အာကာသမြင်ကွင်းကို ကော့တေးစုပ်ရင်း လေ့လာနိုင်စေမယ့် Neptune

Innovation Science

“သင်ဟာ ရော့ကတ် ဒုံးပျံလိုမျိုး တုန်ခါမှု နှင့် မြန်ဆန်မှုကို ရှာဖွေနေတာ ဆိုရင်တော့ သင်လာတဲ့ နေရာမှားနေပြီ” လို့ Space Perspective ၏ တည်ထောင်သူ Jane Poynter က ပြောပါတယ်။

ဆိုလိုတာကတော့ သူတို့ဟာ ရော့ကတ်ကို အခြေခံတဲ့ အာကာသ ခရီးသွားလုပ်ငန်း မျိုး လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ “ကျွန်မတို့ရဲ့ အာကာသသွား Neptune မီးပုံးပျံယာဉ်ဟာ အာကာသအတွင်းကို ငြင်သာစွာရောက်ရှိနိုင်ပြီး လိုက်ပါ စီးနင်းသူတွေကို နက္ခတာရာနှင့် ပတ်သက်သည့် အတွေ့အကြုံတွေ ရယူနိုင်ဖို့ ပေးစွမ်းသွားမှာပါ” လို့ သူမက ဆက်ပြောပါတယ်။

ဘောလုံးကွင်းလောက်ရှိတဲ့ အာကာသအထိ တက်ရောက်နိုင်မယ့် မီးပုံးပျံ ဟာ တနာရီကို ၁၂ မိုင်နှုန်းဖြင့် သွားလာနိုင်ပြီး ဒုံးပျံအင်ဂျင်စနစ်သုံး Virgin Galactic နှင့် Blue Origin တို့၏ အာကာသယာဉ်များနှင့် ကွာခြားပါတယ်။

Neptune အာကာသ မီးပုံးပျံ တွင် ဖိအားပေးထားသည့် အခန်းကျယ်ကြီး ပါဝင်ပြီး ပတ်ပတ်လည်တွင် ပြတင်းပေါက်များ တပ်ဆင်ထားကာ ဘားနှင့် ရေချိုးခန်းများလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အခန်းအတွင်း WIFI တောင် ပါဝင်မှာဖြစ်ပြီး ခရီးသည် ၈ ယောက်နှင့် ယာဉ်မှူး ၁ ယောက်တို့ဟာ ခုံပေါ်မှာ အေးဆေးစွာ ထိုင်ရင်း စကားစ မြည်ပြောကာ ကော့တေးစုပ်ပြီး အာကာသ ရှုခင်းများကို ကြည့် ရှုနိုင်မယ်လို့ ဆိုပါတယ်။

ယာဉ်ဟာ ၎င်း၏ အခြေစိုက်ရာ ကနေဒီ အာကာသ စင်တာမှ တက်ရောက်ပြီး ဖလော်ရီဒါ ကျွန်းဆွယ် မှ အရှေ့ဘက် ကမ်းရိုးတန်း တလျှောက် ရှုခင်းများကို ကြည့်ရှုပြီးနောက် တဖြည်းဖြည်း အာကာသ အစွန်သို့ ရောက်ရှိပြီး ကမ္ဘာကြီး တခုလုံးကို လေ့လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Poynter မှ သင်ဟာ ထူးခြားတဲ့ ကောင်းကင် အနေအထားကို အမှန်တကယ် ခံစားနိုင်မှာဖြစ်ပြီး ကမ္ဘာမြေ နှင့် အာကာသကို ပိုင်းခြားထားတဲ့ အပြာရောင်မျဉ်းကြောင်းကို တွေ့ရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

NASA မှ ပထမဆုံး လေ့လာရေးနှင့် သုတေသန လုပ်ငန်းများအတွက် စမ်းသပ်ခဲ့ပြီး အသုံးပြုခဲ့သည့် အမြင့်သွား မီးပုံးပျံ များဟာ ၁၉၃၀ ခုနှစ်များကတည်းက ရှိနေတာ ဖြစ်ပါတယ်။

Poynter နှင့် သူမ၏ အမျိုးသား Space Perspective ၏ ပူးတွဲတည်ထောင်သူ Taber MacCallum တို့ဟာ ၂၀၁၄ ခုနှစ်က Alan Eustace ဆိုသူအား အမြင့်ပေ ၁၃၅,၉၈၀ မှ လေထီးခုန်ကာ စံချိန်တင်စေခဲ့တဲ့ အာကာသ မီးပုံးပျံ ကို တီထွင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

Neptune အာကာသသွား မီးပုံးပျံ၏ တက်ရောက်နိုင်တဲ့ အမြင့်ပေ ၁ သိန်းဟာ နည်းပညာအရ အာကာသလို့ မဆိုနိုင်ပါဘူး။

သို့ပေမယ့် Poynter မှ ၎င်းဟာ အာကာသအစွန်နားသို့ ရောက်ရှိခဲ့သည့် ဒုံးပျံယာဉ်စီးသည့် အတွေ့အကြုံ (သူဌေးကြီး ရစ်ချက်ဘရင်ဆင် ကဲ့သို့ Virgin Galactic ယာဉ်စီးစဉ် အလေးချိန်မဲ့သည့် ခံစားမှုမျိုး) ကို ပုံတူယူနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Neptune ဟာ လိုက်ပါသူတို့ကို ပိုမို ဇိမ်တွေ့စေမှာ ဖြစ်ပြီး ကမ္ဘာကြီး၏ ကွေးညွှတ်မှု နှင့် အပေါ်က အာကာသ၏ မဲမှောင်မှုတို့ကို လေ့လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ ဒီဇိုင်းဆွဲထားတဲ့ ပုံစံကတော့ လိုက်ပါသူတို့ကို အရပ်ဖက်သုံး လေယာဉ်များ စီးနင်းသလိုမျိုး လွယ်ကူအောင် ပြုလုပ်ထားတာပါ။”

“ကျွန်မတို့ဟာ စီးနင်းသူများကို သက်တောင့် သက်သာ ထိုင်နိုင်ပြီး ဇိမ်ကျတဲ့ အတွေ့အကြုံကိုပါ ရစေချင်တာပါ” လို့ Poynter ကပြောပါတယ်။

ဇွန်လအတွင်း ရှေ့ပြေးပုံစံ အောင်မြင်ပြီးနောက်မှာ Space Perspective မှ အဆိုပါ အာကာသ ရှုခင်းကြည့် ပျံသန်းမှုအတွက် လက်မှတ်များကို တခုံလျှင် ဒေါ်လာ ၁၂၅,၀၀၀ ဖြင့် ရောင်းချနေပြီး ၂၀၂၄ တွင် ပထမဆုံး စတင် ပျံသန်းမယ်လို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *