သုတေသီတွေဟာ အစားအစာစွန့်ပစ်ပစ္စည်းတွေကနေ ရေရှည်တည်တံ့တဲ့ အသုံးအဆောင်ပစ္စည်းတွေအဖြစ် ပြောင်းလဲဖို့ မှိုကို အသုံးပြုနိုင်မည့် နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို ကျွန်ုပ်တို့စဉ်းစားတဲ့အခါမှာ ဖက်ရှင်လုပ်ငန်းဟာ ယေဘူယျအားဖြင့် သတိရလေ့ရှိတဲ့ ပထမကဏ္ဍမဟုတ်ပါဘူး။
အထည်အလိပ်တွေဟာ ရာသီဥတုပြောင်းလဲမှုကို တွန်းအားပေးနေတဲ့ ရုပ်ကြွင်းလောင်စာလုပ်ငန်းမှလာတဲ့ ရေနံဓာတုဗေဒထုတ်ကုန်တွေအပေါ်မှာ ကြီးကြီးမားမားမှီခိုနေရပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့ လက်ရှိ အသုံးပြုနေတဲ့ အထည်အလိပ်များမှ အစပြု၍ ပတ်ဝန်းကျင် သက်ရောက်မှုတွေကို ထိန်းသိမ်းဖို့က ယခင်ကထက် ပိုမိုအရေးကြီးပါတယ်။
လေ့လာမှုအသစ်တစ်ခုအရ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ အစားအစာစွန့်ပစ်ပစ္စည်းတွေကို ရေရှည်တည်တံ့တဲ့ စက္ကူနှင့် ဝါဂွမ်းအစားထိုးအဖြစ်သို့ ပြောင်းလဲဖို့ မှိုရဲ့စွမ်းအားကို အသုံးချနိုင်ပုံကို တွေ့ရှိခဲ့ကြပါတယ်။
စျေးကွက်တွင်ရှိနှင့်ပြီးသား အစားထိုးပစ္စည်းတွေထက် 100% ဇီဝ အခြေခံ ထုတ်လုပ်ရတာ ဖြစ်တဲ့ အတွက်ကြောင့် အချိန်တော့ ပိုကြာပါတယ်။

ဖက်ရှင်ကနေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလားအလာရှိတဲ့ ဖြေရှင်းချက်ကို ပေးဆောင်နိုင်တော့မည့် အချက်ပဲ ဖြစ်ပါတယ်။
ချည် ဒါမှမဟုတ် ဓာတုမျှင်တွေနဲ့ တိရစ္ဆာန်သားရေတွေကို အစားထိုးနိုင်မယ်လို့ မျှော်လင့်မိကြောင်း စီမံကိန်းရဲ့ အဓိက ကိုင် တွယ် စစ်ဆေးသူ Ajram Zamani က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ကျွန်ုပ်တို့ရဲ့ လုပ်ငန်းစဉ်ကို ဖော်ဆောင်ရာမှာ အဆိပ်သင့် ဓာတုပစ္စည်းတွေ သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် မည်သည့်အရာကိုမဆို မသုံးမိစေဖို့ သတိထားဆောင်ရွက်ခဲ့တယ်ဟု ဆိုပါတယ်။
ဖက်ရှင်စက်မှုလုပ်ငန်းတွေဟာ တစ်ကမ္ဘာလုံး တန်ဖိုးဒေါ်လာ ၂.၅ ထရီလီယံကျော်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ လူ ၇၅ သန်းကို အလုပ်အကိုင်ပေးနေသည့် ခေတ်မီစီးပွားရေးရဲ့ ကြီးမားတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။
အဆိုပါကဏ္ဍဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ကြီးမားတဲ့တိုးတက်မှုကို မြင်တွေ့ခဲ့ရသော်လည်း ၎င်းရဲ့တိုးတက်မှုမှာ ကုန်ကျစ ရိတ်တစ်ခုနှင့်အတူ ပါလာပါတယ်။
ဖက်ရှင်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ လူသားတွေရဲ့ ကာဗွန်ထုတ်လွှတ်မှု 10% အတွက်ဖြစ်ပြီး အထည်အလိပ်အားလုံးရဲ့ 85% ခန့်ဟာ နှစ်စဉ် အမှိုက်ပုံဘဝသို့ ရောက်သွားပါတယ်။
ဖက်ရှင်ဟာ ကျွန်ုပ်တို့ကို အရှိန်အဟုန်ဖြင့် ဒီဇိုင်းအသစ်တွေဆီ တွန်းပို့နေတဲ့အတွက်ကြောင့် အဝတ်အစားတွေကို ယခင်ကထက် ပိုမိုထုတ်လုပ်လာကြပါတယ်။
ခန့်မှန်းခြေအရ နှစ်စဉ်ထုတ်လုပ်တဲ့ အဝတ်အထည်ပစ္စည်းအရေအတွက်ဟာ 2000 ခုနှစ်ကတည်းက နှစ်ဆတိုးလာပြီး တစ်စိတ်တစ်ပိုင်းသာ ပြန်လည်အသုံးပြုလို့ရပါတယ်။

ယခုအခါ သုတေသီတွေဟာ အစားထိုးပစ္စည်းအနေနဲ့ မှိုဖြင့်ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကို အကောင်အထည် ဖော်နေပြီပဲ ဖြစ်ပါတယ်။
ဆီမှရရှိတဲ့ ပလတ်စတစ်ပုံစံဖြစ်သည့် ပိုလီစတာဟာ ချည်မျှင်အထည်အလိပ်ထုတ်လုပ်မှုရဲ့ အဓိက မောင်းနှင်အား အဖြစ် လွန်စွာလွှမ်းမိုးထားပါတယ်။
ဒါ့အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် လေ၊ မြေ၊ မြေအောက်ရေညစ်ညမ်းမှုအပါအဝင် ကျယ်ပြန့်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေကို မိုက်ခရိုပလတ်စတစ်နှင့် အဝတ်အထည်များထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဆိုးဆေးများမှတဆင့် ထွက်ပေါ်လာပါတယ်။
သားရေကဲ့သို့သော အခြားပစ္စည်းတွေကလည်း အလားတူစိုးရိမ်မှုများ ရှိပါတယ်။ ၎င်းကို ခိုင်ခံ့ပြီး တာရှည်ခံသည့် ပစ္စည်းတစ်ခုအဖြစ် ကျွန်ုပ်တို့ သိထားသော်လည်း ၎င်းကို ရောင်ခြယ်ခြင်းမှအစပြု၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစာရင်းရှည်ထဲမှာ ပါဝင်လာပါတယ်။
အသုံးအများဆုံး tanning နည်းလမ်းမှာ ခရိုမီယမ်ကို အခြေခံထားခြင်းဖြစ်ပြီး ပမာဏများစွာဖြင့် လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
သားရေလုပ်ငန်းဟာ ကျင့်ဝတ်ဆိုင်ရာ (နှင့် သဘာဝပတ်ဝန်းကျင်) စိုးရိမ်မှုများကို မြှင့်တင်ပေးနိုင်သည့်အပြင် တိရစ္ဆာန်များရဲ့ အသက်ပေါင်းများစွာကိုလည်း ဆုံးရှုံးစေပါတယ်။
ဒီအချက်တွေကြောင့် Zamani နှင့် ဆွီဒင်နိုင်ငံမှ သုတေသီ အဖွဲ့တစ်ဖွဲ့ဟာ မှိုမှ ရရှိသော ရေရှည်တည်တံ့သည့် ပစ္စည်းများကို ဖန်တီးကာ လမ်းကြောင်းအသစ်ကို ရှာဖွေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
သို့သော်လည်း ၎င်းတို့ရဲ့ထုတ်ကုန်ဟာ တကယ့်သားရေနှင့် ကိုက်ညီပြီး စျေးကွက်တောင်းဆိုမှုများကို လက်တွေ့ကျကျ ဖြည့် ဆည်းပေးနိုင်သည့် ထုတ်လုပ်မှုနှုန်းကို ရောက်ရှိနိုင်တယ်လည်းဟု ဆိုကြပါတယ်။

ထုတ်လုပ်မှု လုပ်ငန်းစဥ်များ
လေ့လာမှုမှာ အပြည့်အစုံကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဖန်တီးထားတဲ့ မှိုအခြေခံ ပစ္စည်းတွေဟာ ရိတ်သိမ်းထားတဲ့ မှိုတွေ သို့မဟုတ် အစားအစာ စွန့်ပစ်ပစ္စည်းတွေ သို့မဟုတ် လွှစာမှုန့်တွေပေါ်မှာ ပေါက်နေတဲ့ မှိုတွေဖြစ်ကြောင်း Zamani မှ ရှင်းပြပါတယ်။
၎င်းအတွက် လုံလောက်တဲ့ မှိုအခြေခံပစ္စည်းတွေကို ထုတ်လုပ်ဖို့ အချိန်ကြာမြင့် လိုအပ်ပါတယ်။
သို့ပေမယ့်လည်း ၎င်းတို့အသုံးပြုနေတဲ့ မှိုဟာ ရေထဲတွင် နစ်မြုပ်ထားမယ် ဆိုရင် ကြီးထွားဖို့ ရက်အနည်းငယ်သာ ကြာပါတယ်။
ဒါ့အပြင် လက်ရှိဈေးကွက်ရှိ ရေနံမှရရှိတဲ့ ဓာတုပိုလီမာဖြင့်ပြုလုပ်ထားတဲ့ သားရေပစ္စည်းတွေဟာဆိုရင် ပတ်ဝန်းကျင်ကိုထိခိုက်စေမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုများပြားပါတယ်။
သို့ပေမယ့် ၎င်းတို့တီထွင်ထားတဲ့ မှိုအခြေခံပစ္စည်းတွေကတော့ သဘာဝပစ္စည်းများကိုသာ အသုံးပြုထားတဲ့ကြောင့် ၎င်းဟာ ဇီဝပြိုကွဲပျက်စီးနိုင်ပြီး တာရှည်လည်း ခံပါတယ်။
သုတေသီတွေဟာ လုပ်ငန်းစဥ်မှာဆိုရင် ဆွေးမြေ့နေတဲ့ အစားအစာတွေပေါ်မှာ တွေ့ရလေ့ရှိတဲ့ Rhizopus delemar မှိုမျိုးကွဲတစ်မျိုးနှင့် လုပ်ဆောင်ပါတယ်။
၎င်းတို့ကို ကျွေးဖို့ အတွက် ရောင်းမကုန်တဲ့ စူပါမားကက်မှ မုန့်များကို စုဆောင်းပြီး အခြောက်လှန်းကာ မုန့်ညက်များဖြစ်အောင် ကြိတ်ချေထားပါတယ်။

ကျွေးထားတဲ့ မုန့်တွေပေါ်မှာ မှိုတွေဟာ chitin နှင့် chitosan တို့ဖြင့် ပြုလုပ်ထားသည့် အလွန်သေးငယ်တဲ့ သဘာဝအမျှင်များကို ၎င်းရဲ့ဆဲလ်နံရံတွေပေါ်မှာ စုပုံစေပါတယ်။
အစာကျွေးပြီး နှစ်ရက်အကြာမှာ ဆဲလ်များကို စုဆောင်းကာ အဝတ်အထည်တွေမှာ အသုံးပြုနိုင်သည့် ချည်မျှင်အဖြစ်သို့ ပြောင်းလဲစေပြီး အသုံးပြုခဲ့ကြပါတယ်။
သုတေသီတွေဟာ စမ်းသပ်အမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး ယခုအခါမှာ မှိုပိုးလွှာ အများအပြားကို တွေ့ရှိလာခဲ့ပါတယ်။
နောက်ဆုံးမှာ တိရိစ္ဆာန်သားရေ အစစ်ကို တုပသည့် ပစ္စည်းကို ထုတ်လုပ်ဖို့ အတွက် glycerol နှင့် bio-based binder ကိုအခြေခံပြီး ပျော့ပြောင်းမှုနှင့် ခိုင်ခံ့မှုကို မြှင့်တင်စေပါတယ်။
သို့သော်လည်း အဖွဲ့ဟာ ၎င်းတို့ရဲ့ မှိုအခြေခံ ထုတ်ကုန်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
မကြာသေးမီက ၎င်းတို့ဟာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင် မှိုပေါက်ပွားစေနိုင်တဲ့ အခြားအစားအစာစွန့်ပစ်ပစ္စည်း အမျိုးအစားများကို စတင်စမ်းသပ်ခဲ့ပါတယ်။
သုတေသီတွေက အသီးဖျော်ရည်လုပ်တဲ့နေရာမှာ အသီးအနှံမှ ဖိပြီးနောက် ကျန်ရှိတဲ့ ပျော့ဖတ်ကို အထူးစိတ်ဝင်စားနေကြပါတယ်။
၎င်းပျော့ဖက်တွေကို စွန့်ပစ်မယ့်အစား မှိုအခြေခံပစ္စည်းတွေအတွက်လည်း အသုံးပြုနိုင်တယ်ဟု သုတေသီတွေက ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။