ခြင်များ၏ လူတွေကို အနံ့ခံနိုင်သည့် စူပါ ပါဝါ အကြောင်း

Article Science

ခြင်တွေဟာ လူတွေကို အနံ့ခံဖို့ အနံ့ခံ အာရုံ အလွန် ကောင်းမွန်ကြပါတယ်။

ခြင်တွေရဲ့ အနံ့ခံနိုင်မှု အစိတ်အပိုင်းကို ပိတ်ဆို့ပြီး လူများကို ခြေရာခံခြင်းမှ တားဆီးဖို့ ယခင်က ကြိုးပမ်းမှုများ လုပ်ဆောင် ခဲ့ကြသော်လည်း မအောင်မြင် ခဲ့ကြပါဘူး။

လေ့လာမှု အသစ် တစ်ခုက တွေ့ရှိချက်အရ ခြင်တွေမှာ ကျွန်ုပ်တို့ကို အမြဲ အနံ့ခံနိုင်စေဖို့ အတွက် ပေါင်းစပ် ဖြေရှင်းနည်းများ ရှိကြတာကို တွေ့ရပါတယ်။

တိရစ္ဆာန်အများစုအတွက်၊ အနံ့ခံစနစ်ရှိ အာရုံကြောဆဲလ်တစ်ခုစီဟာ အနံ့ တစ်မျိုးတည်းကိုသာ သိရှိနိုင်ပါတယ်။

သို့သော်လည်း Aedes aegypti ခြင်များရဲ့ အာရုံကြောဆဲလ်တစ်ခုစီဟာ အနံ့များစွာကို သိရှိနိုင်တယ်ဟု သုတေသီများက ဆိုပါတယ်။

ဆိုလိုတာက ခြင်တွေရဲ့ဆဲလ်တစ်ခုဟာ လူ့အနံ့ တစ်မျိုးကို ဖော်ထုတ် နိုင်စွမ်း ဆုံးရှုံးသွားသော်လည်း အခြား ရနံ့များကို အာ ရုံခံနိုင်စွမ်း ရှိပါသေးတယ်။

လေ့လာမှုအသစ်က ခြင်များရဲ့ အနံ့ခံအာရုံအသေးစိတ်ကို သိရှိနိုင်သော်လည်း အင်းဆက်များမှ လူ့ရနံ့များကို ဖုံးကွယ်ခြင်းဟာ ထင်တာထက် ပိုမိုရှုပ်ထွေးနိုင်ကြောင်း အကြံပြုထားပါတယ်။

ခြင်ဆေး

ခြင်တွေကို လူနှင့်သက်ဆိုင်သော ရနံ့များ အာရုံမခံနိုင်အောင် တားဆီးပေးတဲ့ ပိုးသတ်ဆေးများက ပြုလုပ်ဖို့ ခက်ခဲပါတယ်။

“လူတွေကို အာရုံမခံနိုင်အောင် ဖုံးကွယ်ဖို့ ကြိုးစားမယ့်အစား ခြင်တွေ အနံ့ခံတာ မကြိုက်တဲ့ အနံ့ဆိုးတွေကို အသုံးပြုတာ ပိုထိရောက်တယ် ” ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Anandasankar Ray က ဆိုပါတယ်။

ထိုကဲ့သို့ ပိုးသတ်ဆေးများက ခြင်တွေကို စိတ်ရှုပ်စေတာ သို့မဟုတ် စိတ်အနှောင့်အယှက်ပေးတာ ဖြစ်စေနိုင်ပြီး ၎င်းတို့ကို အဝေးသို့ ပျံသန်းစေမှာပါ။

နယူးယောက်စီးတီးရှိ Rockefeller University မှ အာရုံကြောဇီဝဗေဒပညာရှင် Olivia Goldman က “ခြင်တွေက အခြားသတ္တဝါများထက် လူသားများ ချုပ်ငြိမ်းစေခြင်းအတွက် ပိုတာဝန်ရှိတယ်” ဟု ဆိုပါတယ်။

ဒါ့ကြောင့် ခြင်တွေအကြောင်း နားလည်လေလေ ၊ ကာကွယ်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ခြင်တွေက လူတွေကို အာရုံခံတဲ့အခါ ခန္ဓာကိုယ်အနံ့များ အပါအဝင် ခန္ဓာကိုယ် အပူချိန်ကလည်း အဓိကကျပါတယ်။

အင်းဆက်ပိုးမွှားများက ၎င်းတို့ရဲ့ အင်တာနာနှင့်တူသော ပါးစပ်အနီးရှိ အာရုံခံ အမွှေးအမျှင်များကို အသုံးပြုပြီး အနံ့ခံကြပါတယ်။

ခြင်ဆေးဖြန်းနေပုံ

အနံ့ခံအာရုံကြောဆဲလ်များရှိ အာရုံခံကိရိယာတွေကို အသုံးပြုပြီး လူတွေရှူထုတ်လိုက်သော အသက်ရှူလမ်းကြောင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော ဓာတုပစ္စည်းများ သို့မဟုတ် ခန္ဓာကိုယ် အနံ့ဆိုးများရဲ့ အစိတ်အပိုင်းများကို သိရှိနိုင်ပါတယ်။

အချို့သော အာရုံခံ အစိတ်အပိုင်းများကို ပိတ်ဆို့တဲ့နည်းတွေက ဦးနှောက်သို့ ပေးပို့သော အနံ့ မက်ဆေ့ချ်များကို အနှောင့် အယှက်ဖြစ်စေပြီး လူ့ရနံ့များကို ဖုံးကွယ်နိုင်တယ်ဟု သုတေသီများက ယူဆကြပါတယ်။

သို့သော် တစ်ချို့ ခြင်တွေကတော့ လူကို အနံ့ခံပြီး ကိုက်နိုင်ဆဲဖြစ်ကြောင်း Rockefeller တက္ကသိုလ်မှ အာရုံကြောဇီဝဗေဒပညာရှင် Margo Herre ကဆိုပါတယ်။

ဒါ့ကြောင့် Goldman၊ Herre နှင့် လုပ်ဖော်ကိုင်ဖက်များက ခြင်ဦးနှောက်မှ လူ့အနံ့အသက်များကို ဘယ်လို ပုံဖော်နိုင်သလဲဆိုတတဲ့ အသေးစိတ်အချက်အလက်များကို လေ့လာခဲ့ကြပါတယ်။

အံ့သြစရာ ကောင်းတာက၊ ခြင်တစ်ကောင်ဆီမှ မျိုးရိုးဗီဇ ခွဲခြမ်း စိတ်ဖြာချက်များအရ အနံ့ခံ အာရုံကြောဆဲလ် အချို့တွင် အာရုံခံ အမျိုးအစားတစ်ခုထက် ပိုရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ခြင်ကာကွယ်ရန် အကောင်းဆုံး အရာတခု ဖြစ်သည့် လေးညှင်း

ခြင်တွေမှာ octenol နှင့် triethyl amine ကဲ့သို့သော လူသားများတွင် တွေ့ရှိရသည့် ခြင်ဆွဲဆောင်နိုင်သော ဓာတုပစ္စည်းအများအပြားကို တုံ့ပြန်တဲ့အခါ ဆဲလ်အချို့ဟာ လျှပ်စစ်အချက်ပြမှုများကို ထုတ်လုပ်ပေးပါတယ်။

ဒါကြောင့် ၎င်းတို့ရဲ့အာရုံခံနျူရွန်များက အနံ့မော်လီကျူးအမျိုးအစားတစ်ခုထက်ပိုပြီး အာရုံခံနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။

၂၀၂၂ခုနှစ် ဧပြီလတုန်းက ထုတ်ဝေတဲ့ သီးခြားလေ့လာမှု တစ်ခုအရ ယင်ကောင်တွေမှာလည်း အလားတူရလဒ်များကို တွေ့ရှိခဲ့ပြီး ဒီအာရုံခံစနစ်က အင်းဆက် ပိုးမွှားတွေမှာသာ အတွေ့များကြောင်း အကြံပြုထားပါတယ်။

ဘော့စတွန်တက္ကသိုလ်မှ အာရုံကြောဇီဝဗေဒပညာရှင် Meg Younger က “လူတစ်ယောက်နဲ့တစ်ယောက် အနံ့တွေ မတူကြပါဘူး၊ ခြင်တွေက လူ့ခန္ဓာကိုယ်က ထွက်လာတဲ့ အနံ့မျိုးစုံကို အာရုံခံနိုင်ကြတယ် ”ဟု ဆိုပါတယ်။

ဒါ့ကြောင့် ခြင်တွေရဲ့ အာရုံခံနိုင်စွမ်းကို အသေးစိတ် လေ့လာခြင်းဟာ ထိရောက်တဲ့ ပိုးသတ်ဆေးများ တီထွင်နိုင်ဖို့ အလား အလာ ကောင်းများ ဖြစ်ပြီး လူသားတွေအတွက် သွေးလွန်တုပ်ကွေးနှင့် ဇီကာကဲ့သို့သော ရောဂါများ ဖြစ်စေတဲ့ ဗိုင်းရပ်စ်များ ကူးစက်ခြင်းမှ ကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 21/8/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *