတဲ့ ဆီလီကွန် ၁၅ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်” လို့ စာတမ်းကို ဦးဆောင်ရေးသားသူ Juan Sanchez က ရှင်းပြခဲ့ပါတယ်။

“ဒီ ဂြိုဟ်သိမ်များဟာ ကမ္ဘာပေါ်မှာ တွေ့ရတဲ့ ကျောက်နဲ့သံရောနေတဲ့ ဥက္ကာခဲများနှင့် ဆင်တူမှု ရှိတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဂြိုဟ်သိမ်တခု သရုပ်ပြ

Sanchez နှင့် သူ၏ အဖွဲ့ဟာ တိကျတဲ့ လှိုင်းဖြင့် ခွဲခြားစိတ်ဖြာမှုများ ပြုလုပ်ရန်အတွက် လက်ရှိ ကမ္ဘာနှင့် အလွန်ဝေးကွာတဲ့ နေရာမှာ ရှိနေတဲ့ 16 Psyche ဂြိုဟ်သိမ်အတွက် သဲလွန်စ ရှာဖွေနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

ဒီဂြိုဟ်သိမ်ဟာ ဒေါ်လာ ၇၀၀ ကွင်တီလီယံ လောက် တန်ဖိုး ရှိမယ့် သတ္တုတွေ ပိုင်ဆိုင်ထားတယ်လို့ ခန့်မှန်းရပေမယ့် NASA ဟာ ဒီ သံသ ယတွေ အားလုံးကို ရှင်းလင်းနိုင်စေဖို့ မစ်ရှင်တခု စေလွှတ်မှာ ဖြစ်ပါတယ်။

သုတေသီများဟာ ၎င်းတို့ လေ့လာခဲ့တဲ့ ဂြိုဟ်သိမ် ၂ လုံးကို “mini Psyches” လို့ အမည်ပေးထားပြီး ၎င်းတို့ဟာ အနာဂါတ် အာကာသ သတ္တုတူးဖော်ရေး လုပ်ငန်းများအတွက် ပစ်မှတ်ထားနိုင်တဲ့ ဂြိုဟ်သိမ် အမျိုးအစားများအဖြစ် သိမြင်စေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 6/10/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *