Northrop က ပြသလိုက်တဲ့ loyal wingman မောင်းသူမဲ့လေယာဉ် အယူအဆ ဒီဇိုင်းသစ်

Military News

“Loyal wingman” လို့ခေါ်တဲ့ ဂျက်တိုက်လေယာဉ်များနှင့် တွဲဖက် စစ်ဆင်နိုင်သည့် ဒရုန်းများဟာ စစ်တပ်လေကြောင်း ပျံသန်းမှု နယ်ပယ်တွင် အလားအလာ အရှိဆုံး ခေတ်ပြောင်း စီမံကိန်းများထဲမှ တခုဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒီလို ဒရုန်းတွေကို Boeing အပါအဝင် အခြား ထုတ်လုပ်သူ တော်တော်များများ ထုတ်လုပ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

မကြာသေးမီက Scaled Composites ကုမ္ပဏီဟာ ၎င်း၏ မိခင် ကုမ္ပဏီဖြစ်သည့် Northrop Grumman နှင့် အတူ အဆိုပါ ဒရုန်းအမျိုးအစားသစ် တခုကို ပြသခဲ့ပါတယ်။

Model 437 လို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ် (UAV) ကို အမေရိကန် လေတပ်၏ Skyborg စီမံကိန်းနှင့် အခြား နိုင်ငံတကာ loyal wingman စီမံကိန်းများအတွက် ရည်ရွယ်ပြီး ကုမ္ပဏီမှ ပြသခဲ့တာ ဖြစ်ပါတယ်။

Model 401

၎င်းကို လူလိုက်ပါ မောင်းနှင်သည့် လေယာဉ်များနှင့် ကွန်ယက် ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ထား သည့် “loyal wingman” ဒရုန်းစနစ်အဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။

Model 437 ဟာ ယခင်က ထုတ်လုပ်ခဲ့တဲ့ ရေဒါပျောက်စွမ်းအင်ရှိ Model 401 မှ ဆင်းသက်လာတာဖြစ်ပြီး ထုတ်လုပ်ရာတွင် ကုန်ကျ စ ရိတ် သက်သာစေတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

ယခု မျိုးကွဲ အသစ်ကတော့ ယခင် မျိုးကွဲ ထက် ပိုမို ကြီးမားပြီးတော့ လောင်စာဆီ နှင့် ဝန် ပိုမို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Model 401 ဟာ မောင်းသူမဲ့မဟုတ်ပေမယ့် ၁၄ လ လောက်အတွင်းမှာ တည်ဆောက်နိုင်ပြီး စမ်းသပ်ပျံသန်း နိုင်ကာ Model 437 အယူအဆအထိ ထုတ်လုပ်နိုင်မယ့်အတွက် Model 401 ကို မောင်းသူမဲ့ မျိုးကွဲအဖြစ် ထုတ်လုပ်ဖို့ Northrop မှ အဆိုပြုထားပါတယ်။

ယခင် မျိုးကွဲ Model 401 ကို “Son of Ares” လို့ခေါ်ပြီး လေယာဉ်မှူးများအတွက် ရွေးချယ်စရာတခုအဖြစ် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မူလ လေယာဉ်တွင် Pritt & Whitney Canada JT15D-5D အင်ဂျင်ကို အသုံးပြုထားပြီး အသံအလျှင်၏ ၀.၆ (တနာရီလျှင် ၇၄၀ ကီလို မီတာ) အမြန်နှုန်းဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

တောင်ပံအကျယ် ၃၈ ပေနှင့် အရှည် ၃၈ ပေ ရှိပြီး လောင်စာဆီ ၉၀၇ ကီလိုဂရမ်လောက် တင်ဆောင်နိုင်ကာ အမြင့်ဆုံး အလေးချိန် ၃,၆၃၀ ကီလိုဂရမ်ဖြင့် ပျံတက်နိုင်ပြီး လေထဲတွင် ၃ နာရီခန့် မရပ်မနား ပျံသန်း တာဝန် ထမ်းဆောင်နိုင်ပါတယ်။

Model 401 ကဲ့သို့ Model 437 တွင် လေဝင်ပေါက် air intake ကို အပေါ်တွင် တပ်ဆင်ထားပြီး Williams FJ44 turbofan အင်ဂျင်ကို တပ်ဆင်ထားကာ ရေဒါပျောက်နည်းပညာပါ ပါဝင်မှာ ဖြစ်ပါတယ်။

Model 437 ၏ ကိုယ်ထည်ကတော့ လုံးဝကို ဒီဇိုင်းအသစ် ဖြစ်လာမှာဖြစ်ပြီး ပိုမိုမြန်ဆန်မှုနှင့် ထို အမြန်နှုန်းမှာ ပိုမို ထိရောက်စွာ လှုပ်ရှားနိုင်အောင် တောင်ပံများကိုလည်း ပိုမို ကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။

လောင်စာဆီ ၁,၈၁၄ ကီလိုဂရမ် တင်ဆောင်တဲ့အခါမှာ စစ်ဆင်နိုင်သည့် အကွာအဝေးဟာ ၅,၅၅၆ ကီလိုမီတာအထိ ရှိလာမှာဖြစ်ပြီး Aviation Week ဝက်ဘ်ဆိုက်ဒ်၏ အဆိုအရ အသံအလျှင်၏ ၀.၈ (တနာရီလျှင် ၉၈၈ ကီလိုမီတာ) အမြန်နှုန်းဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Model 401 Credits: MDx media

ဒရုန်း၏အတွင်းတွင် လက်နက်အလေးချိန် ၄၅၃ ကီလိုဂရမ် (ပေါင် ၁၀၀၀) သို့မဟုတ် အခြား စနစ်များ သိုလှောင်နိုင်ရန်အတွက် နေရာ ပါရှိပါတယ်။

လေယာဉ်သစ် Model 437 ပျံတက်နိုင်ရန်အတွက် အရှည် ၉၁၄ မီတာ နှင့် အကျယ် ၁၅ မီတာ ကျယ်တဲ့ ပြေးလမ်း သို့မဟုတ် အဖြောင့်အတိုင်းရှိတဲ့ ကားလမ်း သာ လိုအပ်ပါတယ်။

Northrop မှ Model 437 တွင် အဆင်းဘီးများ၊ တောင်ပံများကို ဖြုတ်နိုင်တပ်နိုင်သည့် စနစ်တပ်ဆင်ထားပြီး လိုအပ်ပါက ဒရုန်း အဖြစ် မှ ဒုံးကျည်အဖြစ်သို့ ကူးပြောင်းကာ ၎င်းနှင့် တွဲဖက် မောင်းနှင်မည့် လူထိန်းချုပ်သည့် တိုက်လေယာဉ်အတွက် လုပ်ဆောင်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။

သတင်းများအရ Model 437 အတွက် အဓိက မျှော်မှန်းချက်မှာ ဂျက်တိုက်လေယာဉ်များ အပါအဝင် လူမောင်းနှင်သည့် လေယာဉ်များနှင့် အတူ semi-autonomous loyal wingman (တစိတ်တပိုင်း အလိုအလျှောက်စနစ်ဖြင့် အလုပ်လုပ်) ဒရုန်းအဖြစ် အလုပ်လုပ်နိုင်ရန် ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *