HT Aero ၏ ကားလမ်းပေါ် နှင့် ဝေဟင် ၂ မျိုး ပျံသန်း မောင်းနှင်နိုင်သည့် မျိုးဆက်သစ် ကားပျံ အကြောင်း

Innovation Tech

တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်သူ Xpeng ရဲ့ တွဲဖက်ဖြစ်တဲ့ မြို့ပြလေကြောင်းသွားလာရေး (UAM) ကုမ္ပဏီ HT Aero ဟာ လမ်းများပေါ်တွင်လည်း မောင်းနှင်နိုင်ပြီး ပျံသန်းနိုင်တဲ့ မျိုးဆက်သစ် ကားဒီဇိုင်းကို ပြသခဲ့ပါတယ်။

အဆိုပါ ထုတ်ဖော် ပြသခဲ့သည့် လျှပ်စစ် စွမ်းအင် အသုံးပြု ပျံသန်းနိုင်တဲ့ ကားသစ်ကို 2024 ခုနှစ်မှာ ဖြန့်ချိနိုင်ဖို့ စီစဉ်ထားပါတယ်။

အဆိုပါ မော်ဒယ်အသစ်ကို HT Aeroရဲ့ ယနေ့အထိ ပြီးစီးခဲ့သည့် အန္တရာယ်ကင်းသော လေယာဉ်ခရီးစဉ်ပေါင်း 15,000+ ရဲ့ အောင်မြင်သော စံချိန် နှင့် အဆင့်ပေါင်းများစွာ ဘေးကင်းရေးအတွက် ချွတ်ယွင်းမှုရှိပါက ဆက်လက် ပျံသန်းနိုင်ရန် အပိုဆောင်း စနစ်များ တပ်ဆင်ထားသည့် ဒီဇိုင်းများဖြင့် တည်ဆောက်သွားမည်ဟု သိရပါတယ်။

အဆိုပါ လမ်းမပေါ်တွင် ပျံသန်းနိုင်တဲ့ မျိုးဆက်သစ် ကားအသစ်ဟာ ပေါ့ပါးတဲ့ ဒီဇိုင်း နှင့် ခေါက်နိုင်တဲ့ ရဟတ်ယန္တရားတို့ ပါရှိမည်ဖြစ်ပြီး ၊ ၎င်းဟာ ကားကို လမ်းများပေါ်တွင် မောင်းနှင်နိုင်ပြီး ရဟတ်ပုံစံ ပြောင်းလဲလိုက်တာနဲ့ ပျံသန်းနိုင်မှာဘဲ ဖြစ်ပါတယ်။

ရဟတ်တပ်ဆင်မှုကို စင်ရော်တောင်ပံပုံစံ တံခါးများအောက်တွင် သပ်သပ်ရပ်ရပ် တပ်ဆင်ထားပါတယ်။ အဆိုပါ ယာဉ်မှာ လေထီးများ အပါအဝင် ဘေးကင်းရေး အင်္ဂါရပ်များစွာ ပါဝင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီဟာ ပျံသန်းနိုင်တဲ့ကားရဲ့ ချောမွေ့တဲ့ fly-drive ပုံစံပြောင်းလဲခြင်းကို ကွန်ပျူတာဖြင့် ထုတ်လုပ်ထားတဲ့ ပုံရိပ် (CGI)နှင့် ပြသထားသည့် ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အခြေခံ သဘောတရား အနည်းမျှသာ ဖော်ပြထားတာကို တွေ့ရပြီး HT Aero က နောက်ဆုံးဒီဇိုင်းဟာ ပြသခဲ့သည့် ဒီဇိုင်းနှင့် ကွဲပြားနိုင်တယ်ဟု ဆိုပါတယ်။

အဆိုပါ ပျံသန်းနိုင်တဲ့ကားရဲ့ အသေးစိတ်ဖော်ပြချက်တွေနှင့် ပတ်သက်ပြီး အချက်အလက်တွေတော့ မရှိသေးပါဘူး။

သယ်ယူပို့ဆောင်ရေးပုံစံနှစ်မျိုးအတွက် ယန္တရားတွေ ​တင်ဆောင်ထားရတဲ့ အဆိုပါယာဉ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ဘက်ထရီထုတ်ပိုးမှုက ဘယ်လိုထုတ်ပေးမလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ်ဖြစ်ပြီး ၎င်းဟာ ပျံသန်းချိန်မည်မျှကြာမလဲ ဆိုတာကို သိမြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့သည့်အပတ်က ကုမ္ပဏီဟာ လူသိများတဲ့ အကျိုးတူအရင်းအနှီးကုမ္ပဏီကြီးများအကြား ပြင်ပရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ သန်း 500 စုဆောင်းနိုင်ခဲ့ပါသေးတယ်။

eVTOL (လျှပ်စစ် ဒေါင်လိုက် ပျံတက်​ခြင်းနှင့် ဆင်းသက်ခြင်း) ဟုခေါ်တဲ့ ယာဉ်တွေဟာ မကြာသေးမီကာလများအတွင်း ထုတ်လုပ်သူတွေ နှင့် လုပ်ငန်းစတင်သူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပါတယ်။

သို့သော်လည်း စည်းကမ်းထိန်းသိမ်းရေး နှင့် ဘေးကင်းရေး စတဲ့ ပြဿနာတွေကြောင့် အဆိုပါယာဉ်တွေကို ပုံမှန် အသုံးပြုနိုင်ဖို့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

HT Aero ရဲ့ လမ်းမပေါ်မှာလည်း မောင်းနှင်နိုင်ပြီး ပျံသန်းနိုင်တဲ့ ကားသစ်ကို Xpeng တွင် Tech Day ၌ ထုတ်ဖော်ပြသခဲ့ပြီး Xpilot 4.0 ဟုခေါ်တဲ့ အဆင့်မြင့် ယာဉ်မောင်းအကူအညီစနစ်ရဲ့ နောက်ဆုံးဗားရှင်းကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *