မားစ်ဂြိုဟ်သို့ လူ မစေလွှတ်ခင် ၎င်းပုံစံတူ နေရာတွင် နေထိုင်ဖို့ စေတနာ့ဝန်ထမ်းများကို NASA မှ ခေါ်ယူ

News Science

အင်္ဂါဂြိုဟ်ပေါ်မှာ နေထိုင်ရတဲ့ အတွေ့အကြုံကို လိုချင်တဲ့ သူတွေအတွက်တော့ အခွင့်အလမ်းကောင်း လာပါပြီ။

NASA ဟာ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ ဂျွန်ဆင် အာကာသ စင်တာတွင် တည်ဆောက်ထားသည့် မားစ်ဂြိုဟ် ပုံစံတူနေရာတွင် တနှစ်ကြာ နေထိုင်နိုင်မည့် စေတနာ့ ဝန်ထမ်းများကို ရှာဖွေနေပါတယ်။

ရက်သတ္တပတ် ၆ ပတ်လောက်အထိ လျှောက်လွှာများကို လက်ခံမှာဖြစ်ပြီး ၂၀၂၂ ဆောင်းဦးမှာ ဒီမစ်ရှင်ကို စတင်မှာ ဖြစ်တယ်လို့ NASA က ပြောပါတယ်။

ကမ္ဘာ့ပြင်ပ ပတ်လမ်းဟာ ဘီလီယံနာ သူဌေးကြီးတွေ အပြိုင်အဆိုင် တည်ထောင်ထားတဲ့ အာကာသ ခရီးသွား ကုမ္ပဏီများမှ တဆင့် သွား လာနိုင်နေပြီဖြစ်လို့ နိုင်ငံများဟာ ဒီထက်ပိုဝေးကွာတဲ့ အနီးအနားမှာရှိတဲ့ မားစ်ဂြိုဟ်လို နေရာမျိုးမှာ နေထိုင်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဂြိုဟ်မျက်နှာပြင်သွား ယာဉ်ငယ်ပေါင်းများစွာကို မားစ်ဂြိုဟ်ပေါ်သို့ ပို့ဆောင်ပြီးနောက်မှာ NASA ဟာ လူလိုက်ပါတဲ့ မစ်ရှင် ကို Artemis စီမံကိန်း၏ တစိတ်တပိုင်းအဖြစ် ပြုလုပ်ဖို့ရာ မျက်စိကျနေပြီ ဖြစ်ပါတယ်။

လ မှ မားစ်ဂြိုဟ်သို့ စူးစမ်းခြင်း အစီအစဉ်အရ ၂၀၂၄ ခုနှစ်မှာ အမျိုးသား တယောက်နှင့် အမျိုးသမီးတယောက် ကို လပေါ်သို့ စေလွှတ်ဖို့ရှိပြီး ၂၀၃၀ မှာတော့ မားစ်ဂြိုဟ်ပေါ်သို့ လူလိုက်ပါတဲ့ စူးစမ်းလေ့လာမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ လ ပေါ်သို့ စူးစမ်းလေ့လာသည့် မစ်ရှင်များကို ပြင်ဆင်နေသကဲ့သို့ မားစ်ဂြိုဟ်အတွက် မစ်ရှင်များမှာလည်း နောက်ကျသွားမှာ မဟုတ်ပါဘူး။

အာကာသယာဉ်မှူးများအပေါ် မားစ်ဂြိုဟ်သွား မစ်ရှင်မှ သက်ရောက်နိုင်သည့် သက်ရောက်မှုများကို သိရှိနိုင်ဖို့ NASA ဟာ 3D နည်းပညာဖြင့် မားစ်ဂြိုဟ်ပုံစံ နေရာမျိုးကို ဂျွန်ဆင် အာကာသ စင်တာမှာ တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ဒီ သုတေသနပြုလုပ်မှုကို Crew Health and Performance Exploration Analog (CHAPEA) အာကာသယာဉ် အဖွဲ့သားများ၏ ကျန်း မာရေးနှင့် စွမ်းဆောင်ရည် စူးစမ်းမှု လို့ ခေါ်ဆိုပြီး လာမယ့်နှစ် ဆောင်းဦးကာလမှာ စတင်မှာ ဖြစ်ပါတယ်။

အဆိုပါ သုတေသနအရ လူလေးယောက်ဟာ ၁၇၀၀ စတုရန်းပေ ကျယ်ဝန်းသည့် မားစ်ဂြိုဟ်ပုံစံ တည်ဆောက်ထားသည့် အဆောက်အအုံတွင် နေထိုင်ရမှာ ဖြစ်ပါတယ်။

Mars Dune Alpha လို့ခေါ်တဲ့ ဒီ အဆောက်အအုံကို လက်ရှိမှာ 3D နည်းပညာဖြင့် တည်ဆောက်နေပြီး လူလေးယောက်စာအတွက် နေစရာနေရာ၊ သီးသန့် အလုပ်ရုံများ၊ ဆေးခန်းတခု၊ ဘုံသုံး ဧည့်ခန်းနေရာ အပါအဝင် မီးဖိုခန်းနှင့် စိုက်ပျိုးရာနေရာ များပါ ပါဝင်ပါတယ်။

အဆိုပါ အဆောက်အအုံအတွင်းတွင် စက်ပစ္စည်းချို့ယွင်းမှု၊ ဆက်သွယ်ရေး နှောင့်နှေးမှုနှင့် ပတ်ဝန်းကျင် ဖိအားများ စတဲ့ မားစ်ဂြိုဟ်သို့ သွားရောက်နေထိုင်လျှင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သိပ္ပံနည်းကျ သုတေသနလုပ်ခြင်း၊ VR ပုံရိပ်တုများကို အသုံးပြုပြီး စက်ရုပ်များကို ထိန်းချုပ်ခြင်းနှင့် အာကာသတွင်း လမ်းလျှောက်မှုများကိုပါ စမ်းသပ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဆောက်အအုံအတွင်းမှ လုပ်ဆောင်ချက်များဟာ အဆိုပါ စနစ်များ၏ လုပ်ဆောင်ချက်များကို စမ်းသပ် အတည်ပြုနိုင်မည့်အပြင် ဖြစ်ပေါ်လာနိုင်မယ့် ပြသနာများကိုပါ ကြိုတင်ဖြေရှင်းဖို့ နည်းလမ်းများ ရရှိစေမှာ ဖြစ်ပါတယ်။

“ကမ္ဘာပေါ်မှာ ရှိနေစဉ် ဒီလို သရုပ်ဖန်တီးမှု simulation များ ပြုလုပ်တာဟာ အာကာသယာဉ်မှူးများ တကယ်ကြုံတွေ့ လာရမယ့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို နားလည်ဖို့နှင့် တန်ပြန်နိုင်ဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်”

လို့ NASA ၏ အဆင့်မြင့် အစားအစာ နည်းပညာ သုတေသန အဖွဲ့၏ ခေါင်းဆောင် သိပ္ပံပညာရှင် Grace Douglas က ပြောပြ ပါတယ်။

စေတနာ့ ဝန်ထမ်း ရွေးချယ်ရာမှာလည်း NASA ဟာ ၎င်းရဲ့ အာကာသယာဉ်မှူးများ ရွေးချယ်ရာမှာ အသုံးပြုတဲ့ စံနှုန်းများအတိုင်း ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းအတွက် NASA မှ အမေရိကန်နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရ သူတွေထဲမှ အသက် ၃၀ မှ ၅၅ နှစ်ကြား၊

သင်္ချာ၊ သိပ္ပံ သို့မဟုတ် အင်ဂျင်နီယာ မဟာဘွဲ့ရထားပြီး ၂ နှစ် အတွေ့အကြုံရှိ သို့မဟုတ် လေယာဉ် နာရီ ၁ ထောင် မောင်းဖူးသည့် အတွေ့ အကြုံ ရှိသူများသာ ဝင်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

NASA ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း အခုလို မစ်ရှင်မျိုး ၃ ခုလောက် စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။

မားစ်ဂြိုဟ်ဟာ သက်ရှိတွေနေထိုင်ဖို့ အထောက်အပံ့ ဖြစ်လာနိုင်တယ်လို့ မကြာသေးမီက ရရှိထားတဲ့ အထောက်အထားများအရ အကြံပြုထားပြီးနောက်မှာ မားစ် ခေါ် ဂြိုဟ်နီကြီးကို လာမယ့် နှစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်ဖို့ ကြိုးစားနေတဲ့ ပြိုင်ပွဲဟာလည်း ပြင်းထန်လာနေပြီပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *