ကမ္ဘာ့ အလှပဆုံးသော အမိုက်စား တိုက်လေယာဉ် ၅ မျိုး

Knowledge

Defence-blog မှာ ကောက်ခံထားတဲ့ မဲ စာရင်းအရ လက်ရှိ လူအများ သတ်မှတ်ထားတဲ့ အလှဆုံး တိုက်လေယာဉ် ၅ စီးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ Eurofighter Typhoon

Eurofighter Typhoon ဟာ စုစုပေါင်း မဲပေးသူ ၅% ရှိပြီး ပဥ္စမ အလှပဆုံး တိုက်လေယာဉ် အဖြစ် ရပ်တည်နေပါတယ်။

Delta အတောင် ပံ ဒီဇိုင်း၊ Canard အရံတောင်ပံ နှင့် အင်ဂျင် ၂ လုံးတပ် ဘက်စုံသုံး တိုက်လေ ယာဉ်ဟာ Airbus, BAE Systems နှင့် Leonardo ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ် ထားတာ ဖြစ် ပြီး ကုမ္ပဏီ ၃ ခု၏ ပူးပေါင်း စီမံကိန်း တခု ဖြစ်တဲ့ Eurofighter Jagdflugzeug GmbH မှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Eurofighter Typhoon ကို ဗြိတိန်၊ ဂျာမနီ၊ အီတလီ နှင့် စပိန် ၄ နိုင်ငံရဲ့ အကောင်းဆုံးသော ကာကွယ်ရေး ကုမ္ပဏီများက ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။

ဒီတိုက်လေယာဉ်ဟာ ဥရောပကောင်းကင်မှာ အချိန်ပြည့် ကာကွယ်မှုတွေ ဆောင်ရွက်နိုင်ပြီး ၎င်းရဲ့ ဘက်စုံသုံးနိုင်တဲ့ စွမ်းရည်ကို ကမ္ဘာအနှံ့မှာ သက်သေပြပြီး ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိနှင့် အနာဂါတ်မှာ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်များကို တားဆီးနိုင်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပြီး အဆက်မပြတ်လဲ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပါတယ်။

၄။ F-15 Eagle

စတုတ္ထနေရာမှာ ရှိတာကတော့ အမေရိကန်တို့ရဲ့ နာမည်ကျော် F-15 Eagle ပဲ ဖြစ်ပါတယ်။ ဒီနေရာကို မဲအရေအတွက် ၁၂% ဖြင့် ရရှိလာတာ ဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်ကို အဓိကအားဖြင့် တိုက်ခိုက်ရေးနှင့် ကြားဖြတ် စစ်ဆင်ရေးများအတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ကာ ၁၀ စုနှစ်များစွာ အသုံးပြု ပြီးပါပြီ။


ယနေ့ခေတ် F-15 များမှာတော့ အဆင့်အမြင့်ဆုံး နည်းပညာများ ထပ်မံပေါင်းစပ်ထားပြီး၊ လက် နက်များ ပိုမိုသယ်ဆောင်လာနိုင်ကာ ပိုမို မြန်ဆန်၊ ပိုမို ဝေးကွာတဲ့ နေရာအထိ စစ်ဆင်လာနိုင်ပါတယ်။

F-15 ဟာ ယနေ့ခေတ်အတွက် ဈေးနှုန်းချိုသာပြီး အဆုံးအရှုံး အထိအခိုက် နည်းတဲ့အတွက် အမေရိကန်လေတပ်မှာ F-15 အရေအတွက်ကို ထိန်းသိမ်းထားပြီး၊ စွမ်းဆောင်ရည်အသစ်တွေ ထပ်မံဖြည့်တင်းကာ လေကြောင်းအကဲသာမှုနှင့် နိုင်ငံတွင်း ကာကွယ်ဖို့ စစ်ဆင်ရေးများမှာ အသုံးပြုနေပါတယ်။

F-15 ဟာ တောင်ပံ တစ်ဖက်မရှိတော့ တာတောင် ပြန်လည် ဆင်းသက် နိုင်တဲ့ သာဓက တွေတကယ် ရှိပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ပိုမြန်၊ ပိုပြီး ဝေးဝေးသွားနိုင်၊ ပိုပြီး လက်နက် သယ် ဆောင်နိုင်ကာ သမိုင်းကြောင်း ကောင်းခဲ့တဲ့ F-15 မျိုးဆက် အသစ်တွေဟာ ယနေ့အထိ အဆင့်သင့် တိုက်ပွဲဝင်နိုင် နေဆဲပါ။

၃။ Dassault Rafale

ပြင်သစ်လုပ် Dassault Rafale ဟာလဲ မေ့ထားလို့ ရတဲ့ အထဲမှာ မပါဘူးဘူး။ လှပ ကျော့ရှင်းတဲ့ ဒီလေယာဉ်ဟာ ၁၃ % နဲ့ တတိယနေရာကို ရရှိထားပါတယ်။

ဒီ အင်ဂျင် ၂လုံးတပ် Dassault Aviation ရဲ့ လက်ရာ Rafale တိုက်လေယာဉ်ဟာ အနီး အဝေး စစ်ဆင်ရေး မျိုးစုံ တာဝန် ထမ်းဆောင်နိုင်ပါတယ်။ ဝေဟင်မှ မြေပြင် တိုက်ခိုက်ရေး၊ ပင်လယ်ပြင် စစ်ဆင်ရေး၊ ကင်းထောက်ခြင်း၊ တိကျမှု မြင့်မားတဲ့ တိုက်ခိုက်မှုများ နှင့် နျူကလီးယား လက်နက်များကိုပါ တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

လေတပ်အပြင် ရေတပ်မှာပါ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပြီး နာမည်ကျော် Charles De Gaulle လေယာဉ်တင်သင်္ဘောကြီး နှင့် တွဲဖက် တာဝန်ထမ်းဆောင်နေပါတယ်။

မျိုးကွဲအားဖြင့် လေတပ်သုံး တစ်ယောက်မောင်း Rafale C၊ လေတပ်သုံး ၂ ယောက်မောင်း Rafale B၊ နှင့် ရေတပ်သုံး တစ်ယောက်မောင်း Rafale M တို့ဆိုပြီး ၃ မျိုးရှိတာ စွမ်းဆောင်ရည်များ ကတော့ မတိမ်းမယိမ်းတွေ ဖြစ်ကြပါတယ်။

ဒီလေယာဉ်တွေကို ပြင်သစ်နိုင်ငံတပ်တွေမှာ ၂၀၅၀ လောက်အထိ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

၂။ ဆိုဗီယက် ခေတ် Su-27 များ၏ အဆင့်မြင့် မျိုးကွဲ သို့မဟုတ် Su-35

ရုရှားလုပ် Su-35 တွေကတော့ ၁၄% နဲ့ ဒုတိယနေရာမှာပါ။ Su-35 တွေဟာ ဘက်စုံသုံး တိုက် လေယာဉ်တွေပါ။

ဒီတိုက်လေယာဉ်ဟာ ကြားဖြတ်စစ်ဆင်ရေးတွေနဲ့ ရန်သူ့ ဝေဟင်ပစ်မှတ်မျိုးစုံကို တားဆီးရာမှာ အသုံးပြုနိုင်တဲ့အပြင် လေကြောင်း အကဲသာမှု၊ လေကာများဖြင့် ကာကွယ်ထားတဲ့ မြေပြင် ပစ်မှတ်များကို ခြေမှုန်းမှုများမှာ အသုံးပြုနိုင်ပါတယ်။

Su-35 မှာ ၃၀ မီလီမီတာ စက်အမြောက် တပ်ဆင်ထားပြီး လက်နက်တပ်ဆင်ဖို့ရာ ၁၂ နေရာ ပါရှိပါတယ်။

ဒီလေယာဉ်ဟာ ရန်သူကို ကီလိုမီတာ ၄၀၀ လောက်မှ တွေ့ရှိနိုင်ပြီး ၎င်း၏ ရေဒါမှာ ပစ်မှတ်ပေါင်း ၃၀ ကို အဆက်မပြတ် ခြေရာကောက်နိုင်ပါတယ်။ ဆီထပ်မံ ဖြည့်တင်းခြင်း မရှိဘဲ ကီလိုမီတာ ၃၅၀၀ လောက်အထိ စစ်ဆင်နိုင်ပါတယ်။

၁။ F-22 Raptor

ပထမ နေရာကတော့ ဇာတ်လိုက်ကြီး F-22 ပါပဲ။ ရရှိထားတဲ့ မဲအရေအတွက်ကလဲ ၄၀% နဲ့ဆိုတော့ အပြတ်အသတ်ပါပဲ။

အမေရိကန်လေတပ်ရဲ့ F-22 Raptor များကို ပြိုင်ဖက်ကင်းတဲ့ ရေဒါပျောက်နည်းပညာ၊ လျှင်မြန်မှု၊ ဖျတ်လတ်မှု၊ အခြေအနေ အရပ်ရပ်ကို သတိပြုမိနိုင်စေတဲ့ နည်းပညာ စတာတွေနဲ့ တာဝေးပစ် ဝေဟင်မှ ဝေဟင်နှင့် ဝေဟင်မှ မြေပြင် လက်နက်များနှင့် ပေါင်းစပ်လိုက်တဲ့အခါမှာ ကမ္ဘာပေါ်မှာ အလွှမ်းမိုးနိုင်ဆုံး အကောင်းဆုံး တိုက်လေယာဉ် ဖြစ်လာပါတယ်။

F-22 ဟာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်မယ့် နည်းဗျူဟာမြောက် အချက်အလက်တွေ စုစည်း မျှဝေ ပေးနိုင်တဲ့အတွက် အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တပ်ဖွဲ့တွေကို စစ်မြေပြင် သတင်းအချက်အလက် ရရှိမှုမှာ ပြိုင်ဖက်ကင်းအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။

ဒါ့ကြောင့် F-22 တွေဟာ သူနဲ့တွဲဖက် စစ်ဆင်တဲ့ တခြား တိုက်လေယာဉ်များကိုပါ လွတ်မြောက်နိုင်စွမ်း ရှိစေပါတယ်။

ယခုတော့ F-22 Raptor ဟာ ကမ္ဘာ့ အလွှမ်းမိုးနိုင်ဆုံး လေယာဉ်ဖြစ်တဲ့အပြင် အလှပ အကျော့ရှင်းဆုံး လေယာဉ်လို့ပါ သတ် မှတ်ရတော့မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *