General Atomics Aeronautical Systems (GA-ASI) ဟာ နောက်ထပ် ခေတ်တခေတ် ပြောင်းစေမယ့် Mojave လို့ခေါ်တဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ကို ပြသလိုက်ပါတယ်။
ဒီလေယာဉ်ရဲ့ နာမည်ကို နာမည်ကျော် ခလောက်မြွေနှင့် horned lizard ပုတ်သင်များ ကျက်စားရာ ကမ္ဘာပေါ်တွင် သဘာဝ အပြင်းထန်ဆုံး နှင့် အကြမ်းဆုံး ဒေသများထဲက တခုကို အစွဲပြုပြီး ခေါ်ဝေါ် ထားတာ ဖြစ်ပါတယ်။
Mojave မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်၏ ပျံသန်းထိန်းချုပ်မှုစနစ်နှင့် အီလက်ထရောနစ် စနစ်များဟာ MQ-9 Reaper နှင့် MQ-1C Grey Eagle-ER မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်များကို အခြေခံထားပေမယ့် ၎င်းကို ပြေးလမ်းတိုတွင် တက်နိုင်ဆင်းနိုင်အောင်နှင့် လက်နက်များ ပိုမို သယ်ဆောင်နိုင်အောင် အဆင့်မြှင့်ထားတာပါ။
လေယာဉ်တွင် ယခင်ထက် ပိုမို ကြီးမားတဲ့ အတောင်ပံ နှင့် မြင်းကောင်ရေ ၄၅၀ ရှိတဲ့ turboprop အင်ဂျင်ကို တပ်ဆင်ထားပါတယ်။
အဆိုပါလေယာဉ်သစ်အတွက် လေယာဉ် ပုံမှန် ပြေးလမ်း သို့မဟုတ် လေဆိပ် အခြေခံ အဆောက်အဦးများ မလိုအပ်ဘဲ ရှေ့တန်းနေရာ မြေပြင်များမှာ အတက်အဆင်း လုပ်ကာ တာဝန် ထမ်းဆောင်သွားနိုင်တယ်လို့ သိရပါတယ်။

၎င်းဟာ လူမောင်းနှင်သည့် လေယာဉ်ထက် ပိုမို ကြာရှည်စွာ ပျံသန်းနိုင်ပြီး ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်စွမ်း ရှိသည့် အားသာချက်များ ရှိပါတယ်။
Mojave တွင် Dillon Aero M134D-H စက်ကလေးတလက်ကို တပ်ဆင်ထားပြီး ယခင်နှင့် မတူ တမူထူးခြားတာကတော့ AGM-114 Hellfire ဒုံးကျည် အလုံးရေ ၁၆ လုံးအထိ တင်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ လိုအပ်ပါက အလေးချိန် ပေါင်ချိန် ၃,၆၀၀ အထိ သယ်ဆောင် စစ်ဆင်နိုင်သည့်အတွက် Grey Eagle MQ-1C ထက် သယ် ဆောင်နိုင်စွမ်း ၂ ဆ ပိုပါတယ်။
၎င်းတွင် JTAC ရီမုတ်ပစ်မှတ်ရှာစနစ်နှင့် အလိုအလျှောက် ပျံတက်နိုင်၊ ဆင်းသက်နိုင်သည့် စနစ်များကိုလည်း တပ်ဆင်ထားပါသေးတယ်။
မြင်သာတဲ့ တိုးတက်မှုများကတော့ စိတ်ချရပြီး စစ်မြေပြင် သက်သေပြပြီးဖြစ်တဲ့ Rolls-Royce M250 အင်ဂျင်သစ်၊ ကြည်လင်ပြတ်သားစွာ ပုံဖော်ပေးနိုင်တဲ့ အီလက်ထရွန်းနစ် အနီအောက်ရောင်ခြည် အာရုံခံကိရိယာ၊ Eagle Eye တာဝေးရေဒါ တို့အပြင် အခြားအရာများလည်း ပါဝင်ပါသေးတယ်။

အခြား ဝန်များကိုတင်ဆောင်မထားဘဲ ကင်းထောက်ခြင်း၊ ထောက်လှမ်းခြင်း နှင့် စောင့်ကြည့်ခြင်း စစ်ဆင်ရေးများအတွက် ပျံသန်းမှုကို ၂၄ နာရီ ထက်ပိုပြီး မရပ်မနား ပြုလုပ်နိုင်ပါတယ်။
ဒါ့ကြောင့် Mojave ဟာ အဆိုပါ စစ်ဆင်ရေးများအတွက် မည်သည့် turboprop အင်ဂျင်တပ် အမျိုးအစား လူမောင်းနှင့်သည့် လေယာဉ်နှင့် မဆို နှိုင်းယှဉ်ပါက အပြတ်အသတ် အသာစီးရနေပါတယ်။
အခြေစိုက်စခန်းများကိုလည်း အမေရိကန် သို့မဟုတ် ၎င်း၏ မိတ်ဖက် စစ်အခြေစိုက်စခန်း မှန်သမျှတွင် ရောက်ရှိတာနဲ့ ချက်ချင်း စစ်ဆင် ရေး တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိပါတယ်။
ရှေ့ပြေးပုံစံဟာ ယခုနှစ် နှစ်လယ်ပိုင်းမှာ ပထမဆုံး ပျံသန်းခဲ့ပြီးဖြစ်ပြီး ထူးခြားသည့် ကွင်းတို အတက်အဆင်း ပြုလုပ်နိုင်မှုနှင့် အခြား စွမ်းဆောင်ရည်များကို ပြသခဲ့ပြီး ဖြစ်ပါတယ်။

GA-ASI အမှုဆောင်အရာရှိချုပ် Linden Blue က “ကျွန်တော်တို့ဟာ Predator မောင်းသူမဲ့လေယာဉ်များဆီကို ယခုလို တမူထူးခြားတဲ့ စွမ်းဆောင်ရည်များရှိလာအောင် လုပ်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
General Atomics ရဲ့ မောင်းသူမဲ့လေယာဉ် ပျံသန်းမှု အတွေ့အကြုံ ဖြစ်သည့် ပျံသန်းမှုပေါင်း ၇ သန်းလောက်ကို အခြေခံပြီး ဒီလို မောင်းသူမဲ့လေယာဉ် အမျိုးအစားသစ်ဖြစ်တဲ့ Mojave ကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်လို့ ၎င်းက ပြောပြခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။