ရုရှား၏ အင်ဂျင်တလုံးတပ် ရေဒါပျောက် လေယာဉ်သစ်ဟု ယူဆရသည့် လေယာဉ်တစီးကို မော်စကိုမြို့တော်အပြင်ဘက် Zhukovsky အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ဇူလိုင်လ ၁၅ ရက်နေ့က တွေ့မြင်ခဲ့ရပါတယ်။
ဒီပုံတွေဟာ လူမှုကွန်ယက်တွေမှာ ပျံနှံ့ခဲ့ပြီး တကယ် ရှေ့ပြေးပုံစံ လေယာဉ်အစစ်လား ပုံစံတူပြုလုပ်ထားတဲ့ အတုလားဆိုတာကတော့ မသဲကွဲပါဘူး။
ဒီတပတ်ထဲမှာပဲ ရုရှားရဲ့ United Aircraft Corporation UAC မှ ၎င်းတို့၏ တိုက်လေယာဉ်သစ်ကို MAKS-2021 နိုင်ငံတကာ လေကြောင်း ပြပွဲတွင် ပြသမယ်လို့ ကြေငြာခဲ့ပါတယ်။
UAC မှာ “အရာရာဟာ ထင်တာထက် ပိုလွယ်နေတယ်” လို့ ပြောပြီး ၎င်းတို့၏ လေယာဉ်ကို “Checkmate” လို့ တင်စား ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ အဲဒီ့ လေယာဉ် ပြသဖို့အတွက် ဝက်ဘ်ဆိုက် တစ်ခုပြုလုပ်ပေးထားပြီး လေယာဉ်သစ် ပြသမည့်အချိန်ကို စောင့်ဆိုင်းနိုင်ဖို့ timer ဖြင့် ပြသပေးထားပါတယ်။
မေလအတွင်းက The Week မဂ္ဂဇင်း၏ သတင်းများအရ Shkhoi ဒီဇိုင်းဌာနမှ အင်ဂျင်တလုံးတပ် တိုက်လေယာဉ်တစင်း ထုတ်လုပ်နေပြီလို့ ရေးသားခဲ့ဖူးပါတယ်။
ဒီလေယာဉ်အကြောင်းကို ကျွန်တော်တို့ Knowledgeworms မှလည်း ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပြီး ဖြစ်ပါတယ်။
အဲဒီ့သတင်းဟာလည်း မကြာသေးမီက ရုရှား ဒုဝန်ကြီးချုပ် ယူရီ ဘော်ရီဆော့ ရဲ့ စားပွဲပေါ်မှာ တွေ့မြင်ခဲ့ရတဲ့ တိုက်လေယာဉ် အသစ်ရဲ့ ပုံကို ကိုးကားပြီး သုံးသပ်ပြထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့လေယာဉ်ပုံစံငယ်ဟာ လေဝင်ပေါက် air intake ကို F-16 များကဲ့သို့ လေယာဉ်ရဲ့ မေးစေ့ အောက်နားမှာ တပ်ဆင်ထားပါတယ်။
ပုံစံအားဖြင့် အမေရိကန် Joint Strike Fighter (JSF) program မှ F-35 ဒီဇိုင်းနှင့် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်သွားတဲ့ Boeing ရဲ့ X-32 ဒီဇိုင်းနှင့် ဆင်တူပါတယ်။
ဒီဇိုင်းနဲ့ ပတ်သက်လို့ကတော့ လေယာဉ်အသစ် ထွက်လာမှသာ ခန့်မှန်းထားသည်များ ဟုတ်မဟုတ် မြင်ရမှာပဲ ဖြစ်ပါတယ်။
ယခင်က သုံးသပ်ချက်များအရ ဒီလေယာဉ်ဟာ အသံထက် ၂ ဆမြန်မှာဖြစ်ပြီး Thrust Vectoring စနစ် ပါဝင်ဖွယ်ရှိမှာပါ။
ယေဘုယျအားဖြင့် အင်ဂျင် တလုံးတပ် တိုက်လေယာဉ်များဟာ ကုန်ကျစရိတ် နှင့် ပြုပြင် ထိန်းသိမ်းမှု လိုအပ်ချက် နည်းပါးပြီး ရုရှားဟာ ၎င်း၏ ဆိုဗီယက်ခေတ် MiG-29 နှင့် Su-25 အနီးကပ် ပစ်ကူ တိုက်လေယာဉ်များနေရာမှာ အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021