ဘိုးအင်း ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ ငါးလိပ်ကျောက် Stingray လို့အမည်ပေးထားတဲ့ MQ-25A လောင်စာဆီတင် မောင်းသူမဲ့လေယာဉ်ဟာ F/A-18F Super Hornet တစီးကို ကောင်းကင်ယံမှာ အောင်မြင်စွာ လောင်စာဆီ ဖြည့်တင်း ပေးနိုင်ခဲ့ပါတယ်။
ဒီ မောင်းသူမဲ့လေယာဉ်ဟာ လေယာဉ်တင် သင်္ဘောပေါ်မှတဆင့် အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပြီး အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘော အခြေပြု တိုက်လေယာဉ်များကို ပိုမို ဝေးကွာတဲ့အထိ စစ်ဆင်နိုင်ပြီး၊ လက်နက်တွေ ပိုမို တပ်ဆင်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဇွန်လ ၄ ရက်နေ့က အမေရိကန် အလယ်ပိုင်း အေလက်နွိုင်ပြည်နယ် မက်စကူတာမြို့ကနေ ဒီလေ ယာဉ် ၂ စီးဟာ ပျံတက်ပြီး MQ-25A တွင် ဝေဟင် လောင်စာဆီတိုင်ကီ တင်ဆောင်ကာ ဒီစမ်းသပ်မှုကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဝေဟင်ဆီဖြည့်တင်းမှုမှာ flying boom လို့ခေါ်တဲ့ KC-135၊ KC-10 နှင့် KC-46 တို့လို့ ဆီတင် လေ ယာဉ် ကြီးများဖြင့် ဖြည့်တင်းမှုနှင့် hose and drogue လို့ခေါ်တဲ့ လေယာဉ်အချင်းချင်း ဖြည့်တင်းနိုင်တဲ့ buddy refueling စနစ်ဆိုပြီး ၂ မျိုးရှိပါတယ်။
အမေရိကန်ရေတပ်အတွက် လေယာဉ်တင် သင်္ဘောအခြေပြု တိုက်လေယာဉ်များကို ဝေဟင်ဆီဖြည့်တင်းဖို့ရာ လေယာဉ်ကြီးများဟာ အကန့်အသတ်ဖြစ်နေတာမလို့ hose and drogue စနစ်ကို အသုံးပြုပါတယ်။

အမေရိကန်တို့ဟာ လေယာဉ်တင်သင်္ဘောပေါ်တွင် မောင်းသူမဲ့လေယာဉ် အသုံးပြမှုကို ၂၀၁၃ ခုနှစ်မှာ Northrop Grumman X-47B ဒရုန်းကို USS Bush အပေါ်မှာ ပျံသန်း ဆင်းသက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။
တာဝေးသွား မောင်းသူမဲ့လေယာဉ်များကို လေယာဉ်တင်သင်္ဘောတွင် အသုံးပြုခြင်းအားဖြင့် ရောက်ရှိလာနိုင်တဲ့ တရုတ်လုပ် DF-21D နှင့် DF-26 ကဲ့သို့ သင်္ဘောဖျက် ဒုံးများရန်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
MQ-25A မှာ hardpoint ၂ ခုပါဝင်တဲ့အတွက် ဆီတင် မောင်းသူမဲ့လေယာဉ် တင်သာမကဘဲ ထောက်လှမ်းရေးနှင့်၊ ရန်သူ့ ရေဒါစနစ်များကို နှောက်ယှက်ခြင်းများ ပြုလုပ်နိုင်မှာပါ။
synthetic aperture ရေဒါစနစ်ကို အသုံးပြုပြီး မြူများနှင့် တခြားရှုပ်ထွေးမှုများ ကြားမှ ရန်သူ့ မြေပြင် ပုံရိပ်များကိုလဲ ရိုက်ကူးနိုင်ပါတယ်။ အဲဒီ့အပြင် ကင်းထှောက် ဒရုန်းအသေးလေးများကိုပင် လေယာဉ်မှတဆင့် လွှတ်တင်နိုင်မှာ ဖြစ်ပါတယ်။
MQ-25A ဟာ လက်နက်များတပ်ဆင်နိုင်တဲ့ တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
၎င်းမှာ JDAM ဂြိုဟ်တု လမ်းညွှန်စနစ်သုံး ဗုံး သို့မဟုတ် လေဆာလမ်းညွှန် ဗုံးများကို တင်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် သင်္ဘောဖျက်ဒုံးများ၊ အီလက်ထရောနစ် တိုက်ခိုက်ရေး pod များနှင့် ရေမြှုပ်မိုင်းများပါ တင်ဆောင်နိုင်ဖွယ် ရှိပါတယ်။
Knowledgeworms Copyright © 2021