အင်္ဂါဂြိုဟ်၏ ချောက်ကမ်းပါးများအောက်တွင် ရေ အများအပြား တွေ့ရှိသည့် အကြောင်း

News Science

ဂြိုဟ်နီကြီးဟာ ဆွဲဆောင်မှုရှိတဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပြီးတော့ သုတေသီများဟာ ၎င်း၏ လျှို့ဝှက်ချက်များကို တလွှာချင်း တွေ့ရှိနေတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များဟာ အင်္ဂါဂြိုဟ် ခေါ် မားစ်ဂြိုဟ်ပေါ်တွင် သမိုင်းဝင် တွေ့ရှိမှုတခုဖြစ်သည့် ကြီးမားတဲ့ ရေပမာဏကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ရေများဟာ ကမ္ဘာ့ပေါ်ရှိ grand canyon ချောက်ကမ်းပါး စနစ်ကဲ့သို့ ဂြိုဟ်နီကြီး၏ ချောက်ကမ်းပါးကြီးများတွင် တည်ရှိနေကြောင်း European Space Agency (ESA) က မကြာသေးမီက ထုတ်ပြန် လိုက်တဲ့ သတင်းအရ သိရှိရပါတယ်။

ဒါ့အပြင် ချောက်ကမ်းပါး မျက်နှာပြင် အနီးရှိ အရာဝတ္ထုများရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိဟာ ရေမော်လီကျူးများ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အသစ်တွေ့ရှိထားသည့် အင်္ဂါဂြိုဟ် မျက်နှာပြင်အောက်ရှိ ရေထုထည် ပမာဏဟာ ExoMars လို့ အမည်ပေးထားသည့် ESA-Roscosmos စီမံကိန်း၏ လမ်းညွှန်မှုအောက်မှ ပထမအဆင့် မစ်ရှင်ဖြစ်သည့် Trace Gas Orbiter မှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဂြိုဟ်၏ မျက်နှာပြင် ရှုခင်းများကို စူးစမ်းလေ့လာရန်နှင့် မြေဆီလွှာရှိ ဟိုက်ဒရိုဂျင် ခိုအောင်းရာနေရာနှင့် ပမာဏကို ပုံဖော်ရန် ဒီဇိုင်း ထုတ် ထားသည့် အဆိုပါ အာကာသယာဉ်ဟာ Fine Resolution Epithermal Neutron Detector (FREND) လို့ခေါ်သည့် ပုံရိပ်ဖော်နှုန်း မြင့် ကိရိ ယာ ဖြင့် ရေရှိသည့် အနေအထားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Fine Resolution Epithermal Neutron Detector (FREND) ကိရိယာ Photo: Courtesy of Np.Cosmos

ရေရှိသည့် အနေအထားကို ဆုံးဖြတ်ပုံမှာ

စွမ်းအင်မြင့် အာကာသမှလာသည့် ရောင်ခြည်လှိုင်းများသည် မျက်နှာပြင်သို့ ထိသည့်အခါ မြေကြီးဟာ နျူထရွန်များကို ထုတ်လွှတ်လေ့ရှိပြီး စိုစွတ်နေသည့် မြေဆီလွှာဟာ ခြောက်သွေ့သော မြေထက် နျူထရွန် အနည်းငယ်ကိုသာ ထုတ်လွှတ်တဲ့အတွက် သိပ္ပံပညာရှင်များဟာ ထို တုန့်ပြန်မှုကို ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်တာ ဖြစ်ပါတယ်။

“FREND ဟာ အလွန်ကြီးမားတဲ့ Valles Marineris ချောက်ကမ်းပါး စနစ်ကြီးမှ ဟိုက်ဒရိုဂျင်ပမာဏ ပုံမှန်မဟုတ်သည့် ဧရိယာတခုကို ဖော်ထုတ် ပြသခဲ့ပါတယ်။”

“ကျွန်တော်တို့ တွေ့မြင်ရတဲ့ ဟိုက်ဒရိုဂျင်ဟာ ရေမော်လီကျူးများအဖြစ် ချည်နှောင်ထားတယ်လို့ ယူဆရပြီး အဆိုပါ ဒေသမှ မြေမျက်နှာ ပြင် အနီးရှိ ပစ္စည်းများရဲ့ ၄၀ ရာခိုင်နှုန်းဟာ ရေဖြစ်ပုံ ရပါတယ်” လို့ အာကာသ သုတေသန ဌာနမှ ရုရှားသိပ္ပံ အကယ်ဒမီ၏ ဦးဆောင် လေ့ လာသူ Igor Mitrofanov က ESA ၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်များဟာ ယခင်က အင်္ဂါဂြိုဟ်ပေါ်တွင် ရေကို ရှာဖွေ တွေ့ရှိပြီး ဖြစ်သော်လည်း အများစုဟာ ဂြိုဟ်နီကြီး၏ ဝင်ရိုးစွန်းများတွင် ရေခဲအဖြစ် ရှိနေတာကိုသာ သိရှိထားတာပါ။

ဝင်ရိုးစွန်းများအောက် လတ္တီကျု နိမ့်သည့် နေရာများတွင် ရေအနည်းငယ်သာ တွေ့ရှိခဲ့ဖူးပြီး ယခုအခါမှာ အဆိုပါနေရာများတွင် ရေများစွာ လိုအပ်မယ့် အနာဂါတ် အာကာသယာဉ်မှူးများ အတွက် အခြေချနိုင်မယ့် မျှော်လင့်ချက်များ ပိုမို မြင့်တက်လာပြီ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် ချောက်ကမ်းပါးများတွင် ရှိသည့် ရေမှာ အရည်၊ ရေခဲ သို့မဟုတ် အရောအနှော အနေအထားဖြစ်နိုင်

“ရေတွေရှိနေတဲ့ နေရာဟာ ကျယ်ဝန်းပြီး၊ မြေအောက်သိပ်မနက်ပါဘူး။ အနာဂါတ် စူးစမ်းလေ့လာသူတွေ အတွက်တော့ အလွယ်တကူ အသုံးချနိုင်မှာပါ” လို့ ExoMars ၏ ကြေငြာချက်တွင် ဖော်ပြခဲ့ပါတယ်။

ဒါဟာ အခြေခံအားဖြင့် ကောင်းပေမယ့် Elon Musk ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်နိုင်ဖို့ အလုပ်တွေအများကြီး လုပ်ရဦးမှာ ဖြစ်လို့ စောလွန်းနေပါသေးတယ်။

Icarus ဂျာနယ်တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်နှင့် အတူ လေ့လာမှုအရ နျူထရွန် ထောက်လှမ်းမှုဟာ ရေခဲနှင့် ရေမော်လီကျူးများအကြား မခွဲခြားဘူးလို့ ဆိုပါတယ်။

ဆိုလိုတာကတော့ ဘူမိဓာတုဗေဒ ပညာရှင်များဟာ ပိုမို အသေးစိတ် အချက်အလက်များကို ဖော်ပြရန် သိပ္ပံနည်းကျ အရှုပ်အထွေးထဲသို့ ဝင်ရောက်လာဖို့ လိုအပ်ပါတယ်။

ချောက်ကမ်းပါးကြီး၏ အင်္ဂါရပ်များစွာအရ ရေဟာ အစိုင်အခဲ ပုံစံ (ရေခဲ) ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သုတေသီများက မှန်းဆခဲ့ပေမယ့် အစိုင်းအခဲနှင့် အရည် ရောစပ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

“ကျွန်တော်တို့ဟာ Valles Marineries ချောက်ကမ်းပါး စနစ်ကြီး၏ ဗဟို အစိတ်အပိုင်းကို ရေများပြည့်နေတယ်လို့ တွေ့ရှိခဲ့ရပြီး ထင်ထားတာထက် ပိုမို များပြားနေတယ်” လို့ လေ့လာမှု၏ ပူးတွဲ ရေးသားသူ Alexey Malakhov က ESA ထုတ်ပြန်မှုတွင် ပြောကြားခဲ့ပါတယ်။

“ဒါဟာ အဆက်မပြတ် နိမ့်ဆင်းနေတဲ့ အပူချိန်ကြောင့် ခြောက်သွေ့တဲ့ မြေလွှာအောက်မှာ ရေခဲတွေ အမြဲတမ်း တည်ရှိနေတဲ့ ကမ္ဘာရဲ့ permafrost ဒေသနဲ့ တူနေပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့ကြောင့် အင်္ဂါဂြိုဟ်၏ ကြီးမား ကျယ်ပြန့်လှတဲ့‌ ချောက်ကမ်းပါး စနစ်ကြီးအတွင်းတွင် တည်ရှိနေသည့် ရေပုံစံကို ကျွန်တော်တို့ အနေဖြင့် သေချာ မသိရသေးပေမယ့် အင်္ဂါဂြိုဟ်ကို ပထမဆုံး လူသားတွေ စေလွှတ်မယ့် မစ်ရှင်အတွက် ဒီနေရာဟာ စူးစမ်း လေ့လာဖို့ အဓိက ဦးစားပေး ဖြစ်လာတော့မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.