သုတေသီများဟာ နေ့စဉ်လိုလို အာကာသ၊ ကမ္ဘာမြေကြီး နှင့် သက်ရှိများအပါအဝင် ကဏ္ဍမျိုးစုံမှာ လူတွေ မသိရှိရသေးတဲ့ အကြောင်းအရင်းတွေကို ရှာဖွေ ဖော်ထုတ်ဖို့ ကြိုးစား လေ့လာ နေကြပါတယ်။
အခုတော့ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ခုနှစ်အတွင်းမှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ သုတေသီများ၏ တိရိစ္ဆာန်များနှင့် ပတ်သက်တဲ့ တွေ့ရှိမှု အသစ် ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။
ခန္ဓာကိုယ် အသစ်တခု ဖြစ်ထွန်းနိုင်တဲ့ ပင်လယ် ပက်ကျိ
Elysia ဆိုတဲ့ ပင်လယ် ပက်ကျိတမျိုးဟာ ခန္ဓာကိုယ် တခုလုံးကို အသစ်ပြန်လည် ဖြစ်ထွန်းနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီလိုဖြစ်စဉ်ဟာ အဆိုပါ ပက်ကျိရဲ့ ခန္ဓာကိုယ်ဟာ ကပ်ပါးကောင်များနှင့် ပျက်စီးလာတဲ့အတွက် အသစ်က ပြန်လည် စတင်တဲ့အခါမှ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

Image: Courtesy of S. MITOH AND Y. YUSA/CURRENT BIOLOGY 2021
၎င်း၏ ဦးခေါင်းဟာ ခန္ဓာကိုယ်မှ ခွဲထွက်ကာ အဝေးသို့ ထွက်သွားပြီး နှလုံးအပါအဝင် ခန္ဓာကိုယ်တခုလုံးကို ပြန်လည် ဖြစ်ထွန်းစေနိုင်ပါတယ်။
ရှဉ့်တွေဟာ တွက်ချက်ပြီး ခုန်လေ့ရှိ
ရှဉ့်များဟာ တနေရာမှ တနေရာခုန်ရာတွင် အသေအချာ တွက်ချက် ခုန်လေ့ရှိပြီး ၎င်းတို့၏ ပထမဆုံး ဖြစ်ခဲ့သည့် အမှားများကို သင်ခန်းစာ ယူနိုင်စွမ်း ရှိပါတယ်။
၎င်းတို့ဟာ parkour လို့ခေါ်တဲ့ ထပ်မြင့် တိုက်များပေါ်တွင် ခုန်ပေါက်ပြေးလွှားပြီး စတန့်ပြကြတဲ့ သူများကဲ့သို့ တနေရာမှ တနေရာ ခုန်ရာတွင် နည်းမျိုးစုံကို အသုံးပြုနိုင်ပါတယ်။
ဥပမာအားဖြင့် ၎င်းတို့ ခုန်လိုက်တဲ့ အချိန်တွင် ညင်သာစွာကျလိုပါက ဘေးနံရံတခုခုကို ခြေထောက်နှင့် ထောက်ကာ အရှိန်လျှော့ချ သကဲ့သို့ ပုံစံမျိုးကိုပါ လုပ်ဆောင်နိုင်ပါတယ်။

Illustration
ထူးဆန်းသည့် အမဲလိုက်ခံရသော သားကောင်များ
ယခုနှစ်အတွင်းမှာ အသားစား သတ္တဝါများနှင့် သားကောင်များတို့နှင့် ပတ်သက်သည့် အယူအဆများ၏ ပြောင်းပြန်အနေအထား အချို့ကို တွေ့ရှိခဲ့ရပါတယ်။
မြွေစားသည့် ပင့်ကူ မျိုးရင်း ၁၁ ခုမှ မျိုးစိတ် ၄၀ ကျော်ဟာ ၎င်းတို့၏ ခန္ဓာကိုယ်ထက် အဆ ၃၀ လောက်ရှိသည့် မြွေများကို သုတ်သင်ရန်အတွက် စေးကပ်သည့် ပိုးမျှင်များနှင့် အဆိပ်ရှိသည့် ကိုက်ခဲမှုများကို အသုံးပြုတယ်ဆိုတာကို သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ကြီးမားသည့် Seychelles အမျိုးအစား လိပ်ကြီးများဟာ နူးညံ့သိမ်မွေ့သည့် အသီးအရွက်စား သတ္တဝါအဖြစ် သိထားပေမယ့် ဗီဒီယို တခုတွင် ငှက်ကလေး တကောင်လုံးကို လိုက်လံ ဖမ်းယူစားသောက်သည်ကို တွေ့ရှိခဲ့ရပါတယ်။

Image: Courtesy of DANIEL R. CROOK (Left) & ANNA ZORA, FRÉGATE ISLAND FOUNDATION (Right)
ရေပေါ်မှာ လမ်းလျှောက်သည့် ပိုးတမျိုး
water strider လို အင်းဆက်တွေဟာ ရေပေါ်မှာ လမ်းလျှောက်နေတာကို လူတိုင်းသိပြီး ဖြစ်ပေမယ့် အခု အသစ်တွေ့ရှိရတာကတော့ တမျိုးထူးဆန်းနေပါတယ်။
အဲဒါကတော့ water scavenger beetle လို့ခေါ်တဲ့ ပိုးကောင်ဟာ ရေမျက်နှာပြင်နှင့် ကပ်ပြီး အောက်နေ ပြောင်းပြန် သွားလာ နိုင်တာကို တွေ့ရှိရတာပါ။
အဲဒီ့ အင်းဆက်ဟာ ၎င်း၏ ဝမ်းဗိုက်ကို ရေမျက်နှာပြင်အောက်မှာ တွယ်ကပ်ဖို့ လေပူဖောင်းငယ်ကို အသုံးပြုနိုင်ပေမယ့် ရေမျက်နှာပြင် တင်းအားကို ဘာမှမဖြစ်စေဘဲ (လှိုင်းထတာမျိုး) မည်ကဲ့သို့ သွားလာနိုင်သလဲ ဆိုတာကတော့ ပဟေဠိ ဖြစ်နေဆဲ ဖြစ်ပါတယ်။

Image: Courtesy of ScienceNews vis Screenshot
အသံမှန်သမျှ တုပနိုင်တဲ့ ငှက်
ဩစတေးလျ နိုင်ငံ သစ်တောအတွင်း မှာ နေထိုင်တဲ့ superb lyrebird ငှက် အထီးဟာ သစ်ဖြတ်လွှ နှင့် ကင်မရာများအပြင် အခြား အနီးမှ အသံဟူသမျှကို တုပနိုင်စွမ်း ရှိပါတယ်။
၎င်းဟာ ဒီလို အရည်အချင်းရှိတဲ့ ကမ္ဘာပေါ်ရှိ တမျိုးထဲသော တိရိစ္ဆာန်ဖြစ်ပြီး ယခုနှစ် အတွင်းမှာ သုတေသီများဟာ အသံတုပမှုများကို ဗီဒီယို ရိုက်ယူနိုင်ခဲ့ပါတယ်။

Image: Courtesy of ALEX MAISEY Via ScienceNews
ခန္ဓာကိုယ်ထက် အဆ ၅၀ လောက် မနိုင်သည့် ပင့်ကူများ
Black windows အပါဝင် အချို့ ပင့်ကူများဟာ ၎င်းတို့၏ ပိုးမျှင်များကိုသာ အသုံးပြုပြီး လေးလံသည့် သားကောင်များကို ဆင့်ကာဆင့်ကာ မတင်နိုင်စွမ်း ရှိတာကို တွေ့ရှိခဲ့ရပါတယ်။
၎င်းတို့ဟာ အိမ်မြှောင်ကဲ့သို့ ၎င်းတို့ထက် ကြီးတဲ့ သားကောင်များကို အပေါ်သို့ ဆွဲတင်ရာတွင် ပိုးမျှင်များဖြင့် ချိတ်ရာမှာ ယခင်ထက် ပိုပြီး တိုတဲ့ ပိုးမျှင်များကို တချောင်းပြီး တချောင်းအသုံးပြုသွားတာ ဖြစ်ပါတယ်။
ပိုလာဝက်ဝံများဟာ ပစ်ပေါက် တိုက်ခိုက်တတ်ကြ
ပိုလာဝက်ဝံ ခေါ် ဝင်ရိုးစွန်း ဝက်ဝံများဟာ တခါတရံမှာ ကြီးမားတဲ့ ကျောက်တုံးသို့မဟုတ် ရေခဲတုံးများဖြင့် ပင်လယ်ဖျံကြီးများကို ပစ်ပေါက်သုတ်သင် တတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
၎င်းတို့ဟာ သားကောင်များကို ပစ္စည်းများနှင့် ပစ်ပေါက် တိုက်ခိုက်တတ်ကြောင်း သိရှိခဲ့တာ ကြာပြီဖြစ်ပေမယ့် ယခုတော့ ဒါဟာ တကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါပြီ။
ဒါ့ကြောင့် ဝင်ရိုးစွန်း ဝက်ဝံများဟာလည်း ကျီးကန်းများ၊ ချင်ပန်ဇီများ၊ ဆင်များနှင့် လူများကဲ့သို့ ပစ္စည်းများကို အသုံးပြုတတ်တဲ့ သက်ရှိအဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
First Published 1/1/2022