နိုင်ငံ အများအပြားဟာ ကမ္ဘာပေါ်မှာ အများဆုံး ဆိုတဲ့ အရာတွေကို ပိုင်ဆိုင်ထားကြပါတယ်။
ဥပမာအားဖြင့် ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်တွင် ရေကန်ပေါင်း အများဆုံး ရှိပြီးတော့ နိုင်ငံ တဝှမ်း အရေအတွက် ၈၇၉,၀၀ တောင် ရှိပါတယ်။
ရုရှားနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ သစ်ပင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်း လောက်ဟာ သစ် တောတွေ ပေါက်ရောက်နေတာပါ။
ကျွန်းတွေ ပိုင်ဆိုင်ထားတဲ့ အများဆုံးနိုင်ငံကတော့ ကနေဒါလား၊ အင်ဒိုနီးရှားလား၊ ဂရိလားဆိုတာ ယခု ပြောပြမှာပါ။
ကျွန်းအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ
ဆွီဒင်နိုင်ငံဟာ ကမ္ဘာ့ပေါ်တွင် ကျွန်အများဆုံးကို ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဥရောပ မြောက်ပိုင်းနိုင်ငံ တခု ဖြစ်တဲ့ ဆွီဒင်ဟာ Statista ရဲ့ အချက်အလက်များ အရ ကျွန်းပေါင်း ၂၂၁,၈၀၀ လောက် ပိုင် ဆိုင် ထားပေမယ့် အများစုကတော့ လူနေထိုင်လို့ မရပါဘူး။
ကျွန်းတွေကို ရေတွက်ရာမှာ အနည်းဆုံး ကားဂိုဒေါင် သာသာလောက်ရှိတဲ့ ၂၇၀ စတုရန်းပေ လောက်ရှိတဲ့ အရွယ်အစားက စပြီး ရေတွက်ထားတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို ၂၀၀၅ ခုနှစ်က Geografiska Annaler. Series B, Human Geography ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံကတော့ စုစုပေါင်း ကျွန်း အရေအတွက် ၁၈၈,၀၀၀ ဖြင့် ဒုတိယ လိုက်နေပြီး နော်ဝေနိုင်ငံကတော့ ကျွန်း အရေ အတွက် ၅၅,၀၀၀ အနေဖြင့် နောက်မှာ ရပ်တည်နေပါတယ်။
အထက်ပါ ၃ နိုင်ငံစလုံးဟာ Nordic နိုင်ငံများ (ဒိန်းမတ်၊ ဖင်လန်၊ အိုက်စ်လန်၊ နော်ဝေ နှင့် ဆွီဒင်)တွင် ပါဝင်ပြီး ဘာလို့ ဒီလောက်တောင် ကျွန်းနေ များနေရသလဲဆိုတာ သိချင်လောက်မှာပါ။

Nordic နိုင်ငံများ တွင် ကျွန်းတွေ အများအပြား ပိုင်ဆိုင်ထားရတဲ့ အကြောင်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ သန်းလောက်က ကမ္ဘာကြီးရဲ့ ရာသီဥတုတွင် အာတိတ်ရေခဲဖုံးဒေသနှင့် Northern Hemisphere လို့ ခေါ်တဲ့ အီကွေတာ၏ မြောက်ခြမ်းမှာ အချိန်အခါအလိုက် ရေခဲခေတ်များ ရှိခဲ့ပြီး ယခင်ကတော့ မဖြစ်ဖူးပါဘူး လို့
ပြင်သစ် အမျိုးသား သိပ္ပံသုတေသန စင်တာ (CNRS) မှ သုတေသန ညွှန်ကြားရေးမှူး Karin Sigloch က ပြောပြဖူးပါတယ်။
Sigloch မှ Nordic နိုင်ငံများ ဟာ နှစ်ပေါင်း ၄၁,၀၀၀ တိုင်းမှာ ကျောက်ဆောင်များ ပေါ်ရှိ ရေခဲမြစ်များ လျော့ပါးလာမှုကို ကြုံတွေ့ရကြောင်း ရှင်းပြ ခဲ့ပါတယ်။
ဒါဟာ ကမ္ဘာကြီး၏ ၂၂.၁ ဒီဂရီမှ ၂၄ ဒီဂရီအတွင်း နှစ်ပေါင်း ၄၁,၁၀၀ တိုင်းမှာ ပြောင်းလဲနေတဲ့ အတွက် ရေခဲခေတ်ငယ်များ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ သန်းလောက်ကနေ ၈၀၀,၀၀၀ လောက်ကြားမှာ နှစ် ၄၁,၀၀၀ တိုင်း ရေခဲခေတ် ဖြစ်နေတာမှ အဲဒီ့နောက်ပိုင်းမှာတော့ နှစ်ပေါင်း ၁ သိန်းမှ တခါသာ ဖြစ်ပေါ်တော့တာ ဖြစ်ပါတယ်။

နောက်ဆုံး ဖြစ်ခဲ့တဲ့ ရေခဲခေတ်မှာ Nordic ဒေသတွင် မိုင်နှင့်ချီ အမြင့်ရှိတဲ့ ရေခဲများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ အပေါ်လွှာကို ရေအောက်သို့ ရောက်စေခဲ့တယ်လို့ BBC က ဆိုပါတယ်။
B.C. ၅,၀၀၀ မှ ၃,၀၀၀ အကြား Holocene Climatic Optimum လို့ခေါ်တဲ့ ပူနွေးတဲ့ ကာလမှာတော့ ရေခဲများကို ပျောက်ကွယ်စေပြီး ရေအောက်မှ တစွန်းတစ ထွက်ပေါ်နေတဲ့ အခုလို ကျွန်းပေါင်း သိန်းချီ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။