မော်စကိုမှ ၂၅ မိုင်ခန့်အကွာတွင် တည်ရှိတဲ့ ဇူကော့စကီမြို့ တွင် ပြုလုပ်မှာဖြစ်တဲ့ နိုင်ငံတကာ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြပွဲ MAKS 2021 ၏ ပထမဆုံးနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုရှား၏ တိုက်လေယာဉ်သစ်ကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Aerotime မီဒီယာမှ ဗီဒီယိုနှင့် တကွ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ လေယာဉ်ဟာ ရေဒါမှ မြင်တွေ့နိုင်ဖို့ ခဲယဉ်းပြီး အသံထက်မြန်သည့် အပေါ့စား တိုက်လေယာဉ်ဖြစ်မယ်လို့ ရုရှား မီဒီယာဖြစ်တဲ့ TASS မှာလည်း ဖော်ပြထားပါတယ်။
မကြာသေးမီက ပြသခဲ့တဲ့ မှတ်တမ်းအရ ဒီလေယာဉ်သစ်ကို ပြည်ပသို့ရောင်းချရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
ရုရှားပိုင် Rostec ကော်ပိုရေးရှင်း၏ တစိတ်တပိုင်းဖြစ်တဲ့ United Aircraft Corporation ဟာ လေယာဉ်သစ်အတွက် count down timer တစ်ခုတောင် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

အဲဒီ website မှာ လေယာဉ်သစ်နဲ့ ပတ်သက်လို့ ၃၄ စက္ကန့်စာ Trailer ကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် လေယာဉ် ပုံစံကိုတော့ ဖော်ပြမထားပါဘူး။
The War Zone မဂ္ဂဇင်းမှာတော့ အဆိုပါ Trailer ထဲမှ လေယာဉ် အရိပ်ဟာ MiG-35 ဘက်စုံသုံး တိုက်လေယာဉ်နှင့် ဆင်တူတယ်လို့ သုံး သပ်ထားပါတယ်။
မေလအတွင်းက The Week မဂ္ဂဇင်း၏ သတင်းများအရ Shkhoi ဒီဇိုင်းဌာနမှ အင်ဂျင်တလုံးတပ် တိုက်လေယာဉ်တစင်း ထုတ်လုပ်နေပြီလို့ ရေးသားခဲ့ဖူးပါတယ်။
ဒီလေယာဉ်အကြောင်းကို ကျွန်တော်တို့ Knowledgeworms မှလည်း ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပြီး ဖြစ်ပါတယ်။
အဲဒီ့သတင်းဟာလည်း မကြာသေးမီက ရုရှား ဒုဝန်ကြီးချုပ် ယူရီ ဘော်ရီဆော့ ရဲ့ စားပွဲပေါ်မှာ တွေ့မြင်ခဲ့ရတဲ့ တိုက်လေယာဉ် အသစ်ရဲ့ ပုံကို ကိုးကားပြီး သုံးသပ်ပြထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့လေယာဉ်ပုံစံငယ်ဟာ လေဝင်ပေါက် air intake ကို F-16 များကဲ့သို့ လေယာဉ်ရဲ့ မေးစေ့ အောက်နားမှာ တပ်ဆင်ထားပါတယ်။

ပုံစံအားဖြင့် အမေရိကန် Joint Strike Fighter (JSF) program မှ F-35 ဒီဇိုင်းနှင့် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်သွားတဲ့ Boeing ရဲ့ X-32 ဒီဇိုင်းနှင့် ဆင်တူပါတယ်။
ယခင်က သုံးသပ်ချက်များအရ ဒီလေယာဉ်ဟာ အသံထက် ၂ ဆမြန်မှာဖြစ်ပြီး Thrust Vectoring စနစ် ပါဝင်ဖွယ်ရှိမှာပါ။
ဒီလေယာဉ်ကို “Checkmate” လို့ တင်စားထားတဲ့အတွက် F-35 ကို ယှဉ်ပြိုင်နိုင်မယ့် လေယာဉ် ဖြစ်နိုင်မလားဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် F-35 ထက် ကုန်ကျစရိတ်ပါ များစွာ သက်သာဖွယ် ရှိနိုင်ပါတယ်။
ဗြိတန်၊ ဩစတေးလျ၊ အီတလီနှင့် အစ္စရေး နိုင်ငံများက အသုံးပြုနေတဲ့ F-35 ကို စွမ်းဆောင်နိုင်စွမ်းရော၊ ဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်မှာ ဖြစ်တဲ့အတွက် “Checkmate” လို့ အသုံးပြုတာ ဖြစ်ကောင်းဖြစ်မှာပါ။
ရုရှားတို့ဟာ MiG-35 တိုက်လေယာဉ် များအား ပြည်ပ နိုင်ငံများသို့ရောင်းချဖို့ ကြိုးစားနေပေမယ့် ယခုအချိန်အထိ စိတ်တိုင်းကျလောက်တဲ့ ဝယ်ယူမှုမျိုး မမြင်တွေ့ရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ရုရှားတို့ “Checkmate” လို့ တင်စားထားတဲ့ တိုက်လေယာဉ်သစ်ကို မြင်တွေ့ဖို့ရာ တပတ် လောက်သာ လိုပါတော့တယ်။
ဒီလေယာဉ်သစ်ဟာ ဘယ်လို ဒီဇိုင်းနဲ့ F-35 ကဲ့သို့ ပဥ္စမမျိုးဆက် တိုက်လေယာဉ်တွေကို ယှဉ်ပြိုင်နိုင်မယ်၊ ဘယ်လို နည်းပညာအသစ်အဆန်းတွေ သုံးထားမယ် ဆိုတာ အတူတူ စောင့်စားကြည့်ရမှာပါ။
Knowledgeworms Copyright © 2021