အကြမ်းဖက် သုတ်သင်ရေးမှာ နာမည်ကြီးတဲ့ MQ-9 ဒရုန်းများ လေယာဉ်တင် သင်္ဘောပေါ် ရောက်လာမလား

Article Military

အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့ဟာ အလွန် အစွမ်းထက်ပြီး နာမည်ကြီးတဲ့ MQ-9 ဒရုန်းတွေကို လက်ခံ ရရှိတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီက General Atomics ဟာ ပြေးလမ်းတိုဖြင့် အတက်အဆင်း လုပ်နိုင်တဲ့ MQ-9 SeaGuardian မောင်းသူမဲ့လေယာဉ်ကို ထုတ်ဖော်ပြသ ခဲ့ပါတယ်။

ဒါဟာ အင်ဒိုပစိဖိတ် ဒေသ အတွင်း ပြိုင်ဆိုင်မှုအတွက် ခြေလှမ်းသစ် တခုဖြစ်ပြီး အကြမ်းဖက် ခေါင်းဆောင်များကို သုတ် သင်ရာတွင် နာမည်ကြီးတဲ့ MQ-9 များရဲ့ သွားရောက်နိုင်စွမ်းဟာ ပိုမို မြင့်မား လာတော့မှာ ဖြစ်ပါတယ်။

The MQ-9B STOL

MQ-9B STOL ပြေးလမ်းတို အတက်အဆင်း ပြုလုပ်နိုင်သည့် မောင်းသူမဲ့လေယာဉ် မျိုးကွဲဟာ MQ-9 Reaper များ၏ မျိုး ကွဲတခု ဖြစ်ပါတယ်။

ဒီမောင်းသူမဲ့လေယာဉ်သစ်ဟာ အရှည် ၃၈ ပေနှင့် တောင်ပံအကျယ် ၇၉ ပေလောက် ရှိပြီး တနာရီလျှင် ၂၄၁ မိုင် အမြန်နှုန်းဖြင့် ပျံသန်းနိုင်စေမယ့် Honeywell TPE331-10 Turboprop အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

လေယာဉ်ဟာ လောင်စာဆီ ပေါင် ၆ ထောင်လောက် တင်ဆောင်နိုင်ပြီး လက်နက် ချိတ်ဆွဲနေရာ ၉ ခု (တောင်ပံတဖက်တွင် ၄ ခု စီနှင့် ဝမ်းဗိုက်တွင် တခု) တွင် လက်နက် အလေးချိန် ပေါင် ၄,၈၀၀ လောက်အထိ တင်ဆောင်နိုင်ပါတယ်။

MQ-9 Reaper

မောင်းသူမဲ့လေယာဉ်များဟာ သမားရိုးကျ လူမောင်းနှင်သည့် လေယာဉ်များနှင့် နှိုင်းယှဉ်ပါက အားသာချက်များစွာ ပါဝင်ပါတယ်။

MQ-9B STOL အတွက် တနာရီ ပျံသန်းမှုဟာ ဒေါ်လာ ၅ ထောင် လောက်သာ ကုန်ကျပြီး လောင်စာဆီ တနာရီလျှင် ပေါင် ၂၀၀ လောက်သာ သုံးစွဲကာ ၂၅ နာရီလောက် မရပ်မနား ပျံသန်းနိုင်ပါတယ်။

P-8 Poseidon ကဲ့သို့ လူပျံသန်းသည့် ရေကြောင်း ကင်းလှည့်လေယာဉ်များကတော့ တနာရီလျှင် ဒေါ်လာ ၃၅,၀၀၀ လောက် ကုန်ကျပြီး တနာရီလျှင် လောင်စာဆီ ပေါင် ၅,၀၀၀ လောက်ကုန်ကာ ၁၀ နာရီလောက်သာ ပျံသန်းနိုင်ပါတယ်။

အတိုချုပ်အားဖြင့် General Atomics အဆိုအရ MQ-9B များဟာ လူမောင်းနှင်သည့် လေယာဉ်များထက် ပျံသန်းစရိတ် ၈၆ ရာခိုင်နှုန်းလောက် သက်သာပြီး လောင်စာဆီ စာသုံးမှု ၉၀ ရာခိုင်နှုန်းလောက် သက်သာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်း (ISR) လုပ်ငန်းစဉ်များ လုပ်ဆောင်ရာမှာ လူအင်အားဟာ လူမောင်းနှင်သည့် လေယာဉ်များထက် ထက်ဝက်လောက်သာ လိုအပ်ပါတယ်။

လက်နက်များ အနေဖြင့် AGM-114 Hellfire ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များကို သယ်ဆောင် နိုင်သည့် အပြင် ထူးခြားဆန်းပြားသည့် အခြား လက်နက်များကိုလည်း တင်ဆောင်နိုင်ပါသေးတယ်။

General Atomics က ထုတ်ဖော် ပြသ ခဲ့သည့် ရုပ်သံ တခုအရ MQ-9B STOL ဟာ AIM-9 Sidewinder အနီအောက် ရောင်ခြည် လမ်းညွှန် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များကို အသုံးပြုနိုင်တာကိုလည်း တွေ့ရပါတယ်။

AIM-9 Sidewinder နှင့် MQ-9B Image: Courtesy of General Atomics

ပြင်လွယ်ပြောင်းလွယ်ရှိသည့် MQ-9B STOL

အမေရိကန် လေတပ်၊ ရေတပ်နှင့် မရိန်းတပ်ဖွဲ့များဟာ တရုတ်၏ စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတို့၏ ဗျူဟာများကို ပြောင်းလဲနေပါတယ်။

MQ-9B ဟာ ကားလမ်းများ၊ ပြေးလမ်းတိုများနှင့် လေယာဉ် သင်္ဘောများတွင် ပျံတက် ဆင်းသက် နိုင်တာကြောင့် အကျိုး ကျေးဇူးများစွာ ရှိစေပါတယ်။

သမားရိုးကျ လေယာဉ်ကွင်း မလိုအပ်တာကြောင့် မစ်ရှင်တခု ပြီးဆုံးပါကလည်း ၎င်းအနေဖြင့် ဘယ်နေရာကို ဆင်းသက်မလဲ ဆိုတာကို ရန်သူအနေဖြင့် ကြိုတင်ခန့်မှန်းလို့ ရမှာ မဟုတ်ပါဘူး။

MQ-9B STOL ဟာ Intelligence, Surveillance, and Reconnaissance (ISR) နှင့် တိကျသည့် တိုက်ခိုက်မှု စွမ်းရည်များကို အပြည့်အဝ ပေးနိုင်မည့် အပြင် အခြား မစ်ရှင်တွေကိုလည်း လုပ်ဆောင်နိုင်မယ်လို့ General Atomics က အခိုင်အမာ ဆိုထားပါတယ်။

ဒီလေယာဉ်များဟာ ကောင်းကင်ယံတွင် နာရီပေါင်းများစွာ တိတ်ဆိတ်စွာ ပျံသန်းကာ ကင်းထောက်နေနိုင်သလို အရေးကြီး သည့် ပစ်မှတ်များကိုလည်း တိုက်ခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် အနာဂါတ်မှာ MQ-9B STOL များဟာ အင်ဒို ပစိဖိတ် ဒေသ၏ ကောင်းကင်ယံမှာ ကြီးစိုးလာတော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.