တကယ်တော့ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရှာဖွေ တွေ့ရှိထားတဲ့ ဗိုင်းရပ်စ် အရေအတွက်ဟာ အနည်းငယ်မျှသာ ရှိနေပါသေးတယ်။
ဗိုင်းရပ်စ်များကို ရှာဖွေလေ့လာခြင်းဟာ ကမ္ဘာ ကြီးကို အကျိုးပြုရုံသာမက ကပ်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ဖို့ အများကြီး အထောက်အကူ ပြုပါတယ်။
မကြာသေးမီကပဲ အနည်းဆုံး ဗိုင်းရပ်စ် အမျိုးအစားသစ်ပေါင်း ၅,၀၀၀ ကျော်ကို ကမ္ဘာအနှံ့ရှိ သမုဒ္ဒရာများထဲမှရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတခု ဖြစ်လာပါတယ်။
သုတေသီများဟာ တွေ့ရှိထားတဲ့ အဆိုပါ ဗိုင်းရပ်စ် အသစ်များကို မှန်ကန်စွာ အမျိုးအစား ခွဲခြားနိုင်ဖို့အတွက်အဆိုပြုဖို့ ရှိနေပါတယ်။

ဒီလုပ်ငန်းစဉ်ကို နိုင်ငံတကာ သုတေသီများ အဖွဲ့က ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး သမားရိုးကျ ဆင့်ကဲပြောင်းလဲမှု လေ့လာသည့် ပုံစံနှင့် ကွန်ပျူတာ စနစ်သုံး machine learning ခွဲခြမ်း စိတ်ဖြာမှု ပုံစံကို ပေါင်းစပ်ကာ ကမ္ဘာ အနှံ့မှရေ နမူနာပေါင်း ၃,၅၀၀၀ လောက်ကို လေ့လာပြီး ဗိုင်းရပ်စ်သစ်များ၏ RNA မျိုးရိုးဗီဇများကို ဖော် ထုတ်ခဲ့တာပါ။
ရှာဖွေတွေ့ရှိခဲ့တဲ့ အရေအတွက်ဟာ လူ၊ အပင်နှင့် တိရစ္ဆာန်များကို ထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားထောင်ပေါင်းများစွာ အနက်က သေးငယ်တဲ့ ပမာဏလောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
The Science ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ ယခု တွေ့ရှိမှုမှ ဗိုင်းရပ်စ်များတွင် ယခင်က တွေ့ရှိ ပြီးသား ဗိုင်းရပ်စ် ရာပေါင်းများစွာနှင့် ဆက်စပ်နေသည့် RNA ၅ ခု ပါဝင်သည် သာမက နောက်ထပ် RNA အသစ် ၅ ခုကိုပါ တွေ့ရှိလာတာ ဖြစ်ပါတယ်။
၎င်းတို့တွင် Taraviricota, Pimiviricota, Paraxenoviricota, Wamoviricota နှင့် Arctivirikota တို့ပါဝင်ပြီး အသစ် တွေ့ရှိထားသည့် ဗိုင်းရပ်စ်မျိုးစိတ်များတွင် Taraviricota အမျိုးအစားများ အများဆုံး ပါဝင်ပါတယ်။
“အမျိုးအစားသစ်ပေါင်း များစွာတွေ့ရှိ ခဲ့ရသည့် အနက် Taraviricota အမျိုးအစားဟာ သမုဒ္ဒရာတွေမှာ အများဆုံးတွေ့ရှိရသည့် အပြင် ၎င်းတို့ဟာ ဂေဟစနစ်အရလည်း အရေးကြီး တယ်လို့ အကြံပြုလိုပါတယ်” လို့ Ohio ပြည်နယ် တက္ကသိုလ်မှ စာတမ်းကို ဦးဆောင် ပြုစုသူ Matthew Sullivan ကပြောပါတယ်။

သုတေသီများ အဆိုအရ ဗိုင်းရပ်စ်များဟာ အလုပ်လုပ်ပုံ အဆင့် ၃ ဆင့်ရှိပြီး ဆဲလ်များကို သုတ်သင်ခြင်း၊ ၎င်းတို့စွမ်းအင်အတွက် အဆိုပါ ဆဲလ်များကို အသုံးချခြင်းနှင့် လက်ခံကောင် တခုမှ တခုသို့ မျိုးရိုးဗီဇ ကူးပြောင်းခြင်းများ ပါဝင်ပါတယ်။
အဆိုပါ ဗိုင်းရပ်များဟာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုအတွက် တကမ္ဘာလုံး ဆိုင်ရာ ကာဗွန်စုပ်ယူမှု၏ တဝက်ကိုတာဝန်ယူပေးနေသည့် သမုဒ္ဒရာ လုပ်ငန်းစဉ်၏ တစိတ်တပိုင်း အဖြစ် ပါဝင်နေတယ်လို့လည်း သိရပါတယ်။
ဗိုင်းရပ်စ်များကို အမျိုးအစားခွဲခြားသည့် လုပ်ငန်းများဟာလည်း ၎င်းတို့၏ ဂေဟစနစ်အပေါ် သက်ရောက်နေမှုများကို လေ့လာနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သိရ ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကော်မတီ တခုဖြစ်တဲ့ Taxonomy of Viruses (ICTV) မှလည်း Ortornavirs တွင်ပါဝင်သည့် ဗိုင်းရပ်စ်မျိုးရင်း ၅ မျိုးကို မကြာသေးမီက အသိအမှတ် ပြုပေးခဲ့ပါတယ်။
သုတေသီများဟာ လက်ရှိတွင် အမျိုးအစားသစ် များကို ရှာဖွေ တွေ့ရှိနိုင်ဖို့ နှစ်သန်း ထောင်ပေါင်းများစွာကကွင်းဆက်များမှ တဆင့် machine language analysis နည်းကို အသုံးပြုကာ လေ့လာနေတာပါ။

လက်ရှိအချိန်အထိ ဆင့်ကဲ ကွင်းဆက်ပေါင်း ၄၄,၀၀၀ ကျော်ကို အဆိုပါနည်းလမ်းကို အသုံးပြုကာ RNA များကိုတိကျစွာ ခွဲခြားပြီး လေ့လာထားပါတယ်။
Dr. Sullivan မှ ၎င်းတို့ဟာ ကွန်ပျုတာ စနစ်ကို အသုံးပြုပြီး ဗိုင်းရပ်စ်များ မျိုးပွါးကာ ဆင့်ကဲပြောင်းလဲမှုကို ဖန်တီးပြီး လက်ရှိ ဗိုင်းရပ်များနှင့် နှိုင်းယှဉ်ကာ လေ့လာခဲ့တယ်လို့ ပြောပါတယ်။
လေ့လာမှုမှ ထွက်ပေါ်လာတဲ့ အရေအတွက် ၅,၅၀၀ လောက်ရှိသည့် ဗိုင်းရပ်စ်များ၏ 3D တည်ဆောက် ပုံအရလက်ရှိ သိရှိပြီးသား Ortornavirs ၏ RNA အမျိုးအစား ၅ မျိုးနှင့်တူညီမှု မရှိတာကို တွေ့ရပါတယ်။
သုတေသီများကတော့ Ortornavirs RNA ဗိုင်းရပ်စ် အမျိုးအစားသစ် တွေ့ရှိမှုဟာ ၅ ခုမကဘဲ ၁၁ ခုလောက်အထိ ရှိတယ်လို့လည်း ပြောပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။