Sydney နှင့် UNSW တို့မှ ဇီဝဆေးသုတေသနအဖွဲ့တစ်ဖွဲ့မှ သုံးလကြာလေ့လာမှုတစ်ခုလုပ်ပြီး တီထွင်ထားတဲ့ bionic eye ဟာ လူတွေကို စမ်းသပ်ဖို့ စတင်နေပြီဖြစ်ကာ ရေရှည်အသုံးပြုဖို့အတွက် ဘေးကင်းကြောင်း အခိုင်အမာ ဆိုထားပါတယ်။
Sydney တက္ကသိုလ်မှ ထုတ်ပြန်ချက်တစ်ခုမှာ Phoenix99 Bionic Eye ဟာ နားမကျန်းမှုတွေ ၊retinitis pigmentosa ကဲ့သိုသော ရောဂါတွေကြောင့် ယိုယွင်းလာတဲ့ အမြင်အာရုံချို့ယွင်းမှုနှင့် မျက်စိကွယ်ခြင်း ကဲ့သို့သော ဝေဒနာခံစားနေရတဲ့ လူများအတွက် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာစေအောင် အစားထိုးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မျက်လုံးနှင့် ချိတ်ဆက်ထားတဲ့ လှုံ့ဆော်ပေးတဲ့ကိရိယာနှင့် နားအနောက် အရေပြားအောက်တွင် နေရာယူထားတဲ့ ဆက်သွယ်ရေးစနစ်ဟာ တွယ်ဆက် တပ်ဆင်အသုံးပြုရမည့် အဓိကအစိတ်အပိုင်းနှစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်ကို Biomaterials တွင် ထုတ်ဝေခဲ့ပြီး သုတေသီတွေဟာ ခွဲစိတ်မှုနည်းပညာ ပိုမိုကောင်းမွန်ဖို့အတွက် ကိရိယာ တပ်ဆင်ပြီးနောက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံနှင့် ပြန်လည်တိုးတက် ကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး သိုးတွေကို စမ်းသပ်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။
ဇီဝဆေးသုတေသနအဖွဲ့ရဲ့ အဆိုအရ စမ်းသပ်မှု အောင်မြင်တယ်ဟု ဆိုပြီး ယခုအခါ အဆိုပါကိရိယာကို လူသားများတွင် စမ်းသပ်တော့မည်ဟု ဆိုပါတယ်။

Phoenix99 Bionic Eye ဟာ မျက်လုံးရဲ့နောက်ဘက်ရှိ အာရုံကြောလွှာ အလွှာပါးလေးဖြစ်တဲ့ မြင်လွှာကို လှုံ့ဆော်ပေးပါတယ်။
ကျန်းမာတဲ့ မျက်လုံးတွေမှာ ဆိုရင် အလွှာတွေရဲ့ ဆဲလ်များထဲမှ တစ်ခုဟာ ဝင်လာတဲ့ အလင်းကို ဦးနှောက်သို့ ပို့ဆောင်ပေးတဲ့ လျှပ်စစ်အချက်ပြမှုတွေအဖြစ်သို့ ပြောင်းလဲပေးပါတယ်။
ဒီအရေးကြီးတဲ့ပြောင်းလဲမှုအတွက် တာဝန်ရှိတဲ့ဆဲလ်တွေဟာ အမြင်အာရုံချို့ယွင်းမှုများစွာမှာ ဆိုးရွားပျက်ဆီးသွားမယ်ဆိုရင် အမြင်အာရုံဆုံးရှုံးစေပါတယ်။
နည်းပညာဟာ ကျန်ဆဲလ်များကို တိုက်ရိုက် နှိုးဆွပေးပြီး ဦးနှောက်ကို အလင်းတွေ့ရှိတယ်ဟု တွေးခေါ် နိုင်စေဖို့ ထိရောက်စွာ လှုံ့ဆော်ပေးပါတယ်။
ပရော်ဖက်ဆာ Gregg Suaning နှင့် လက်တွဲလုပ်ဆောင်နေတဲ့ Mr. Samuel Eggenberger က ၎င်းတို့ရဲ့အဖွဲ့ဟာ ရလဒ်အတွက် ပီတိဖြစ်နေကြပြီး လူသားတွေမှာ စတင်စမ်းသပ်ကာ အောင်မြင်နိုင်ဖို့ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနည်းပညာကို အသုံးပြုခြင်းဟာ ယိုယွင်းနေတဲ့ မြင်လွှာအခြေအနေများကြောင့် ပြင်းထန်စွာ အမြင်အာရုံဆုံးရှုံးနေသူများအတွက် အလွန်သုံးဝင်တဲ့ အမြင်အာရုံအချို့ကို ပြန်လည်ရရှိနိုင်လိမ့်မည်ဟု Samuel က ဆိုပါတယ်။
ယခုအခါ အချို့သော မျက်စိကွယ်သူတွေမှာ စမ်းသပ်ကြည့်ရှုနိုင်တဲ့ ကိရိယာကို အသုံးပြုဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် ၎င်းတို့အတွက် မျှော်လင့်ချက်အသစ်များ ရှိလာပြီပဲ ဖြစ်ပါတယ်။
သို့သော်လည်း ၎င်းကို လူသားတွေမှာ မစမ်းသပ်ရသေးပါဘူး။
University of Sydney ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် သုတေသီတွေဟာ မြှင့်တင်ထားတဲ့ အမြင်အာရုံ လှုံ့ဆော်မှုနည်းပညာများကို ဆက်လက်တီထွင်စမ်းသပ်နေကြပြီး အမြင်အာရုံချို့တဲ့သူများကို လက်တွေ့ လေ့လာမှုများ ပြုလုပ်ဖို့အတွက် ကျင့်ဝတ်ဆိုင်ရာ အတည်ပြုချက်များကို တောင်းဆိုမည် ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။