သိပ္ပံ ဇာတ်လမ်းထဲကလို စက်ရုပ်တွေလို လမ်းလျှောက်နိုင်မယ့် ရွေ့လျားအိမ် အယူအဆ ဒီဇိုင်းသစ်

News Tech

စက်ရုပ် တကောင်လို လမ်းလျှောက်နိုင်ပြီး တောထဲတောင်ထဲ အထိ ရွေ့လျားနိုင်မယ့် ရွေ့လျားအိမ်တလုံးကို စိတ်ကူးကြည့်ရင် သိပ္ပံကားထဲမှာပဲ ရှိမှာပါကွာ ဆိုပြီး တွေးမိမှာပါ။

အခုတော့ လက်တွေ့ ဘဝကို ယူဆောင်လာနိုင်ဖို့ နည်းပညာတွေက နီးစပ်နေပါပြီ။

ကပ်ရောဂါကြောင့် လူတွေဟာ မြို့ပြဧရိယာတွေကနေ ကင်းကွာလိုပြီး ဝေးလံခေါင်သီတဲ့နေရာတွေမှာ နေထိုင်နိုင်ဖို့အတွက် ရွေ့လျားအိမ်တွေဟာ အနာဂါတ် အိပ်မက်တခုလိုပါပဲ။

Photo: Courtesy of Encho Enchev/Artstation

ယခုကာလအတွင်း ကမ္ဘာတဝှမ်းရှိ အလုပ်နှင့် ခရီးသွားခြင်းဆိုင်ရာ အယူအဆများဟာ များစွာ ပြောင်းလဲလာခဲ့ပြီး ဖြစ်ကာ လူအများဟာ အိမ်မှ သို့မဟုတ် အခြား ဝေးလံခေါင်သီသည့် နေရာများတွင် လုပ်ကိုင်နိုင်မယ့် အလုပ်အကိုင်များကို ပိုမို မှီခိုလာကြပါတယ်။

ခရီးသွားလာမှု ကန့်သတ်ချက်များ ပိုမို မြင့်တက်လာမှုကြောင့် ခပ်ခွာခွာနေရမည့် စည်းကမ်းများကို လိုက်နာရမည့်အပြင် ကမ္ဘာ့လူဦးရေ အများစုဟာ ၎င်းတို့ နေအိမ်များအတွင်းမှာ ပိတ်မိနေကြပါတယ်။

Photo: Courtesy of Encho Enchev/Artstation

ဒါကို ပညာသား ပါပါဖြင့် ဖြေရှင်းနည်းများ ရရှိနိုင်ရန် ကမ္ဘာ့အနှံ့ရှိ ဒီဇိုင်နာများဟာ ၎င်းတို့၏ အိမ်များနှင့် အလုပ်ခွင်များကို ရွေ့လျားနိုင်သည့် ဗားရှင်းအဖြစ် သရုပ်ဖော်လိုကြပါတယ်။

Encho Enchev လို့ အမည်ရတဲ့ ဘူဂေးရီးယားနိုင်ငံသား 3D ဒီဇိုင်းသမား တစ်ယောက်ဟာ ခြေထောက် ၆ ချောင်းပါဝင်ပြီး မြေမျက်နှာပြင် မျိုးစုံကို သွားလာနိုင်ကာ အလိုရှိသည့်နေရာတွင် စခန်းချနိုင်သည့် ရွေ့လျားအိမ် ဒီဇိုင်းကို ပြသလိုက်ပါတယ်။

Photo: Courtesy of Encho Enchev/Artstation

Enchev အဆိုအရ ဒီလို ဒီဇိုင်းရရှိလာတဲ့ စိတ်ကူးကတော့ ဝေးလံတဲ့ နေရာမှု အလုပ်လုပ်လိုသူ များပြားလာမှုနှင့် သူရဲ့ တောတောင် ရေကန်တွေကို ချစ်မြတ်နိုးတဲ့ စိတ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ လူတော်တော်များများ မြို့ကြီးများကို စွန့်ခွာပြီး သဘာဝအတိုင်း လူဦးရေ ကျဲပါးသည့် နေရာများသို့ သွားရန် ဆန္ဒရှိကြပေမယ့် နေ အိမ်များဟာ သက်တောင့်သက်သာ မရှိဘဲ ကြမ်းတမ်းသည့် မြေမျက်နှာပြင်များတွင် သွားလာရခက်ခဲသည့် ပြသနာတွေကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

Photo: Courtesy of Encho Enchev/Artstation

သူ့အယူအဆကတော့ ဒီလို ပြသနာတွေကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်း၏ ရွေ့လျားအိမ်ကို ဒီဇိုင်းဆွဲရာတွင် အလုပ်လုပ်နိုင်မှု အပိုင်းနှင့် လက်တွေ့ အပိုင်းများဟာ အရေးအကြီးဆုံး ဖြစ်ပြီး အလေးချိန်နှင့် စွမ်းအင် ကဲ့သို့ အခြား အရေးကြီးသည့် ကိစ္စရပ်များကိုလည်း မှီခိုအားထားခဲ့ပါတယ်။

Photo: Courtesy of Encho Enchev/Artstation

ရွေ့လျားအိမ်ကို လျှပ်စစ်မော်တာများဖြင့် စွမ်းအင် ပေးသွားမှာ ဖြစ်ပေမယ့် စက်ပိုင်းဆိုင်ရာ ပြသနာများ ရှိသည့်အခါတွင် ဒီဇယ်စွမ်းအင်သုံး အရန် မီးစက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်းကို စတုရမ်းဆန်ဆန် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ခြေထောက် ၆ ချောင်းအထိ ပါဝင်ကာ ပုံစံမှာ အနာဂါတ် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားထဲက ပုံစံမျိုးပါ။

ရွေ့လျားအိမ်ဟာ မတ်စောက်သည့် တောင်ကုန်းများနှင့် တောင်ကြားများ အပါအဝင် မည်သည့် မြေမျက်နှာပြင်မဆို သွားလာနိုင်ရန် မချော်ထွက်နိုင်တဲ့ ၂ လက်မ အထူရှိ ရာဘာ အလွှာ နှင့် ဆူးချွန် ၂ ချောင်းစီကို ခြေထောက်များတွင် တပ်ဆင်ထားပါတယ်။

Photo: Courtesy of Encho Enchev/Artstation

ဒါ့အပြင် အိမ်ကို မြေပေါ်မှ မြှောက်ထားပြီးဖြစ်စေ အောက်သို့ ချထားပြီး ဖြစ်စေ ခြေထောက်များမှ အနေအထားအမျိုးမျိုးဖြင့် ရပ်နား ထားနိုင်မှာ ဖြစ်ပါတယ်။

အတွင်းပိုင်း ဒီဇိုင်းကတော့ အနာဂါတ် ဗိသုကာ အမြင်ဖြင့် ဖန်တီးထားသည့် နည်းပညာမြင့် အစိတ်အပိုင်းများ ပါဝင်ပါတယ်။

ပြူတင်းပေါက်များဟာ နေရောင်ခြည်ကို တားဆီးထားနိုင်သည့် စမတ် မှန် နည်းပညာအသုံးပြုထားသည့် မှန်များကို တပ်ဆင်ထားပါတယ်။

Photo: Courtesy of Encho Enchev/Artstation

Enchev ဟာ ၎င်း၏ ဒီဇိုင်းတွင် အလိုအလျှောက် လုပ်ဆောင်နိုင်သည့် ပရိဘောဂများနှင့် စမတ်နည်းပညာသုံး ကိရိယာများကိုလည်း အသုံး ပြု ထားပါတယ်။

၎င်း၏ ပေါင်းစပ်သိုလှောင်ရာ နေရာ၊ ရေလှောင်ကန်များနှင့် ပါဝါဆဲလ်များဖြင့် ရွေ့လျားအိမ်ဟာ နေထိုင်သူများကို သက်တောင့် သက်သာ နေထိုင်နိုင်စေမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒီလို ဒီဇိုင်းဟာ အယူအဆ တခုသာ ဖြစ်နေသေးပေမယ့် Enchev ၏ ဒီဇိုင်းဟာ အနာဂါတ်အတွက် စံနှုန်းတခု ဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *