နာမည်ကျော် Apple ကုမ္ပဏီဟာ ၎င်း၏ Apple Car ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေချိန်မှာပဲ အခြားကုမ္ပဏီ တခုကနေ အနီးစပ်ဆုံး ဖြစ်လာနိုင်မယ် Apple Car ပုံစံကို တရားဝင် ထုတ်ဖော်ပြသလိုက်ပါတယ်။
Vanarama လို့ခေါ်တဲ့ ကားအငှား ကုမ္ပဏီဟာ Apple ရဲ့ တကယ့် မူပိုင်ခွင့်များကို အခြေခံပြီး ကွန်ပျူတာမှ တဆင့် Apple Car ဖြစ်နိုင်မည့် အသေးစိတ်ပုံများကို ပြသလိုက်တာကို Digital Trends မှ ဖော်ပြခဲ့ပါတယ်။
နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ ၎င်း၏ ကိုယ်ပိုင် လျှပ်စစ် စွမ်းအင်သုံးကားများကို ၂၀၂၄ ခုနှစ်လောက်တွင် ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်နေချိန်မှာ Apple Car နှင့် ပတ်သက်ပြီး ကောလဟာလများဟာ နှစ်အတော်ကြာအောင် ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
ဒီနှစ် အစောပိုင်း EV ကား ထုတ်လုပ်သည့် ကုမ္ပဏီ Fisker နှင့် iPhone များကို ထုတ်လုပ်ပေးသည့် ထိုင်ဝမ် ကုမ္ပဏီ Foxconn တို့အကြား မိတ်ဖက် ကုမ္ပဏီများအဖြစ် ကြေငြာပြီးနောက် Apple Car သတင်းတွေဟာ ပိုပြီး ကျယ်ကျယ်လောင်လောင် အသံထွက်လာပါတယ်။
ဒါပေမယ့် Foxconn ဟာ ၎င်းရဲ့ လျှပ်စစ်ကားများ အကြောင်းကို ကြေငြာပြီး ဖြစ်ပါတယ်။
ဒီအကြောင်းကို “Apple IPhone များကို ထုတ်လုပ် ပေးနေသည့် Foxconn မှ လျှပ်စစ် စွမ်းအင်သုံး ကားများ မိတ်ဆက်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Vanaramaဟာ Apple နှင့် ဆက်စပ်မှု မရှိပေမယ့် ၎င်းရဲ့ Apple ကားပုံစံဟာ Apple ၏ မူပိုင်ခွင့်များကို အခြေခံပြီး ပုံဖော်ထားတဲ့အတွက် ပုံမှန် ကောလဟာလများထက် စာရင် အများကြီး ဖြစ်နိုင်ချေ ရှိပါတယ်။
မူပိုင်ခွင့်တင်ထားတဲ့ ပုံစံ အားလုံးပေါင်းစပ်ထားရင်တောင်မှ နောက်ဆုံး အချောသတ်ပုံစံကို ကိုယ်စားမပြုနိုင်ပေမယ့် Vanarama က ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်များဟာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။
မူပိုင့်ခွင့်တွေကို အခြေခံထားတာဖြစ်တဲ့အတွက် တကယ်လို့ Apple က တရားဝင် ထုတ်ဖော်လာခဲ့ရင်တောင် ယခု ပုံစံနှင့် ဘယ်လောက် နီးစပ်မလဲဆိုတာကို စောင့်ကြည့်ရမယ့် အနေအထားပါ။
Apple Car ပုံစံကို စိတ်ကူးကြည့်ပါ
ထွက်ပေါ်လာသည့် ပုံများဟာ Tesla ၏ Cyberturck ၏ အရိပ်အယောင်များရှိပြီး အနာဂါတ် ခေတ်မှီ အာရုံ ခံစားနိုင်မှုကို ပြသ ထားပါတယ်။

ဒါ့အပြင် ၁၉၇၄ ခုနှစ်က ပထဆုံး ထုတ်လုပ်ခဲ့တဲ့ တောင်ကိုရီးယား ဟွန်ဒိုင်း (ကိုရီးယားသံမှာ ဟွန်ဒေ ဖြစ်သည်) ကား ကုမ္ပဏီ၏ Hyundai Pony မှ ဆင်းသက်လာသည့် ဆိုလာ အမိုးပါ Ioniq 5 လျှပ်စစ် စွမ်းအင်သုံး ကားသစ်နှင့်လဲ ခပ်ဆင်ဆင်ပါ။
အပြင်ပိုင်းဒီဇိုင်းဟာ Apple မူပိုင်ခွင့်တွင် မပေါ်သေးတဲ့အတွက် အပြင်ပိုင်း ဒီဇိုင်းဟာ Vanarama မှ ထင်ကြေး သပ်သပ်သာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က Apple မူပိုင်ခွင့် တင်ထားသည့် အင်္ဂါရပ်တခုမှာ အရှေ့တံခါးနှင့် အနောက်တံခါးများဟာ ကပ်လျက်ဖြစ်ပြီး ကြားတွင် အလယ်တိုင် မပါရှိပါဘူး။
ဒါပေမယ့် ဒီလို ဒီဇိုင်းဟာ တည်ဆောက်မှုဆိုင်ရာ ခိုင်ခံ့မှုနှင့် ပျက်စီးမှုကို ကာကွယ်ပေးမှုတွေကို ဆုံးရှူံးစေတဲ့အတွက် ပုံမှန်အားဖြင့်တော့ မဖြစ်နိုင်ပါဘူး။
သို့ပေမယ့် Apple ၏ မူပိုင်ခွင့်ဟာ တင်းကျပ်မှုများကို လျော့ကျသွားစေဖို့ ထောင့်ဖြတ် ပံ့ပိုးမှု အပိုင်းများကို မည်သို့ ထည့်သွင်းမယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားပါတယ်။

ဤသို့ မှန်းဆနိုင်သော Apple Car ၏အတွင်းပိုင်းဟာ Siri ပေါင်းစပ်မှုနှင့် အတူ ကား ဒက်ရှ်ဘုတ်တခုလုံးကို လွှမ်းခြုံထားမည့် ကြီးမား သော screen တခုကို မြင်တွေ့ရတာတော့ အံ့အားသင့်စရာ မရှိပါဘူး။
Apple ၏ EV ကား စီမံကိန်း ဖြစ်သော Project Titan ၏ အစောဆုံး အစီရင်ခံစာများသည် ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ထို အစီရင်ခံစာများက Apple ဟာ ၎င်း၏ စမတ်ဖုန်းနှင့် ကွန်ပျူတာ ထုတ်လုပ်မှုပိုင်းမှ ကျွမ်းကျင်မှုများကို မော်တော်ကား ဈေးကွက်သို့ ယူဆောင်လာပြီး ပြိုင်ဖက်ကင်းသည့် infotainment စနစ်နှင့် အလိုအလျှောက် မောင်းနှင်မှု စနစ်များ ပါဝင်သည့် ကားတစီး ဖန်တီးဖို့ မီးမောင်းထိုးပြခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာ Apple ဟာ Project Titan တွင် အလုပ်လုပ်နေသည့် ဝန်ထမ်း ၂၀၀ ကို စွန့်လွှတ်ခဲ့ပြီး ယခုအချိန်တွင် အာရုံစိုက်မှု ပြောင်းလဲသွားတယ်လို့ ယုံကြည်ရပါတယ်။

မော်တော်ယာဥ် ထုတ်လုပ်သူများနှင့် လက်တွဲနိုင်ဖွယ်ရှိသော ကောလာဟလများမှ လွဲ၍ Apple Car အကြောင်းဟာ အံ့အား သင့်စရာ ကောင်းလောက်အောင် အနည်းငယ်မျှသာ သိရှိရပါတယ်။
အခုတော့ ဒီ ကွန်ပျူတာနဲ့ ပုံဖော်ထားတဲ့ render ပုံ အသစ်တွေက Apple Car ရဲ့ ပုံပန်း သဏ္ဍာန်ကို ရင်သပ်ရှုမောဖွယ် အရိပ်အမြွတ် ပြသပေးနေပါတယ်။
Apple အနေဖြင့် တကယ်ပဲ Apple Car ကို ထုတ်ဖြစ်ဦးမယ်ဆိုရင်တော့ Tesla ဟာ EV ကားလောကမှာ အတော်ကြီးကို ရှေ့ကိုရောက်နေတဲ့အတွက် အပြင်းအထန် ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။