ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်တဲ့ NASA ၏ X-48 သရုပ်ပြ လေယာဉ် အကြောင်း

Innovation Tech

၆ နှစ်နီးပါး ပျံသန်းမှုအများ အပြီး ၂၀၁၃ ခုနှစ်မှာ NASA ဟာ ၎င်း၏ အဝေးထိန်းစနစ်ဖြင့် ပေါင်းစပ်ထားသည့် X-48 ပျံသန်းစမ်းသပ်မှု စီမံ ကိန်းဟာ အပြီးသတ်ပြီးပြီ ဖြစ်တယ်လို့ အဲဒီ့ တုန်းက ကြေငြာခဲ့ပါတယ်။

အဆိုပါ စမ်းသပ် ပျံသန်းမှုများဟာ အသံ ဆူညံမှု နှင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန် လေယာဉ်သစ်များ ဒီဇိုင်းဆွဲခြင်းနှင့် တီထွင်ခြင်းတို့ အတွက် NASA ၏ ကတိကဝတ်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။

NASA ၏ သဘာဝ ပတ်ဝန်းကျင် ရည်မှန်းချက်နှင့် ကိုက်ညီစေရန် ဒီဇိုင်းထုတ်ထားသော လေယာဉ် တစင်းဖြစ်သည့် ငါးလိပ်ကျောက်ပုံစံ ဒီဇိုင်းနှင့် X-48 ဟာ ပျံသန်းမှု ၁၂၂ ခု ပြုလုပ်ခဲ့ပြီး ဖြစ်သည့် သရုပ်ပြ လေယာဉ် တစင်း ဖြစ်ပါတယ်။

X-48 B နှင့် C အား ကွန်ပျူတာဖြင့် ပုံဖော်ထားပုံ

ပထမဆုံး အနေဖြင့် ၂၀၀၇ ခုနှစ်တွင် စတင် ပျံသန်းခဲ့ပြီး နောက်ဆုံး အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

X-48 လေယာဉ်ကို Boeing Co. မှ ဒီဇိုင်းဆွဲခဲ့ပြီး ဗြိတိန်အခြေစိုက် Cranfield Aerospace Limited မှ တည်ဆောက်ကာ NASA မှ စမ်း သပ် ပျံသန်းမှုများ ပြုလုပ်ခဲ့တာပါ။

၎င်းဟာ ယခု မှစ၍ လာမယ့် အနှစ် ၂၀ အတွင်း လေယာဉ် ဒီဇိုင်းများ ဖွံ့ဖြိုးရန် ရည်ရွယ်သော NASA ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ယူမှုဆိုင်ရာ လေကြောင်းစီမံချက် မှ ဆင်းသက်လာသည့် အနာဂါတ် Hybrid Wing Body (HWB) လေယာဉ် ဒီဇိုင်းအတွက် သရုပ်ပြ လေယာဉ် အဖြစ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ NASA ဟာ အနာဂါတ်တွင် ကာဗွန်မထုတ်လွှတ်သည့် လေယာဉ်များ တီထွင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

NASA မှ စမ်းသပ် ပျံသန်းခဲ့သည့် X-48 ၏ မျိုးကွဲ ၂ ခုကတော့ X-48B နှင့် X-48C ဖြစ်ပြီး C မျိုးကွဲဟာ မူလ B မျိုးကွဲ ပုံစံကို ၂၀၁၀ ခုနှစ်မှာ အသံဆူညံ့မှု လျှော့ချထားသည့် ကိုယ်ထည်ပုံစံအဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

C မျိုးကွဲတွင် winglet များကို အင်ဂျင်အနီးသို့ ရွှေ့ပြောင်းလိုက်ပြီး အမြှီး ၂ ခုပုံစံ ဖြစ်သွားကာ B မျိုးကွဲတွင် တပ်ဆင်ထားသည့် ပေါင် ၅၀ ဂျက်အင်ဂျင် ၃ လုံး အစား ၈၉ ပေါင် ဂျက်အင်ဂျင် ၂ လုံးကို ပြောင်းလဲ တပ်ဆင်ခဲ့ပါတယ်။

X-48B

X-48C ဟာ တောင်ပံ အကျယ် ပေ ၂၀ ရှိပြီး ပေါ့ပါးသည့် ပေါင်းစပ် သတ္တုများကို အသုံးပြု ထားသောကြောင့် အလေးချိန် ပေါင် ၅၀၀ လောက် သာ ရှိပါတယ်။

လေယာဉ်ဟာ အကြမ်းဖျင်းအားဖြင့် တနာရီလျှင် မိုင် ၁၄၀ နှုန်းအထိ ပျံသန်းနိုင်ပြီး အမြင့်ဆုံး အမြင့်ပေ ၁ သောင်း (၃,၀၄၈ မီတာ) လောက်အထိ တက်ရောက်နိုင်ပါတယ်။

X-48B နှင့် X-48C တို့ကို စမ်းသပ် ပျံသန်းမှုများအတွင်း အသုံးပြုခဲ့သည့် ပျံသန်းမှု ထိန်းချုပ်ရေး စနစ် ဆော့ဖ်ဝဲလ်ဟာ အနာဂါတ်မှာ အ ပြည့် အဝ စီပွားဖြစ်ထုတ်လုပ်ဖို့ အလားအလာရှိတဲ့ ကိုယ်ထည်နှင့် ရောစပ်ထာ;သည့် အတောင်ပံ အသုံးပြုသည့် လေယာဉ်များတွင် အသုံး ပြုဖို့ သင့်တော်တယ်လို့ NASA ဆိုပါတယ်။

ပျံသန်း စမ်းသပ်မှုဟာ လောင်စာဆီ အသုံးပြုမှု လျှော့ချဖို့၊ ကာဗွန် ထုတ်လွှတ်မှု လျှော့ချဖို့ နှင့် ဆူညံမှုတွေ လျှော့ချဖို့ များအတွက် စတဲ့ NASA ၏ ရည်ရွယ်ချက်များကို ပံ့ပိုးဖို့ တခုထဲ အတွက် မဟုတ်ပါဘူး။

X-48C အားစမ်းသပ်နေစဉ်

အမေရိကန် အာကာသ အေဂျင်စီဟာ ၎င်း၏ X-59 ခေါ် အသံငြိမ်သက်သည့် အသံထက်မြန် ဂျက်လေယာဉ် တည်ဆောက်မှုကို မကြာသေးမီက ဖော်ပြခဲ့ပါသေးတယ်။

ဒီအကြောင်းကို “အသံထက်မြန် ခရီးသည်တင်လေယာဉ်သစ်တွင် လေခွင်းသံ လျှော့ချထားမည်” တွင် အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

ဒီလေယာဉ်ဟာ Sonic Boom လို့ခေါ်တဲ့ အသံ၏ အလျှင်ကို ကျော်ဖြတ်သည့်အခါ ထွက်ပေါ်လာသည့် ပေါက်ကွဲသံကဲ့သို့ လေခွင်းသံကြီးကို လျှော့ချပေးထားသည့် ဒီဇိုင်းသစ်အတွက် သရုပ်ပြလေယာဉ်အဖြစ် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

X-48 နှင့် များစွာတူညီတဲ့ X-59 ဟာလည်း လောင်စာဆီ X-48 နှင့် များစွာတူညီတဲ့ X-59 ဟာလည်း လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ နှင့်

ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ NASA ၏ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလို့ ဆိုနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.