ကမ္ဘာကျော် မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ် Massachusetts Institute of Technology (MIT) မှ အင်ဂျင်နီယာများဟာ ဂြိုဟ်တု ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး စမ်းသပ်မှုတွေ လုပ်ဆောင်နေတာပါ။
မကြာသေးခင်ကဘဲ ၎င်းတို့ ဖန်တီးထားတဲ့ ဂြိုဟ်တုငယ် တလုံး နှင့် ကမ္ဘာအကြား အချက်အလက် ပို့ဆောင်သည့် အမြန်နှုန်းနှင့် ပတ်သက်ပြီး စံချိန်သစ်တခု တင်နိုင်ခဲ့ပါတယ်။
TeraByte InfraRed Delivery (TBIRD) လို့ခေါ်တဲ့ စနစ်ဟာ လေဆာကို အသုံးပြုပြီး data အမြန်နှုန်း 100 Gbps လောက်အထိ ပေးပို့နိုင်ခဲ့ပါတယ်။
ဒီအမြန်နှုန်းဟာ လက်ရှိ ရှိပြီးသမျှ ကောင်းကင်နှင့် မြေပြင် အကြား data ပို့ဆောင်မှု အမြန်နှုန်းများထက် များစွာ လျှင်မြန်ပါတယ်။
အီလွန်မက်စ်၏ SpaceX ကုမ္ပဏီမှ လွှတ်တင်ထားသည့် Starlink ဂြိုဟ်တုများဟာ အများဆုံး 500Mbps အမြန်နှုန်းသာ ရှိပါတယ်။

Image: Courtesy of Lincoln Laboratory
နိုင်ငံတကာ အာကာသစခန်း ISS တွင် အသုံးပြုနေသည့် အမြန်နှုန်းတောင်မှ 600Mbps သာ ရှိတဲ့ အတွက် TBIRD ဟာ အဆ ၂၀၀ လောက် ပိုမြန်နေတာကို တွေ့ရပါတယ်။
ထိုကဲ့သို့ အမြန်နှုန်းကွာခြားရတဲ့ အဓိက အကြောင်းအရင်းကတော့ မြေပြင် အခြေစိုက်စခန်းများနှင့် ဂြိုဟ်တု အများစုဟာ ရေဒီယိုလှိုင်းကို အသုံးပြု ဆက်သွယ်နေကြလို့ ဖြစ်ပါတယ်။
TBIRD ကတော့ ပိုမို လျှင်မြန်သည့် လေဆာစနစ်ကို အသုံးပြုထားသည့် အတွက် အချက်အလက် အဆပေါင်း ၁ ထောင်လိုက် အထိ သယ်ဆောင်နိုင်ပါတယ်။
သို့ပေမယ့် လေဆာများဟာ အားနည်းချက်များ ရှိပြီး အလင်းတန်းများဟာ ကျဉ်းမြောင်းသည့် အတွက် transmitter နှင့် receiver အကြား ပိုမို တိကျစွာ ချိန်ညှိဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် လေဆာ ရောင်ခြည်ဟာ လေထုထဲသို့ ဖြတ်သန်း သွားသည့် အခါ ပုံပျက်သွားပြီး data များကို ဆုံးရှုံးနိုင်သော ကြောင့် TBIRD စနစ်ဟာ ထိုအားနည်းချက်များကို ကျော်လွှားဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။
MIT က ဖန်တီးထားသည့် ဂြိုဟ်တုငယ်တွင် မြန်နှုန်းမြင့် optical modem တခု၊ အလင်းချဲ့ စနစ် (optical signal amplifier) နှင့် အချက်အလက် သိုလှောင်သည့် drive တခု ပါဝင်ပါတယ်။

Image: Courtesy of Lincoln Laboratory
အချက်အလက် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ဖို့ Automatic Repeat request (ARQ) လို့ခေါ်သည့် protocol အသစ်ကို ထည့်သွင်းထားပါတယ်။
ထို protocol ကြောင့် အချက်အလက် ထုတ်လွှင့်နေချိန် signal အဆက်ပြတ် သွားပါက နောက်ထပ် အသစ်ကို request လုပ်မည့် အစား ဆုံးရှုံးသွားသည့် data ကို ထပ်ခါ တလဲလဲ request ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။
လေဆာရောင်ခြည်ဖြင့် transmitter နှင့် receiver အကြား ချိန်ညှိရာတွင်လည်း TBIRD က အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါတယ်။
အကြောင်းကတော့ ၎င်းတွင် error-signaling စနစ်ကို တပ်ဆင်ထားပြီး ဂြိုဟ်တခု တခုလုံးကို လေဆာ လမ်းကြောင်းဖြင့် တည့်မတ်စွာ ရှိနေစေရန် ထိန်းညှိ ပေးနိုင်ပါတယ်။
TBIRD ၏ အဓိက မစ်ရှင်မှာ အချက်အလက် အမြောက်အများကို လေဆာမှ တဆင့် လျှင်မြန်စွာ ပို့ဆောင်နိုင်ဖို့ ဖြစ်ပြီး ယ ခု အခါ သုတေသီအဖွဲ့ဟာ လက်ရှိ အနေအထားထက် ၂ ဆ ပိုမြန်အောင် လုပ်ဆောင်နေပါပြီ။
အောင်မြင်သည့်အခါ 200Gbps အမြန်နှုန်းအထိ ရှိလာမှာ ဖြစ်ပြီး 2TB အရွယ်အစားရှိတဲ့ HD ဗီဒီယို ၁ ထောင်လောက်ကို ၅ မိနစ်အတွင်း မြေပြင်အခြေစိုက် စခန်းများနှင့် ပေးပို့ လက်ခံနိုင်မှာ ဖြစ်ပါတယ်။
Source: MIT
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။