သုတေသီများဟာ အသံထက် ၅ ဆ အထက် နှင့် ပျံသန်းနေသော အရာဝတ္ထုများနှင့် နံရံအကွယ်မှ အရာများကို အချိန်နှင့် တပြေးညီ ပုံဖော်ပေးနိုင်မည့် ရေဒါစနစ်အသစ် ထုတ်လုပ်ပြီးစီး နေပြီလို့ သိရပါတယ်။
Popular Science မီဒီယာ၏ အဆိုအရ အဲဒီ့ ပညာရှင်များဟာ အမေရိကန် အမျိုးသား စံချိန်စံညွှန်းနှင့် နည်းပညာတက္ကသိုလ် မှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်များ ဖြစ်ပြီး ဒီ ပြိုင်စံရှားတဲ့ ရေဒါစနစ်ကို မိုက်ခရိုဝေ့လှိုင်းကို အခြေခံပြီး ထုတ်လုပ်ထားတာလို့ သိရပါတယ်။
မိုက်ခရိုဝေ့လှိုင်းများဟာ လှိုင်းအလျား ပိုမို ရှည်လျှားတဲ့အတွက် နံရံများ ကြမ်းပြင်များကို ဖောက်ထွင်း သွားလာနိုင်ပြီး နောက်ကွယ်တွင် ရှိနေသည့် အချက်အလက်များကို သိရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်း မန်နေဂျာ ဖာဘီရို ဒါ ဆေးလ်ဗားက “လူ့မျက်လုံးများဟာ အဲဒီလို လှိုင်းအလျှားများကို မမြင်နိုင်တဲ့အတွက် နံရံတွေကို ဖောက် ထွင်းမမြင်နိုင်ပါဘူး။ ဒါ့ပေမယ့် ဒီထက်ပိုတဲ့ လှိုင်းအလျှားရှိတဲ့ မိုက်ခရိုဝေ့ဖ် လှိုင်းများမှ တဆင့် နံရံကိုဖောက်ပြီး မြင်နိုင်မှာပါ” လို့ ပြောပါတယ်။
သုတေသီများဟာ ယခုလို ရှာဖွေတွေ့ရှိမှုကို ဇွန်လ ၂၅ ရက်နေ့ Nature communication ဆိုသည့် စာတမ်း တစောင်ဖြင့် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
သမားရိုးကျ ရေဒါနည်းပညာများတွင် ရေဒီယို လှိုင်းများကို transmitter မှ တဆင့် ထုတ်လွှင့်ကာ ထိရိုက်ပြီး ပြန်လာသည်လှိုင်းကို receiver ဖြင့် ဖမ်းယူ ပုံဖော်ပါတယ်။
receiver မှ ရရှိလာသော အချက်အလက်များဖြင့် အရာဝတ္ထုများ၏ တည်နေရာ၊ အရွယ်အစား နှင့်ရွေ့လျှားမှုများကို သိရှိနိုင်ပါတယ်။ ဒီနည်းလမ်းတွင် receiver အများအပြားနှင့် transmitter အနည်းငယ် ပါဝင်ပါတယ်။
ယခု ရေဒါသစ်မှာတော့ မိုက်ခရိုဝေ့ဖ် လှိုင်းများကို transmitter အများပြားမှ ထုတ်လွှတ်ပေးကာ အလွန်အားကောင်းပြီး အနုစိတ်တိုင်းတာနိုင်တဲ့ receiver တခုသာ တပ်ဆင်ထားပါတယ်။
ဒီစနစ်ဟာ receiver ဆီသို့ အရာဝတ္ထုများနှင့် ထိတွေ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ လှိုင်းများအပေါ် မှီခိုထားပြီး ပိုမို လျှင်မြန်စွာနှင့် တိကျစွာ တည်နေရာကို ဖော်ပြနိုင်ပါတယ်။
အယူအဆအားဖြင့် အလင်းဟာ အရာဝတ္ထုများနှင့် ထိတွေ့သည့်အခါ ပြန်လည် ခုန်ထွက်လာသည့် အယူအဆကို အခြေခံပြီး အရာဝတ္ထုများ တခုမှ တခု ထပ်ခါ ထပ်ခါ ရောင်ပြန်ဟပ်ပြီး ပုံရိပ်ဖော်သည့် နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။
လက်ရှိတွင် အဆိုပါ နည်းပညာဟာ ကနဦးအဆင့်သာ ရှိနေပေမယ့် အနာဂါတ်အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ပေး နိုင်စွမ်း ရှိပါတယ်။
ယခုလို အရာဝတ္ထုများကို ထွင်းဖောက် မြင်နိုင်ပြီး တိကျသော ပုံရိပ်များ ရရှိနိုင်ခြင်းကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံး ပြုနိုင်မှာပါ။
၎င်းဟာ တိမ်တိုက်များနှင့် မိုးများကဲ့သို့ ရာသီဥတု ဖြစ်စဉ်များကို ထွင်းဖောက်ပြီး အရာဝတ္ထုများကို ရှာဖွေနိုင်ပါသေးတယ်။
သိပ္ပံ ပညာရှင်များက ပြောကြားရာမှာ ဒီစနစ်ဟာ ရန်သူ့ လေယာဉ်၊ ဒုံးကျည်များအပါအဝင် အသံထက် ၅ ဆအထက် ရွေ့လျားနေသည့် အရာဝတ္ထုများကို ခြေရာကောက်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
ဒီနည်းပညာဟာ ဘယ်လောက်အထိ တာသွားမလဲဆိုတာ မသိရသေးပေမယ့် အမေရိကန် စစ်တပ်ကတော့ ဒီနည်းပညာကို အသုံးချပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ဖို့ တုံ့ဆိုင်းနေဖွယ် ရှိမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် အသံထက် ၅ ဆ အမြန်နှုန်း အထက် ဟိုက်ပါဆိုးနစ် hypersonic ဒုံးကျည်များ အပြိုင်အဆိုင် ထုတ်လုပ်ဖို့ ကြိုးစားနေကြချိန်မှာ ဒီရေဒါစနစ် ပေါ်ပေါက်လာတာဟာ ရှေ့ခြေလှမ်းတလှမ်း ပိုမိုရောက်ရှိနေသည့် သဘောပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021