တိဗက်တွင် ယခင်က မမြင်ဖူးသည့် အဏုဇီဝ မျိုးစိတ် ၉၀၀ ကျော် တွေ့ရှိထားပြီး ကပ်ရောဂါအတွက် စိုးရိမ်ရ

Article Science

တိဗက်ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များအတွင်းတွင် ယခင်က တခါမှ မမြင်ဖူးသည့် အဏုဇီဝ မျိုးစိတ် ၉၀၀ ကျော်ကို သိပ္ပံပညာရှင်များက အံ့အားသင့်စွာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုအရ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေခဲများ လျှင်မြန်စွာ အရည်ပျော် လာပါက အဆိုပါပိုးများ ထွက်ပေါ်လာပြီး ကပ်ရောဂါ အသစ်တွေတောင် ဖြစ်နိုင်ချေရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ထိုလေ့လာမှုတွင် တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသီများဟာ ဟိမဝန္တာတောင်တန်းမှ တောင်ဘက် နှင့် Taklamakan ကန္တာ ရမှ မြောက်ဘက် အကြားတွင် ရှိသည့် ကုန်းမြင့်ဒေသဖြစ်သည့် တိဗက် ကုန်းပြင်မြင့် ရှိ ရေခဲပြင်အောက်မှ ရေခဲ နမူနာ ၂၁ ခုကို ယူဆောင်ခဲ့ပါတယ်။

အဖွဲ့ဟာ ရေခဲအတွင်းတွင် ပိတ်မိနေသည့် အဏုဇီဝ သက်ရှိများ၏ DNA ကို စီစစ်ပြီး တိဘက်ရေခဲပြင် မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက် မှတ်တမ်း TG2G catalog ကို ဖန်တီးခဲ့ပါတယ်။

ဒါဟာ ရေခဲပြင် အောက်တွင် ရှိနေသည့် အဏုဇီဝ သက်ရှိ အသိုက်အဝန်း တခုကို မျိုးရိုးဗီဇအားဖြင့် မှတ်တမ်းတင် ထားသည့် ပထမဆုံး ဖြစ်စဉ် ဖြစ်ပါတယ်။

သုတေသီ အဖွဲ့ဟာ ရေခဲအတွင်းမှ အဏုဇီဝ မျိုးစိတ် ၉၆၈ မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုမှာ ဘတ်တီးရီးယားများ၊ ရေ ညှိများ၊ မှိုမျိုးစိတ်များ ဖြစ်တယ်လို့ ဇွန်လ ၂၇ ရက်နေ့ထုတ် Nature Biotechnology ဂျာနယ်တွင် ဖော်ပြခဲ့ပါတယ်။

အံ့အားသင့်ဖို့ ကောင်းတဲ့ အချက်ကတော့ အဲဒီ့အထဲက ၉၈ ရာခိုင်နှုန်းလောက်သော မျိုးစိတ်များဟာ ယခင်က မသိရှိရသေးသည့် မျိုးစိတ်များ ဖြစ်နေတယ် ဆိုတာပါပဲ။

သုတေသီများဟာ အဆိုပါ အဏုဇီဝ သက်ရှိများ၏ သက်တမ်း မည်မျှ ရှိသည်ကို အတိအကျ မသိနိုင်ပေမယ့် ယခင်က လေ့ လာမှုများအရ နှစ် ၁ သောင်းခန့် ပိတ်မိနေသည့် အဏုဇီဝပိုးများကို ပြန်လည် အသက်သွင်းဖို့ ဖြစ်နိုင်တာကို သိရှိထားကြပါတယ်။

ဒီလို အဏုဇီဝပိုး အများအပြားကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ခြင်းဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်းမှာလည်း ရေခဲပြင်တခုထဲမှ အဏုဇီဝ သက်ရှိ ၃၃ မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီ့အထဲမှ ၂၈ မျိုးဟာ ယခင်က မတွေ့ဖူးသည့် မျိုးစိတ်များ ဖြစ်ပါတယ်။

အသစ်တွေ့ရှိထားသည့် ဘတ်တီးရီးယားများထဲမှ အချို့ဟာ လူနှင့် အခြား သက်ရှိများအတွက် အလွန် အန္တရာယ်များနိုင်ကြောင်း အထောက်အထားများက အကြံပြုထားပါတယ်။

အဖွဲ့ဟာ TG2G catalog မှ အလားအလာရှိသည့် ဗိုင်းရပ်စ် အချက်အလက်ပေါင်း ၂၇,၀၀၀ ကျော်ကို ရှာဖွေ တွေ့ရှိထားပါတယ်။

The Geography of China by Alan Mask CC 3.0

ထိုတွေ့ရှိချက်ထဲမှ ၄၇ ရာခိုင်နှုန်းလောက်ဟာ ယခင်က တခါမှ မတွေ့ဖူးသေးသည့် ဖြစ်စဉ်များ ဖြစ်သည့် အတွက် မည်မျှ အန္တရာယ် ရှိတယ်ဆိုတာ သိနိုင်ဦးမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။

ထို ရေခဲပြင်များမှ ဘတ်တီးရီးယားပိုးများဟာ ပြင်ပတွင် အချိန်အတော်ကြာ မရှင်သန်နိုင်ပေမယ့် ပြဿနာများ ဖြစ်နိုင်နေဆဲ ဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။

အကြောင်းကတော့ ဘတ်တီးရီးယားများဟာ ၎င်းတို့၏ DNA ရဲ့ ကြီးမားတဲ့ အပိုင်းများဖြစ်သည့် MGE များကို အခြား ဘတ်တီးရီးယားများနှင့် ဖလှယ်နိုင်စွမ်း ရှိနေလို့ ဖြစ်ပါတယ်။

တိဗက် ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များဟာ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နိုင်ငံ ၂ ခုကို ထောက်ပံ့ပေးနေသည့် ယန်ဇီမြစ်၊ မြစ်ဝါမြစ်နှင့် ဂင်္ဂါမြစ် တို့နှင် ဆက်စပ်နေပါတယ်။

ထိုသို့ ရေချိုထောက်ပံ့ပေးနေသည့် မြစ်များနှင့် ဆက်စပ်နေသောကြောင့် အဆိုပါ ဘတ်တီးရီးယားများဟာ အနာဂါတ်တွင် ကပ်ရောဂါတခု၏ အစ ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

Image: Courtesy of NASA Earth Observatory

ဒါဟာ ဥပမာတခုသာ ဖြစ်ပြီး ဒီလိုဖြစ်နိုင်ချေ ပြဿနာဟာ အာရှ တခုထဲတွင်သာ မဟုတ်ပါဘူး။

ကမ္ဘာမြေပေါ်တွင် ရေခဲမြစ်ပေါင်း ၂၀,၀၀၀ ကျော်ရှိပြီး ကမ္ဘာ့မြေထု၏ ၁၀ ရာခိုင်နှုန်းကို ဖုံးအုပ်ထားတဲ့အတွက် အဆိုပါ ရေ ခဲမြစ် တခုစီမှာ ထူးခြားတဲ့ အဏုဇီဝ မျိုးစိတ်တွေ ရှိနိုင်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ရေခဲမြစ်များကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကို လေ့လာမှုအရ ၂၀၀၀ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အကြားတွင် ရေခဲဆုံးရှုံးမှုတွေ အရှိန်မြှင့်လာခဲ့ပြီး အဏုဇီဝ မျိုးစိတ်သစ်တွေ လွတ်မြောက်နိုင်ချေ တိုးလာကြောင်း တွေ့ရှိခဲ့ရပါတယ်။

ကမ္ဘာကြီးပူနွေးလာတာဟာ အပူချိန်တွေ မြင့်တက်ပြီး ရာသီဥတု ပြောင်းလဲစေရုံသာမက လူသားများကို ဘေးဖြစ်စေနိုင်သည့် ကပ်ရောဂါ အသစ်များကိုလည်း ဖန်တီးနိုင်တာကို ဒီလေ့လာမှုက သက်သေပြနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *