အီတလီ ဒီဇိုင်းထုတ်လုပ်သူ Pierpaolo Lazzarini ဟာ အလွန် ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းများကို ဖန်တီးကာ ပြသလေ့ ရှိပါတယ်။
ဒီဇိုင်းအဖွဲ့ဟာ မကြာသေးမီက ၎င်းတို့၏ နောက်ဆုံး ဒီဇိုင်းတခုဖြစ်တဲ့ King of the Seas လို့ ခေါ်တဲ့ ဇိမ်ခံ သင်္ဘော Prodigium ကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
အဆိုပါ Prodigium သင်္ဘောဟာ ကြီးမားသည့် ငါးမန်းတစ်ကောင် ပုံစံရှိပြီး အရှည် ၅၀၁ ပေ (၁၅၃ မီတာ) လောက်ရှိသည့် ထူးခြားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။
ရောမ ဗိသုကာ လက်ရာများဖြင့် သင်္ဘောကို တန်ဆာဆင်ထားပြီး ရောမခေတ် ရုပ်ထုများ နှင့် ၎င်း၏ အပေါ်ပိုင်း ကုန်းပတ်ကို ကော်လံ ၂ ခုဖြင့် ပံ့ပိုးပေးထားကာ ဒီဇိုင်းကို အများနှင့် မတူ တမူ ထူးခြားနေစေ ပါတယ်။

ယခင်ကလည်း ၎င်းတို့မှ ဖန်တီးထားတဲ့ ကုန်း၊ရေ၊လေ ၃ မျိုးသွားနိုင်တဲ့ ယာဉ်အကြောင်းကို “ကုန်း၊ ရေ၊ လေ ၃ မျိုးစလုံး မောင်းနှင်နိုင်မည့်ယာဉ် ဒီဇိုင်း Lazzarini Design Studio မှ ပြသ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ဖူးပါတယ်။
ဟိုက်ပါ ဆိုင်ကယ် ဒီဇိုင်းသစ်
အခုတော့ ခေတ်မှီပြီး အနာဂါတ် အငွေ့အသက်များကို ခံစားနိုင်မယ့် Hypercycle သို့မဟုတ် ဟိုက်ပါဆိုင်ကယ် လို့ ခေါ်တဲ့ ဆိုင်ကယ် ဒီဇိုင်းအသစ်ကို ထပ်မံ ပြသ လိုက်ပြန်ပါပြီ။

မော်တော် ဆိုင်ကယ်သစ် ဒီဇိုင်းတွင် ရွှေရောင်၊ အနီရောင်၊ မီးခိုးရောင် နှင့် အဖြူရောင်တို့ကို မျှမျှ တတ အချိုးအဆ ကိုက်အောင် ရောပြီး အမြင်ဆန်းအောင် ဖန်တီးထားပါတယ်။
ဒါ့အပြင် ထူးခြားချက်တခုကတော့ Transformer ဇာတ်ကားထဲကလို တစီးလုံး မဟုတ်ပေမယ့် ဆိုင်ကယ်ရဲ့ ပုံစံကို ပြောင်းလဲနိုင်စွမ်း အနည်းငယ်ရှိနေတာပဲ ဖြစ်ပါတယ်။
အဲဒီလို ပြုလုပ်နိုင်ဖို့ နောက်ဘီးကို အလျားလိုက် လွတ်လပ်စွာ ရွေ့လျား နိုင်ဖို့အတွက် wishbone suspension ကို တပ်ဆင်ထားပါတယ်။

ဆိုလိုတာကတော့ မောင်းနှင်နေရင်းမှာ ဆိုင်ကယ်ရဲ့ နောက်ပိုင်းကို ဆန့်ထုတ်နိုင်စွမ်း ရှိတာပဲ ဖြစ်ပါတယ်။
Lazzarini ဟာ ဆိုင်ကယ်ရဲ့ အချက်အလက် အသေးစိတ်ကိုတော့ မထုတ်ပြန်သေးတဲ့အတွက် ကျွန်တော်တို့ အနေဖြင့် အခြား အသေးစိတ် အချက်အလက်တွေကို မသိရှိရသေးပါဘူး။
ဒါပေမယ် ၎င်းတို့ ပြသထားတဲ့ ဒီဇိုင်းအရတော့ ဆိုင်ကယ်ဟာ အနာဂါတ်ဆန်တဲ့ အငွေ့အသက်နဲ့ အတော်ကို မိုက်တဲ့ ဒီဇိုင်းတခုကို မြင်ရမှာပါ။

၎င်း၏ တပ်ဆင်ထားတဲ့ တာယာများဟာ ကြီးမားပြီးတော့ ဆိုင်ကယ်ရဲ့ ပေါ့ပါး သွက်လက်တဲ့ ပုံစံကြောင့် အမြန်နှုန်းဟာလည်း အတော်လေး ကောင်းမွန်မှာပါ။
အမြန်နှုန်း ပြိုင်မယ့် ဆိုင်ကယ်လား ဘယ်လို အသုံးချမလဲ ဆိုတာ မပြောထားပေမယ့် ဒီဇိုင်းအရတော့ ဘက်စုံ အသုံးပြုနိုင်မယ့် အနေအထား ရှိပါတယ်။
ဘီးတပ်ဆင်ထားသည့် ရွှေရောင် ဂွေများက ဆိုင်ကယ်ဟာ လုံးဝ ဇိမ်ခံ ဆိုင်ကယ် တစင်း ဖြစ်နေမှာကို ပြသနေပါတယ်။

ဆိုင်ကယ်ချစ်သူများ နှစ်သက်မယ် ထင်လို့ အီတလီ နာမည်ကြီး ဒီဇိုင်းထုတ်လုပ်သူ Pierpaolo Lazzarini ရဲ့ နောက်ဆုံးပါ ဟိုက်ပါ ဆိုင်ကယ် ဒီဇိုင်းကို ဖော်ပြပေးလိုက်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။