Boeing ၏ MQ-28 ဒရုန်းနှင့် ထပ်တူနီးပါး ဆင်တူနေတဲ့ တရုတ်၏ FH-97A

Article Military

တရုတ်လေကြောင်း သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်း CASC ဟာ မကြာသေးခင်က မောင်းသူမဲ့လေယာဉ်သစ် FH-97A ကို ပြသခဲ့ပါတယ်။

ထို မောင်းသူမဲ့လေယာဉ်ဟာ အမေရိကန် Boeing ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် MQ-28 Ghost Bat နှင့် လုံးဝ နီးပါး တူ ညီနေတယ်လို့ The Drive မှ ဖော်ပြခဲ့ပါတယ်။

MQ-28 Ghost Bat ဟာ တိုက်လေယာဉ်များနှင့် အုပ်စုဖွဲ့ကာ အလိုအလျှောက် ပျံသန်းနိုင်သည့် loyal wingman ဒရုန်း အမျိုးအစား ဖြစ်ပါတယ်။

Loyal wingman မောင်းသူမဲ့ လေယာဉ် MQ-28 ကို ဩစတေးလျ တော်ဝင် လေတပ် Royal Australian Air Force (RAAF) အတွက် Boeing ၏ ကုမ္ပဏီခွဲမှ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပေမယ့် အမေရိကန် လေတပ်မှလည်း အသုံးပြုနေပါတယ်။

မကြာသေးမီက လူမှု ကွန်ယက်များ ပေါ်တွင် ထွက်ပေါ် လာသည့် ဓာတ်ပုံများအရ FH-97A မောင်းသူမဲ့ လေယာဉ်ဟာ အ ထက်ပါ loyal wingman မောင်းသူမဲ့လေယာဉ်နှင့် ဆင်တူနေတာကို တွေ့ခဲ့ကြတာပါ။

Boeing ၏ MQ-28 Ghost Bat

ဓာတ်ပုံများအရ FH-97A ၏ ပုံစံ ဟာ MQ-28 နှင့် အနီးစပ်ဆုံး တူတောင် ဖန်တီးထားပုံရပြီး အမြင်သာဆုံးဟာ လေယာဉ် ၏ ဦးခေါင်းပိုင်းပဲ ဖြစ်ပါတယ်။

FH-97A တွင် tricycle အဆင်းဘီး တပ်ဆင်ထားခြင်း ရှိမရှိနှင့် သမားရိုးကျ ပြေးလမ်းများမှ ပျံတက်နိုင်ခြင်း ရှိမရှိ ကိုတော့ ယခု အချိန်အထိ အသေးစိတ် မသိရှိရသေးပါဘူး။

မောင်းသူမဲ့လေယာဉ် ၂ စင်းအကြား အထင်ရှားဆုံး ကွာခြားချက်ကတော့ electro-optical/infrared အာရုံခံ ကိရိယာ တပ်ဆင်ထားသည့် နေရာ မတူညီတာ ဖြစ်ပါတယ်။

FH-97A တွင် ဘေးဘက် ထောက်လှမ်းရေး အာရုံခံကိရိယာများနှင့် ကင်မရာများကို တပ်ဆင်ထားဖွယ် ရှိပါတယ်။

ထိုစနစ်ကြောင့် အရပ်မျက်နှာ အသီးသီးမှ ပစ်မှတ်များကို အာရုံခံနိုင်ပြီး ခြေရာခံနိုင်ဖွယ် ရှိနေပါတယ်။

ထိုကဲ့သို့ တပ်ဆင်မှု စနစ်များအရ FH-97A မောင်းသူမဲ့လေယာဉ်ကို MQ-28 နှင့် မတူဘဲ ဝေဟင်မှ ဝေဟင် တိုက်ခိုက်ရေးပိုင်းမှာ အသုံးချဖို့ ထုတ်လုပ်ထားတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ပြပွဲတွင် ပြသထားသည့် FH-97A Image: Courtesy of Chinese internet

အထူးသဖြင့် ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ဖို့ အတွက် အနီးကပ် ကာကွယ်ရေးများတွင် အသုံးချဖို့ တရုတ်၏ FH-97A က ဒီဇိုင်းဆွဲထား ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် FH-97A ဟာ လူလိုက်ပါသည့် တိုက်လေယာဉ်များ သို့မဟုတ် အခြား မောင်းသူမဲ့ လေယာဉ်များ အတွက် အ စောင့် အရှောက် အနေဖြင့် ဖြစ်လာနိုင်ပါတယ်။

ဒီဇိုင်းအရ ထူးခြားမှုတွေ ရှိနိုင်တာကို ခန့်မှန်းရပေမယ့် ယခု အချိန်ထိတော့ FH-97A ဟာ အသုံးချနိုင်သည့် အဆင့်ကို မရောက်ရှိသေးဘဲ mock-up အနေဖြင့်သာ ပြသထားတာပါ။

ကျွမ်းကျင်သူများကတော့ FH-97A မောင်းသူမဲ့လေယာဉ် ဘယ်အချိန်မှ စတင် ထုတ်လုပ်နိုင်မယ် ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

ဒီဇိုင်းအတိုင်းသာ တကယ် ဖြစ်လာပါက အဆိုပါ မောင်းသူမဲ့လေယာဉ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒရုန်းတစင်း ဖြစ် လာနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 6/11/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *