အမေရိကန် စစ်တပ်ဟာ စွမ်းအင် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရွေ့လျား အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို တွေတည်ဆောက်ဖို့ စီစဥ်နေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ် က အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန (DOD) ဟာ အိုင်ဒါဟို အမျိုးသား ဓာတ်ခွဲခန်းတွင် ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း နှင့် သရုပ်ပြခြင်း တို့အတွက် သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုဆိုင်ရာ ကြေညာချက် မူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
ရှေ့ပြေး နျူကလီးယား ဓာတ်ပေါင်းဖိုကို စွမ်းအင် အပြည့်နဲ့ လည်ပတ်ဖို့ အနည်းဆုံးသုံးနှစ် အချိန်ယူပြီး ၁ မဂ္ဂါဝပ် မှ ၅၀ မဂ္ဂါဝပ် အထိ ထုတ် ပေးနိုင်ရန်အတွက် ဒီဇိုင်းဆွဲရမှာ ဖြစ်ပါတယ်။
လက်ရှိတွင် ဋ္ဌာနဟာ တစ်နှစ်လျှင် ခန့်မှန်းခြေ တစ်နာရီကို ၃၀ ထရီလီယံဝပ် လျှပ်စစ်ဓာတ်အားကို သုံးစွဲနေပြီး တစ်ရက်ကို ဂါလံ ၁၀ သန်း ထက်ပိုတဲ့ ရုပ်ကြွင်းလောင်စာကို သုံးစွဲနေတာဘဲ ဖြစ်ပါတယ်။
non-tactical vehicle (NTV) အုပ်စု ရဲ့ လျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက် နှင့် အနာဂတ် အင်အားကောင်းသည့် စွမ်းရည်များ တိုး တက်မှုတို့ကြောင့် လာမည့် နှစ်အနည်းငယ် အတွင်း ကြီးမားတဲ့ စွမ်းအင်သုံးစွဲမှုကို သိသိသာသာ တိုးလာလိမ့် မည်ဟု မျှော်လင့်ရပါတယ်။

အိုင်ဒါဟိုအမျိုးသားဓာတ်ခွဲခန်းဟာ နျူကလီးယားဓာတ်ပေါင်းဖိုများကို အကြမ်းအားဖြင့် ၁မဂ္ဂါဝပ် မှ ၅၀ မဂ္ဂါဝပ်အထိ ထုတ် လုပ်နိုင်ပြီး လျှပ်စစ် ဓာတ်အားလိုင်း များမှ လွတ်လပ်စွာ လည်ပတ် စေနိုင်တယ် ဟုဆိုပါတယ်။
ဗာဂျီးနီးယားပြည်နယ် မှ BWXT Advance Technologies နှင့် မေရီလန်းပြည်နယ် မှ X-energy စတဲ့ ကုမ္ပဏီနှစ်ခုဟာ Project Pele ဟုခေါ်တဲ့ ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို ပဏာမ ရှေ့ပြေးပုံစံအတွက် ဒီဇိုင်းများကို တီထွင် ဖန်တီးကာ ယှဉ်ပြိုင် ခဲ့ကြပါတယ်။
အမေရိကန်တို့ဟာ ML-1 လို့ခေါ်တဲ့ ထရပ်ကားဖြင့် တင်ဆောင်နိုင်တဲ့ ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို ကို ၁၉၆၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ပထမဆုံး စတင် စမ်းသပ်ဖူးပေမယ့် အဲဒီ့အချိန်က အကြောင်း အမျိုးမျိုးကြောင့် ရပ်နားခဲ့တာ ဖြစ်ပါတယ်။
လုံခြုံ သေးငယ်ပြီး သယ်ယူပို့ဆောင်လို့ရတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုဟာ ဝေးလံခေါင်သီတဲ့ ပတ်ဝန်းကျင်ရှိ အရေးပါသော လုပ်ငန်းတွေအတွက် လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု အနေဖြင့် ဖြေရှင်းနိုင်ပါလိမ့်မယ်။
လျင်မြန်သော သယ်ယူပို့ဆောင်ရေး နှင့် အသုံးပြုနိုင်ဖို့အတွက် ၎င်းကို ပို့ဆောင်ပြီး သုံးရက်အတွင်း လည်ပတ်နိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားပြီး ခုနစ်ရက်အတွင်း လုံခြုံစွာ ဖယ်ရှားနိုင်ရန် တီထွင်ထားပါတယ်။

Project Pele ဟာ စတုတ္ထမျိုးဆက် နျူကလီးယား ဓာတ်ပေါင်းဖိုဖြစ်ပြီး ဝေးလံခေါင်သီသော နေရာများ နှင့် ဝေးလံသောပတ်ဝန်းကျင်များမှာတောင် အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။
ရှေ့ပြေးပုံစံ တည်ဆောက်ပြီးတာ နဲ့ ၎င်းဟာ စီးပွားဖြစ်အသုံးပြုဖို့ လမ်းကြောင်းတစ်ခု အဖြစ် ဆောင်ရွက် နိုင်ပါလိမ့်မယ်။
ရွေးချယ်ပြီးစီး
ဒီလို ကြမ်းတမ်းသည့် နယ်မြေများတွင် ပြုလုပ်မည့် စစ်ဆင်ရေးများအတွက် စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ BWXT Advanced Technologies ၏ ရွေးလျား နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်းကို ပင်တဂွန်မှ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
Project Pele အတွက် ရှေ့ပြေးပုံစံကို ထုတ်လုပ်နိုင်ဖို့ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က BWXT ကို ရွေးချယ်ခဲ့ပြီး ဒေါ်လာ သန်း ၃၀၀ လောက် တန်ကြေးရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
စာချုပ်အရ ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ၎င်း၏ အပြည့်အဝ တည်ဆောက်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြီးစီးအောင် လုပ်ဆောင်ပြီး လွှဲပြောင်းပေးရမှာပါ။

လက်ရှိ ဌာနဟာ Project Pele ၏ ရှေ့ပြေးပုံစံ ဓာတ်ပေါင်းဖို တခုသာ မှာယူထားပြီး နောက်ထပ် ဝယ်ယူဖို့တော့ ဘာမှ မလုပ်ဆောင်ရသေးပါဘူး။
BWXT ဟာ ယခုလို ရွေးချယ်ခံရမှုကြောင့် ရွေ့လျား အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို၏ ရှေ့ပြေး ပုံစံကို ဦးဆောင် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ Northrop Grumman၊ Aerojet Rocketdyne၊ Rolls-Royce နှင့် Torch Technologies ကဲ့သို့ ကုမ္ပဏီကြီးများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ BWXT ၏ ရှေ့ပြေးပုံစံဟာ အနာဂါတ်အတွက် သင့်တော်ပါက အသေးစား ရွေ့လျား နျူကလီးယား ဓာတ်ပေါင်း ဖိုတွေကို ကျယ်ကျယ်ပြန့်ပြန့် မြင်လာရမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။