တိုက်လေယာဉ်များအတွက် လေယာဉ်မှူး ခေါင်းဆောင်းစနစ်ဟာ ဆွဲငင်အား၊ တည်ငြိမ်မှု နှင့် လေယာဉ်မှူးနဲ့ သက်ဆိုင်တဲ့ သက်တောင့်သက်သာ ရှိမှုတွေ ရှိရမှာ ဖြစ်လို့ အရေးကြီးဆုံး အရာများထဲမှ တခုဖြစ်ပါတယ်။
ခေတ်သစ် တိုက်ခိုက်ရေးနှင့် ပုံမှန် ပျံသန်းရေး မစ်ရှင်များတွင် ၎င်းတို့ဟာ အရေးပါလှပြီး ကမ္ဘာပေါ်ရှိ လေတပ်တိုင်းဟာ ၎င်းတို့ တိုက်လေယာဉ်များနှင့် ခေတ်အမှီဆုံး လေယာဉ်မှူး ခေါင်းဆောင်းစနစ်များကို ပေါင်းစပ်ဖို့ ရည်ရွယ်ထားကြပါတယ်။
မကြာသေးမီကပဲ ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ LIFT Airborne Technologies ကို အနာဂါတ်တွင် အ သုံး ပြု မည့် ခေတ်မှီ လေယာဉ်မှူး ခေါင်းဆောင်းစနစ် အတွက် အမေရိကန် လေတပ်မှ ရွေးချယ်ခဲ့ပါတယ်။
အမေရိကန်လေတပ်ဟာ အဆင့် အမြင့်ဆုံးသော ပဥ္စမမျိုးဆက် တိုက်လေယာဉ်များကို ထုတ်လုပ်ထားတယ်လို့ ကမ္ဘာ့နိုင်ငံတိုင်းက အသိအမှတ်ပြုထားပါတယ်။
သင့်အနေနဲ့ အဆိုပါ တိုက်လေယာဉ်များနှင့် တွဲဖက်အသုံးပြုနေသည်မှာ ၁၉၈၀ ခုနှစ်များ ကတည်းက ရှိနေသည့် ဒီဇိုင်းများကိုသာ အခြေခံထားတယ်ဆိုတာကို သိရင် အံ့ဩသွားမှာပါ။
ဟုတ်ပါတယ်။ ၎င်းတို့ဟာ ခေတ်မှီ တိုက်လေယာဉ်များနှင့် အတူ ဒီဇိုင်းဟောင်းများဖြင့် အမြဲတွဲနေခဲ့ပါတယ်။

ယခင်က ဒီဇိုင်းဟောင်းများတွင် ဆွဲအား G force ကြောင့် ဖြစ်တဲ့ ပြဿနာများကြောင့် လေယာဉ်မှူးများ၏ ကျန်းမာရေးကို စိုးရိမ်စရာ ဖြစ်စေပါတယ်။
တိုက်လေယာဉ်များကို ပျံသန်းမောင်းနှင်သည့် လေယာဉ်မှူးများဟာ ထိုခေါင်းဆောင်း စနစ်များကြောင့် လည်ပင်းနှင့် နောက် ကျောတို့တွင် ဒဏ်များ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
အထူးသဖြင့် G force ၆ မှ ၉ လောက် အတွင်းမှာ သက်ရောက်မှုကို ၂ ဆ လောက် အထိ ခံစားရစေတယ် လို့လည်း သိရပါတယ်။
နည်းပညာတွေဟာ တိုးတက်လာတာကြောင့် တိုက်လေယာဉ်မှူးများတွင် အမျိုးသမီး လေယာဉ်မှူးများကိုပါ စတင် တာဝန်ထမ်းဆောင် နေပါပြီ။
ဒါ့ကြောင့် ခန္ဓာကိုယ် အရွယ်အစား သိသာစွဦ သေးငယ်ပြီး အလေးချိန် ပိုမိုပေါ့ပါးသည့် အမျိုးသမီးများအတွက် ကွဲပြားစွာ ဒီဇိုင်းထုတ်ထားသည့် ခေါင်းဆောင်းများ လိုအပ်လာပါတယ်။
ယခုလို အပြောင်း အလဲများကြောင့် လေယာဉ်မှူးများ ဘေးကင်းရေးနှင့် သက်တောင့် သက်သာ ရှိရေးကို လက်ရှိ ခေါင်းဆောင်းများက စွမ်းဆောင်မပေးနိုင်သဖြင့် အမေရိကန်လေတပ်ဟာ လေယာဉ်မှူးခေါင်းဆောင်း အသစ်တခု ဒီဇိုင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

AFWERX လို့ခေါ်တဲ့ ဒီစီမံကိန်းမှာ လိုအပ်တဲ့ အတိုင်း ဒီဇိုင်းထုတ်ပေးနိုင်မယ့် LIFT Airborne Technologies ကုမ္ပဏီကို လေတပ်က ရွေးချယ်ခဲ့ပါတယ်။
လေတပ်၏ လက်နက် ပစ္စည်းများဆိုင်ရာ သက်တမ်း စီမံခန့်ခွဲမှု စင်တာ (AFLCMC) က ဒီအသစ် ဖန်တီးမည့် ခေါင်းဆောင်းများကို ရွေးချယ်ရာမှာ ကြားဝင် ဆောင်ရွက် ပေးခဲ့ပါတယ်။
အရေးအကြီးဆုံး ထည့်သွင်း စဉ်းစားခဲ့သည့် အချက်များကတော့ ပေါ့ပါးသည့် အလေးချိန်၊ ဆွဲအားကျရောက်သည့်အခါ သက်တောင့်သက်သာ ဖြစ်မှု၊ တည်ငြိမ်မှု နှင့် မတူညီသည့် ခေါင်းဆောင်းစနစ်များနှင့် ပေါင်းစပ်နိုင်ခြင်းတို့ ပါဝင်ပါတယ်။
လေတပ် သုတေသနဓာတ်ခွဲခန်းများ ဌာန (AFRL) မှ ဝင်ရောက် ပြိုင်ဆိုင်ထားသည့် ဒီဇိုင်းပေါင်း ၁၀၀ ကျော်ကို အကဲဖြတ်ပြီးနောက် နောက်ဆုံးမှ တမျိုးကို ရွေးချယ်ခဲ့တာပါ။
ရွေးချယ်ခံထားရတဲ့ ခေါင်းဆောင်းဟာ ယခင် စနစ်များထက် ၄၂ ရာခိုင်နှုန်းလောက် ပိုမို ပေါ့ပါးပါတယ်။
ဒါ့အပြင် ခေါင်းဆောင်းတွင် လိုင်နာ ၅ ထပ် ပါဝင်ပြီး လေယာဉ်မှူးဟာ ၎င်းနှင့် ကိုက်ညီတဲ့အထိ စိတ်ကြိုက် လိုင်နာများကို ဖြုတ်နိုင် တပ်နိုင်ပါတယ်။

အောက်ဆီဂျင် နှာခေါင်းစွပ်နှင့် ချိတ်ဆက်ဖို့ အထူးစနစ် ပါဝင်ပြီး ၄၅ ဒီဂရီလောက် အထိ ချိန်ညှိလို့ ရပါတယ်။
လိုအပ်သည့် စနစ်ကိုလည်း ယခင် ခေါင်းဆောင်းများလို ဘတ္ထရီ ထပ်မံ တပ်ဆင်စရာ မလိုဘဲ Aircrew Mounted Power Systems (AMPS) မှ တဆင့် စွမ်းအင် ရယူနိုင်ပါတယ်။
စမ်းသပ်မှု လုပ်ထုံး လုပ်နည်းများ အရ ကုမ္ပဏီဟာ ၎င်းကို အပြည့်အဝ အသုံးပြု နိုင်ဖို့ နောက်ထပ် မွမ်းမံ ပြင်ဆင်မှုများ အ တွက် အချိန် အနည်းငယ်ကြာဦးမှာ ဖြစ်ပါတယ်။
အရည်အသွေး စစ်ဆေးမှု အားလုံးကို ဖြတ်ကျော်နိုင်ပါက ၂၀၂၄ ခုနှစ်တွင် အမေရိကန်လေတပ်မှ ထုတ်လုပ်မှုများ စတင်မှာဖြစ်ပြီး F-15E Strike Eagle တိုက်လေယာဉ်များဟာ ဒီနည်းပညာကို ပထမဆုံး အသုံးပြုမည့် လေယာဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။