ခြင်တွေက သင်ကိုမှ ရွေးချစ်နေရတဲ့ အကြောင်းအရင်း

Article Science

သုတေသန အသစ်အရ ကျွန်ုပ်တို့ရဲ့အရေပြားရှိ အချို့သော ဒြပ်ပေါင်းများက ခြင်များကို မည်မျှ ဆွဲဆောင်သည်ကို ဆုံးဖြတ်ပေးတယ်ဟု သိရပါတယ်။

ခြင်တွေက လူတိုင်းကို တူညီစွာ မတိုက်ခိုက်တတ် ကြပါဘူး။

သိပ္ပံပညာရှင်များက ပိုးမွှားများကို နှုန်းအမျိုးမျိုးဖြင့် လူများထံ ဆွဲဆောင်ကြောင်း သိရှိထားသော်လည်း အချို့သောလူများကို “ခြင်တွေကို ဆွဲဆောင်ခြင်း ” ဖြစ်စေသည့် အရာများကို ရှင်းပြဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Cell ဂျာနယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ဝေခဲ့တဲ့ စာတမ်း အသစ် မှာ သုတေသီတွေက ခန္ဓာကိုယ်အနံ့ဆိုးတွေဟာ အဆုံးအဖြတ်ပေးတဲ့ အချက်ဖြစ်တယ်လို့ အကြံပြုထားပါတယ်။

လူတိုင်းမှာဆိုရင် မတူညီတဲ့ ဓာတုဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားသော ထူးခြားတဲ့ ရနံ့ကိုယ်စီရှိကြပါတယ်။

သို့သော် ခြင်များကို အရေပြားတွင် Carboxylic acids မြင့်မားစွာထွက်ရှိသူများက အများဆုံးဆွဲဆောင်ကြတာကို တွေ့ရှိ ခဲ့ကြပါတယ်။

ဒါ့အပြင် သုတေသီများက အစားအသောက် သို့မဟုတ် သန့်ရှင်းရေး အလေ့အထများ မပြောင်းလဲဘူးဆိုရင် အချိန် ကြာလာတာနှင့် အမျှ လူတွေရဲ့ခြင်ကို ဆွဲဆောင်မှုမှာ ပိုတိုး လာစေကြောင်း တွေ့ရှိခဲ့ပါတယ်။

“လူတချို့က တခြားသူတွေထက် ခြင်တွေကို ဘာကြောင့် ပိုဆွဲဆောင်သလဲဆိုတဲ့ မေးခွန်းကတော့ လူတိုင်းမေးတဲ့ မေးခွန်းပါပဲ” ဟု Howard Hughes Medical Institute နှင့် Rockefeller University မှ အာရုံကြောဇီဝဗေဒ ပညာရှင်နှင့် ခြင်များဆိုင်ရာ ကျွမ်းကျင်သူ Leslie Vosshall က ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက လူတစ်ယောက်နဲ့တစ်ယောက် ခြင်ကိုက်နှုန်းမတူတဲ့ အကြောင်းအရင်းကို ရှင်းပြဖို့ သွေးအမျိုးအစား ကွဲပြားမှုဆိုတဲ့ အယူအဆတစ်ခု အပါအဝင် ဖြစ်တယ်ဟု ဆိုပါတယ်။

သို့သော်လည်း အချိန်ကြာလာတာနဲ့အမျှသုတေသီများက ခြင်ဆွဲဆောင်မှုတွင် ခန္ဓာကိုယ်အနံ့အသက်က အဓိကတရားခံဖြစ်ရမည်ဟူသော သီအိုရီကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

သို့သော် ခြင်များက မည်သည့်အနံ့ကို ပိုနှစ်သက်သလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီမေးခွန်းကိုဖြေဆိုဖို့ Vosshall နှင့် သူမရဲ့လုပ်ဖော်ကိုင်ဖက်များက သင်တန်းသား ၆၄ ဦးကိုစုရုံးပြီး နိုင်လွန်ခြေအိတ်များကို လက်မောင်းများတွင် ဝတ်ဆင်ခိုင်းစေခဲ့ပါတယ်။ ခြောက်နာရီကြာပြီးနောက်၊ နိုင်လွန်ခြေအိတ်များက လူတစ်ဦးစီရဲ့ထူးခြားတဲ့အနံ့ကို စုပ်ယူခဲ့ပါတယ်။

သုတေသီများက နိုင်လွန်များကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ပြီး Aedes aegypti ခြင်မများကို အလုံပိတ်ကွန်တိန်နာတစ်ခုထဲသို့ ခြေအိတ်နှစ်ခုစီဖြင့် ထားရှိခဲ့ကြပါတယ်။

သုတေသီများက လအတော်ကြာ လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြပြီး လိုအပ်သလို ပါဝင်သူများထံမှ နမူနာအသစ်များကို စုဆောင်းခဲ့ပါတယ်။

ရလဒ်တွေအရ အချို့သောသူများဟာ အခြားသူများထက် ပိုမို ဆွဲဆောင်မှုရှိကြောင်း ရှင်းရှင်း လင်းလင်း သက်သေပြနိုင်ခဲ့ပါတယ်။

သုတေသီများက ဆက်လက်ပြီး ဒီကြီးမားတဲ့ခြားနားချက်အတွက် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို သိနိုင်ဖို့ ရနံ့ပရိုဖိုင်များကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

၎င်းတို့က ဆွဲဆောင်မှု အရှိဆုံး နမူနာရှိသူရဲ့ အရေပြားမှ Carboxylic acids ပမာဏ ပိုများတာကို တွေ့ရှိရပြီး ဆွဲဆောင်မှု အနည်းဆုံး လူများက Carboxylic acids များစွာလျော့နည်းတာကို တွေ့ခဲ့ပါတယ်။

Carboxylic acids က သာမန်အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အရေပြားကို ဖုံးအုပ်ထားသည့် အဆီပြန်သော အလွှာဖြစ်မှာ ၎င်းတို့ကို ထုတ်လုပ်ပါတယ်။

အဲဒီမှာ အက်ဆစ်တွေက အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ကာကွယ်ဖို့ ကူညီပေးတယ်လို့ Vosshall က ဆိုပါတယ်။

လူများက တိရစ္ဆာန်အများစုထက် များစွာမြင့်မားသော Carboxylic acids များကို ထုတ်လွှတ်သော်လည်း ပမာဏမှာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားကြောင်း De Obaldia က ထပ်လောင်းပြောပါတယ်။

သို့သော် အရေပြားက အချိန်ကြာလာတာနှင့်အမျှ Carboxylic acids အဆင့်ကို ထိန်းထားနိုင်တာကို တွေ့ရပါတယ်။

နောက်တစ်ချက်က carboxylic acids များကို ချေဖျက်ပေးတဲ့ အရေပြား ဘက်တီးရီးယားများကလည်း ခြင်များကို ဆွဲဆောင်နိုင်တယ်ဟု Vosshall မှအကြံပြုထားပါတယ်။

“ဒီလေ့လာမှုက တချို့လူတွေက တခြားသူတွေထက် ခြင်တွေကို ပိုဆွဲဆောင်မှုရှိတဲ့ အကြောင်းအရင်းကို ပြနေတယ် ” ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဆဲလ်နှင့် မော်လီကျူးဇီဝဗေဒပညာရှင် Omar Akbari က ဆိုပါတယ်။

အဆိုပါ လေ့လာမှုက သုတေသီများအား အနာဂါတ်တွင် ပိုမို ထိရောက်တဲ့ ခြင်ဆေးများကို တီထွင် နိုင်စေဖို့ ကူညီပေးနိုင်ကြောင်း Akbari မှ ပြောကြားခဲ့ပါတယ်။

လျှို့ဝှက်ချက်အနေနဲ့ လူသားတွေရဲ့ ရနံ့ကို ပြောင်းလဲဖို့အတွက် အရေပြားရဲ့ရှိပြီးသား microbiome အတွင်းသို့ ဘက်တီးရီးယားအသစ်များ ပေါင်းထည့်ခြင်းပဲ ဖြစ်တယ်ဟု ဆိုပါတယ်။

နောက်ပြီး ခြင်တွေက Carboxylic acids ရဲ့အနံ့ သို့မဟုတ် ဘက်တီးရီးယားများကို ဘာလို့ အလွန်နှစ်သက်ကြတာလဲ။

De Obaldia က A. aegypti ခြင်တွေဟာ လူသားများကဲ့သို့ဆင့်ကဲပြောင်းလဲလာတာ ဖြစ်နိုင်တယ်ဟု ဆိုပါတယ်။

၎င်းတို့က လူသားများရဲ့ အနီးတဝိုက်မှာ ရှင်သန်ပေါက်ဖွားလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် A. aegypti တွေက လူသားရဲ့အနံ့ကို အခြားတိရစ္ဆာန်များရဲ့အနံ့နှင့် ခွဲခြားတဲ့ နေရာမှာ အလွန် ကျွမ်းကျင် လာခဲ့ကြတာ ဖြစ်ပါတယ်။

Carboxylic acids က လူတို့ ထုတ်လွှတ်သော ဒြပ်ပေါင်းများဖြစ်ပြီး အခြားတိရစ္ဆာန်များ မပါရှိပါဘူး။

ဒါ့ကြောင့် De Obaldia က Carboxylic acids ကို လူတွေမှာသာ တွေ့ရှိကြောင်း ညွှန်ပြချက်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ခြင်တွေက ပိုနှစ်သက်တာ ဖြစ်နိုင်ခြေရှိတယ်ဟု ဆိုပါတယ်။

ကျွန်ုပ်တို့အနေနဲ့ တခြားသူတွေထက် ခြင်အရမ်းအကိုက်ခံနေရတယ်ဟု ခံစား​နေရမယ်ဆိုရင် ခြင်တွေက ကျွန်ုပ်တို့က ထူးထူးခြားခြား လူသားဖြစ်တာကြောင့် ခြင်တွေက ရနံ့ကို နှစ်သက်တယ်ဆိုပြီး စိတ်ကျေနပ်မှုရယူနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 26/10/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *