မှိုများဟာ အချင်းချင်း ဆက်သွယ် စကားပြောနိုင်ကြောင်း လေ့လာမှုမှ တွေ့ရှိခဲ့တဲ့ အကြောင်း

Knowledge Science

၁၈၆၅ ခုနှစ်က Lewis Carroll ရေးတဲ့ Alice’s Adventures in Wonderland ထဲမှာ စကားပြောတဲ့ မှိုတွေအကြောင့် ထည့်ရေးခဲ့ဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သိပ္ပံအပေါ်မှာ အခြေခံပြီး ရေးသားထားတာ မဟုတ်ပေမယ့် လေ့လာမှု အသစ်အရ မှိုတွေဟာ အချင်းချင်း တကယ်ပဲ ဆက်သွယ်ကြတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဟုတ်ပါတယ်။ ၎င်းတို့ဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် စကားလုံး နှင့်တွက်လျှင် ၅၀ လောက် အထိနှင့်တောင် ဆက်သွယ်ကြပါတယ်။

Royal Society Open Science ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုတွင် သိပ္ပံပညာရှင်များဟာ အဆိုပါ အကြောင်းကို တွေ့ရှိခဲ့ရတာပါ။

ဒီလေ့လာမှုကို အင်္ဂလန် အနောက်ပိုင်း တက္ကသိုလ်၏ ပုံမှန်မဟုတ်သည့် တွက်ချက်မှုများ ပြုလုပ်သည့် ဓာတ်ခွဲခန်းမှ မှိုမျိုး စိတ်များကို အထူးပြုလေ့လာနေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ Andrew Adamtzky မှ လုပ်ဆောင်ခဲ့တာပါ။

အချို့ အခြေအနေများတွင် လျှပ်စစ် အချက်ပြမှုများကို မှိုများဟာ သိသိသာသာ လုပ်ဆောင်လေ့ရှိကြောင်း ၎င်းမှ မှတ်ချက်ပြုခဲ့ပါတယ်။

ပုံမှန်အားဖြင့် မှိုအများအပြားဟာ mycelium လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်မှ အာရုံကြောမျှင်များနှင့် တူညီသည့် အမြစ်ကဲ့သို့ အ ရာမှ ကြီးထွားလာကြတာပါ။

မှိုတပင်မှ ထုတ်လွှတ်လိုက်တဲ့ အချက်ပြမှုဟာ mycelium မှတဆင့် အခြားမှိုများဆီသို့ ရောက်ရှိသွားလေ့ရှိပါတယ်။

Adamtzky ဟာ မှိုများ၏ အချက်ပြမှုများကို တွက်ချက်ကြည့်ရာ ဝေါဟာရ အရွယ်အစားဟာ စကားလုံး ၅၀ လောက်အထိ ရှိနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် အဓိက အသုံးပြုသည့် စကားလုံးများကတော့ ၁၅ လုံး အလုံး ၂၀ လောက်ထက် မပိုဘူးလို့လည်း ဆိုပါတယ်။

၎င်းဟာ မှိုအမျိုးမျိုးမှ ထုတ်လွှတ်သည့် လျှပ်စစ် အချက်ပြမှုများကို တိုင်းတာဖို့အတွက် electrode လျှပ်ကူးပစ္စည်းများကို အသုံးပြုခဲ့ပါတယ်။

Split gill မှို Image: Courtesy of Wiki Commons

မှိုများဟာ ခွဲခြားသတ်မှတ်နိုင်သည့် ဘာသာစကားကို အသုံးပြုထားကြောင်း ၎င်း၏ ယူဆချက်ကို မှန်ကန်မှု ရှိမရှိ စမ်းသပ်နိုင်ရန် သီးခြားမျိုးစိတ် ၄ ခု ဖြစ်သည့် enoki၊ split gill၊ ghost နှင့် caterpillar မျိုးစိတ်များကို အာရုံစိုက် လေ့လာ ခဲ့ပါတယ်။

သစ်များကို စားသုံးသည့် split gill မှိုမျိုးဟာ သစ်သားကို ထိတွေ့သည့်အခါ mycelium နှင့်ချိတ်ဆက်ထားသော အမျှင်များ မှ အချက်ပြမှုကို ထူးခြားစွာ တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုမှ တွေ့ရှိချက်အရ မှိုများ၏ ဘာသာစကားပုံစံမှာ အင်္ဂလိပ် ဘာသာစကားနှင့် သိသိသာသာ ဆင်တူတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

စကားလုံး တခုစီတွင် ပျမ်းမျှအားဖြင့် ၆ လုံးခန့်ရှိပြီး အင်္ဂလိပ်စာလုံးကတော့ ပျမ်းမျှ အက္ခရာ ၅ လုံးခန့် ရှိပါတယ်။

ဒီလို အချက်ပြ ထုတ်လွှတ်မှုတွေဟာ ကျပန်း ထုတ်လွှတ်တာ မဟုတ်ဘူးလို့ ယုံကြည်ထားပေမယ့် နောက်ထပ် လေ့လာမှုများ ဆက်လက် လုပ်ဆောင်သွား ဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အချို့ သိပ္ပံပညာရှင်များကတော့ ဒီလို ရှာဖွေတွေ့ရှိမှုကို အယုံအကြည်ရှိပုံ မရပါဘူး။

Exeter တက္ကသိုလ်မှ မှိုဗေဒ ပညာရှင်တယောက်ဖြစ်တဲ့ Dan Bebber ကတော့ ကျွန်တော်တို့အနေဖြင့် ဒီသက်ရှိတွေ ပြောနေတဲ့ အရာကို အမှန်တကယ် ဘာသာပြန်ဖို့ အလှမ်းဝေးနေပါသေးတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ယခုတွေ့ရှိမှုမှ မှိုများဟာ အခြား သက်ရှိများကဲ့သို့ ဆက်သွယ်နိုင်လား ဆိုတဲ့ ယုံကြည်မှုဟာ ပိုမို မြင့်တက်လာပြီး မကြာခင်မှာ သုတေသန အများအပြားကို တွေ့လာရဖွယ်ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.