NASA ၏ X-48 နှင့် ဆင်တူသည့် Natilus ၏ လေယာဉ်သစ်နှင့် အနာဂါတ် လေကြောင်းကုန်စည် ကဏ္ဍ

News Tech

နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးဆက်အနေဖြင့် အနာဂါတ်အတွက် ကုန်တင် လေယာဉ်များမှာလည်း တိုးတက်မှုများ ရှိနေပြီ ဖြစ်ပါတယ်။

ကယ်လိုဖိုးနီးယားပြည်နယ် အခြေစိုက် Natilus ကုမ္ပဏီဟာ ၎င်းရဲ့ မောင်းသူမဲ့ လေယာဉ်သစ် တစင်းကို မိတ်ဆက်လိုက်ပါတယ်။

ဒီလေယာဉ်သစ်ဟာ သမားရိုးကျ လေယာဉ်မျိုးမဟုတ်ဘဲ ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်စည် သယ်ဆောင်နိုင်မယ့် ကုန်တင်လေယာဉ် အမျိုးအစားပဲ ဖြစ်ပါတယ်။

ကုမ္ပဏီ၏ ဒီဇိုင်းဟာ NASA မှ အတောင်နှင့် တဆက်ထဲ ကိုယ်ထည်ရှိသည့် X-48 လေယာဉ်နှင့် ဆင်တူပါတယ်။

NASA ၏ X-48B

X-48 အကြောင်းကို “ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်တဲ့ NASA ၏ X-48 သရုပ်ပြ လေယာဉ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ လေယာဉ် ဒီဇိုင်းဟာ အလေးချိန်တူညီတဲ့ သမားရိုးကျ လေယာဉ်များထက် ကုန်တင်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းပိုပြီး ကုန်ကျစရိတ်သက်သာစေကာ ကာဗွန်ထုတ်လွှတ်မှုကိုလည်း ထက်ဝက်လောက် လျှော့ချနိုင်မယ်လို့ ပြောပါတယ်။

ယခု ဒီဇိုင်းကို အသုံးပြုထားတဲ့ Natilus ၏ ပထမဆုံး မော်ဒယ် N3.8T ဟာ လေယာဉ်နှင့် ဝန် စုစုပေါင်း အလေးချိန် ၈.၆၁၈ ကီလိုဂရမ် လောက်ဖြင့် ပျံတက်နိုင်ပြီး အကွာအဝေး ၁,၆၆၇ ကီလိုမီတာလောက်အထိ သွားနိုင်ကာ ကုန် တန်ချိန် ၃.၈၅ တန်လောက် တင်နိုင်ပါတယ်။

Image: Courtesy of Natilus

ကုမ္ပဏီဟာ ဒုတိယမြောက် အင်ဂျင် နှစ်လုံးတပ် မော်ဒယ်ကို စမ်းသပ်နေပြီး ၂၀၂၅ ခုနှစ်လောက်မှာ ပထမဆုံး ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဝေဟင် ကုန်စည်သယ်ယူ စရိတ် ထက်ဝက်လျော့ကျ

NASA ၏ X-48 အယူအဆ ဒီဇိုင်းနှင့် များစွာ ဆင်တူတဲ့ Natilus ရဲ့ N3.8T ဟာ လောင်စာဆီစားသုံးမှု အလွန်သက်သာပြီး ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ကျစေပါတယ်။

ကျယ်ပြန့်လှတဲ့ လေယာဉ် ကိုယ်ထည်ကြောင့် ကုန်စည်ကို ပိုမိုတင်ဆောင် နိုင်စွမ်း ရှိတဲ့အတွက် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကို လျှော့ချနိုင်တာပါ။

Image: Courtesy of Natilus

ဒီလေယာဉ် အမျိုးအစား များကို ဆက်လက် အဆင့်မြှင့်တင် သွားဖို့ အစီအစဉ်များ ရှိပြီး အကွာအဝေး ၈,၂၂၀ ကီလိုမီတာလောက် အထိ ပျံသန်းနိုင်အောင် ကြိုးစားနေကြပါတယ်။

Natilus ဟာ မကြာသေးမီကပဲ ဒရုန်းကွန်ယက်ဖြင့် ဝန်ဆောင်မှု ပေးနေသည့် Volatus Aerospace နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းအတွက် ပထမဆုံး N3.8T ကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကပ်ရောဂါ ကာလ အတွင်း e-commerce အွန်လိုင်း မှာယူမှု ကဏ္ဍ ကြီးမား လာတဲ့အတွက် ကုန်တင် လေယာဉ်များ မလုံ လောက် မှု အခက်အခဲများ ကြုံတွေ့ခဲ့ရပါတယ်။

Boeing 777-8 Image: Courtesy of Simpleflying

ဒါ့ကြောင့် ကုမ္ပဏီပေါင်း များစွာဟာ ၎င်းတို့၏ ကုန်တင်လေယာဉ်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်လာကြပါတယ်။

Boeing ဟာလည်း မကြာသေးမီကပဲ ယခင်ထက် လောင်စာဆီ သုံးစွဲမှု ၂၅ ရာခိုင်နှုန်းလောက် လျှော့ချနိုင်တဲ့ Boeing 777-8 လေယာဉ်သစ်ကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း ကြေငြာခဲ့ပါတယ်။

အလားတူ ကယ်လီဖိုးနီးယား အခြေစိုက် H2 Clipper လို့ခေါ်တဲ့ ကုမ္ပဏီဟာလည်း ကာဗွန်ထုတ်လွှတ်မှု မရှိတဲ့ လေသင်္ဘောများကို ထုတ်လုပ်နိုင်ဖို့ ရင်းနှင်း မြှုပ်နှံသူများ ရှာဖွေနေပါတယ်။

H2 Clipper Image: Courtesy of H2 Clipper

အဆိုပါ လေသင်္ဘောများဟာ သမားရိုးကျ ကုန်တင်လေယာဉ်များ၏ တန်ဖိုးထက် ၄ ပုံ ၁ ပုံလောက်သာ ကုန်ကျမှာ ဖြစ်ပါတယ်။

လေကြောင်း ကုန်စည် စီးဆင်းမှု မြင့်တက်လာတာနဲ့အတူ လောင်စာဆီစားသက်သာပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ ခေတ်မှီ ကုန်တင်လေယာဉ်များနှင့် လေသင်္ဘောများကို မကြာခင်မှာ မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *