ပြောင်းလဲလာသည့် မရှိမဖြစ် ခေတ်သစ် စစ်လက်နက်နှင့် နည်းပညာများ

Knowledge Military

ခေတ်တွေပြောင်းလဲလာသည်နှင့် အမျှ စစ်ပွဲဆိုင်ရာ အယူအဆများဟာလည်း ပြောင်းလဲလာပြီး အသုံးပြုသည့် စစ်လက် နက်နှင့် နည်းပညာများဟာလည်း ပြောင်းလဲလာပါတယ်။

အခုတော့ ယနေ့ခေတ်သစ် စစ်ပွဲများကို ပုံဖော်ပေးသည့် စစ်လက်နက်နှင့် နည်းပညာများ ကို ဖော်ပြပေးလိုက်ပါတယ်။

ဒရုန်းများ

တိုက်ခိုက်ရေး ဒရုန်း သို့မဟုတ် မောင်းသူမဲ့လေယာဉ်များဟာ ခေတ်သစ် စစ်ပွဲများတွင် မပါမဖြစ် အရာများ ဖြစ်လာပါတယ်။

၎င်းတို့ဟာ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာအထိ လေယာဉ်မှူးများ စွန့်စားစရာ မလိုဘဲ သွားရောက် တိုက်ခိုက် နိုင်သလို တာတိုသွား တခါသုံး Loitering လက်နက်လို့ ခေါ်တဲ့ ဒရုန်းတွေဟာလည်း ယနေ့ခေတ်မှာ ကျယ်ကျယ် ပြန့်ပြန့် သုံးလာပြီ ဖြစ်ပါတယ်။

ခေတ်သစ် ဒရုန်းများ၏ အကြီးစား စစ်ပွဲများတွင် အရေးပါမှုကို အဇာဘိုင်ဂျန်-အာမေးနီးယား နှင့် ယူကရိန်း-ရုရှား စစ်ပွဲများတွင် သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

Fly-by-wire နည်းပညာ

တိုက်လေယာဉ်တွေကို တခေတ်ဆန်းစေခဲ့တာ Fly-by-wire နည်းပညာလည်း ပါဝင်ပါတယ်။

ဒီနည်းပညာဟာ လူကိုယ်တိုင် အရာရာကို ထိန်းချုပ် မောင်းနှင်ရခြင်းကို ကျော်လွှားနိုင်ပြီး ကွန်ပျူတာစနစ်ဖြင့် လေယာဉ်အား တည်ငြိမ်စေရန် ထိန်းချုပ် မောင်းနှင် နိုင်စေပါတယ်။

Fly-by-wire နည်းပညာကြောင့် F-117၊ B-2 စသည့် လေကြောင်း နည်းပညာအရ လူမှ ထိန်းချုပ် ပျံသန်းရန် မဖြစ်နိုင်သည့် မတည်ငြိမ်သည့် လေယာဉ် ဒီဇိုင်းများကို အသုံးချနိုင်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။

ရေငုပ်သင်္ဘောများ

၁၈၆၁ ခုနှစ်မှ ၁၈၆၅ ခုနှစ် အတွင်း အမေရိကန် ပြည်တွင်းစစ်တွင် ရေငုပ်သင်္ဘောဖြင့် အောင်မြင်စွာ ပထမဆုံး တိုက်ခိုက် နိုင်ခဲ့ပြီး ယနေ့ ရေငုပ်သင်္ဘောများဟာ ဒုံးကျည်များကို သယ်ဆောင်နိုင်နေပါပြီ။

ရေငုပ်သင်္ဘောမှ ဒုံးပစ်လွှတ်ပြွန်များ

ရေငုပ်သင်္ဘောများ ခေတ်မကုန်ရသေးတဲ့ အဓိက အကြောင်းအရင်းကတော့ ၎င်းတို့ဟာ မမြင်ရသည့် နေရာ တနေရာမှာ ငုပ် ရှိုးကာ ကမ္ဘာအနှံ့ သွားလာနေနိုင်ပြီး နျူးကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များဖြင့် နိုင်ငံတိုင်းကို ခြိမ်းခြောက်နိုင်နေဆဲ ဖြစ်လို့ပါ။

ခရုဇ် ဒုံးကျည်များ

ခရုဇ်ဒုံးကျည်များဟာ မြေပြင်နှင့် နီးကပ်စွာ ပျံသန်းနိုင်တဲ့အတွက် ရေဒါမှ မြင်နိုင်ရန် ခက်ခဲပြီး ကြားဖျက်ဖို့ မလွယ်ကူပါဘူး။

ပထမဆုံး တိုမဟော့ ဂျက်အင်ဂျင်တပ်ဆင်ထားသည့် ဒုံးကျည်ကို ၁၉၉၁ ခုနှစ် ကန္တာရ မုန်တိုင်း စစ်ဆင်ရေးတွင် ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၎င်းဟာ လေယာဉ်ကဲ့သို့ ပျံသန်းနိုင်ပြီး GPS စနစ်များကို အသုံးပြုကာ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်ပြီး တနာရီလျှင် မိုင် ၅၅၀ လောက် ဖြင့် ပျံသန်းနိုင်ပါတယ်။

ရေဒါပျောက် လေယာဉ်များ

F-117 တွင် ရေဒါပျောက် လေယာဉ်များ၏ အသုံးဝင်မှုကို တွေ့မြင်ခဲ့ရပြီး အားနည်းချက်များကို ပြင်ဆင်နိုင်ကာ F-22၊ B-2 နှင့် F-35 ကဲ့သို့ ရေဒါပျောက်နိုင်သည့် လေယာဉ်များ ပေါ်ထွက်လာပါတယ်။

၎င်းတို့ဟာ ရေဒါမြင်ကွင်းကို လျှော့ချပေးရုံသာမက၊ အနီအောက်ရောင်ခြည် ထုတ်လွှတ်မှုများ (အပူ)၊ သာမန် မျက်လုံးဖြင့် မြင်ရနိုင်မှုများကိုပါ လျှော့ချထားတာပါ။

ရေဒါပျောက် လေယာဉ်များ၏ အဓိက ရည်ရွယ်ချက်ကတော့ ရန်သူ၏ ရေဒါတွေ မပေါ်ခင် မဖမ်းမိခင် ပစ်မှတ် များအား ချေမှုန်းရေး ဖြစ်ပါတယ်။

အာကာသ လက်နက်များ

ဂြိုဟ်တုဖျက် လက်နက်များဟာ မြင်သာသည့် အာကာသ လက်နက်များဖြစ်ပြီး စစ်အေးကာလအတွင်း ဆိုဗီယက်နှင့် အမေရိကန်တို့ဟာ ဂြိုဟ်တုဖျက် လက်နက်များကိုလည်း ဖန်တီးခဲ့ပါတယ်။

အိန္ဒိယနှင့် တရုတ်တို့တွင်လည်း လက်ရှိတွင် ဂြိုဟ်တုဖျက် ဒုံးကျည်များကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ပိုင်းတွင် အာကာသတွင်း မိုက်ခရိုဝေ့ဖ်ဖြင့် တိုက်ခိုက်ရေး စနစ်များ၊ ဂြိုဟ်တုဆက်သွယ်ရေး ဖိဖျက်စနစ်များ ကိုပါ နိုင်ငံကြီးများက ဖန်တီးလာကြပြီး အာကာသ စစ်ပွဲများအတွက် အာကာသ တပ်ဖွဲ့များပင် ရှိနေကြပြီ ဖြစ်ပါတယ်။

နျူကလီးယားလက်နက်

နျူကလီးယား လက်နက်များဟာ လူသားတို့ ဖန်တီးသမျှတွင် ဖျက်အား အကြီးဆုံး လက်နက်ဖြစ်ပြီး နိုင်ငံတိုင်း ပိုင်ဆိုင်လိုကြပါတယ်။

၁၉၄၅ ခုနှစ် ဩဂုတ်လ အတွင်း ဂျပန်နိုင်ငံ နာကာဆာကီနှင့် ဟီရိုရှီးမားတွင် ကြဲချခဲ့သည့် နျူကလီးယားလက်နက်များဟာ ဒုတိယ ကမ္ဘာစစ်ကြီးကို ပြီးဆုံးသွားလောက်အောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ယနေ့ခေတ် နျူကလီးယား လက်နက်များဟာ ထိုစဉ်က လက်နက်များထက် အဆပေါင်း များစွာ ပြင်းထန်ကာ ပဲ့ထိန်း ဒုံး ကျည်များ၊ ရေငုပ်သင်္ဘောများ နှင့် ရေဒါပျောက်လေယာဉ်များမှ တဆင့် ပစ်လွှတ်နိုင်နေပါပြီ။

ပဲ့ထိန်း Ballistic ဒုံးကျည်များနှင့် ဟိုက်ပါဆိုးနစ် လက်နက်များ

V2 ဒုံးပျံမှသည့် ပဲ့ထိန်းဒုံးကျည်များဟာ အဆင့်ဆင့် တိုးတက်လာကာ ကီလိုမီတာ သောင်းချီအထိ ပစ်လွှတ်နိုင်သည့် တိုက်ချင်းပစ် ဒုံးပျံ ICBM များအထိ တီထွင်ဖန်တီးလာနိုင်ပါပြီ။

ခေတ်သစ်စစ်ပွဲများတွင် ပဲ့ထိန်းဒုံးကျည်များဟာ မဟာဗျူဟာ အရ အရေးပါပြီး နျူကလီးယား ထိပ်ဖူးပေါင်း များစွာကို တခါထဲ ထည့်သွင်း ပစ်လွှတ်နိုင်နေပါပြီ။

နောက်ပိုင်းတွင် ခြေရာကောက်ရန် လွယ်ကူသည့် စက်ဝန်းပုံ လမ်းကြောင်းရှိသည့် ပဲ့ထိန်းဒုံးများအစား လမ်းကြောင်းများ ပြောင်းလဲနိုင်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များပါ ရှိလာနေပါပြီ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.