Transformers ဇာတ်ကားထဲကလို စက်ရုပ်တွေ မဟုတ်ပေမယ့် စက်ရုပ်တွေကို လူတွေအတွက် အကျိုးရှိအောင် ဂျပန်နိုင်ငံမှာ အသုံးချနေတာ အချိန်တခု ရှိနေပါပြီ။
ယခု ဖော်ပြပေးမယ့် စက်ရုပ်အကြောင်းကတော့ ဂျပန်နိုင်ငံ West Japan ရထား ကုမ္ပဏီ ၏ လူတယောက်ကဲ့သို့ အလုပ်လုပ်နိုင်တဲ့ စက်ရုပ် အကြောင်းပါ။
Gundam စတိုင် ဒီစက်ရုပ်ကို ကရိန်း၏ ထိပ်မှာ တပ်ဆင်ထားပြီး လူသားများ၏ လက်များနှင့် ခေါင်း ရွေ့လျားမှုများကို တုပပြီး ပြုလုပ်ထားတာပါ။

စက်ရုပ်ကို VR ခေါင်းစွပ်တပ်ဆင်ကာ တိုက်ရိုက် ထိန်းချုပ် အလုပ်လုပ်စေ နိုင်ပါတယ်။
ကုမ္ပဏီ၏ ယခု စက်ရုပ်ကို ဖန်တီးခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်းများ ပိုမို မြန်ဆန်စွာ ပြီးမြောက်ဖို့နှင့် လူများအတွက် လုံခြုံစိတ်ချစေဖို့လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် လျှပ်စစ်ဓာတ်အားသုံး ရထားများအတွက် သံလမ်းစနစ်များကို ပြုပြင်ထိန်းသိမ်းသည့် အခါမှာ လျှပ်စစ်ရှော့ခ် ဖြစ်နိုင်သည့် အန္တရာယ်များနှင့် အမြင့်မှပြုတ်ကျနိုင်သည့် အန္တရာယ်များ ရှိပါတယ်။

လူ့တယောက်၏ အပေါ်ပိုင်း ပုံစံ တည်ဆောက်ထားသည့် ဒီစက်ရုပ်ကတော့ ဟိုက်ဒရောလစ် ကရိန်းထိပ်မှ နေပြီး လူသားတွေ လုပ်ဆောင်နေတဲ့ နေ့စဉ် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းတွေကို အစားထိုး လုပ်ဆောင်သွားမှာပါ။
၎င်းကို ထိန်းချုပ်ဖို့အတွက် လူတယောက်မှ VR ခေါင်းစွပ်တပ်ဆင်ကာ လုပ်ဆောင်မှာဖြစ်ပြီး လုပ်ဆောင်မှု အားလုံးကို တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
စက်ရုပ်လက်များကို ထိန်းချုပ်ရန်အတွက် လက်ကိုင် တစုံကို အသုံးပြုမှာ ဖြစ်ပြီး လက်များကို လိုသလို လှုပ်ရှားစေပါတယ်။
လက်ကိုင်တွင် အာရုံခံ ကိရိယာများ ပါဝင်ပြီး အားတခုခု သက်ရောက်ပါက လက်ကိုင်ကိုပါ သက်ရောက်စေမှာ ဖြစ်လို့ ထိန်းချုပ်သည့်လူဟာ စက်ရုပ်အပေါ် ကျရောက်သည့် ဖိအားကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်ဟာ လက်ရှိမှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်ပြီး အစိတ်အပိုင်း များကို နေရာချထားခြင်း ရထားလမ်းများကို သန့်ရှင်းရေး လုပ်ခြင်းများကို သရုပ်ပြပြီး ဖြစ်ပါတယ်။
၎င်း၏ လက်များဟာ လှုပ်ရှားမှု နှေးကွေးပေမယ့် တိကျပြီး ကိရိယာများကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ပါတယ်။
ဒါဟာ စက်ရုပ်ကို လူသားဆန်အောင် ပုံဖော်ရာမှာ ခက်ခဲလှတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြနိုင်တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။
စက်ရုပ်ကို ကင်မရာတပ်ဆင်ကာ မျက်လုံးများအဖြစ် VR က မြင်ရသလို လက်များဟာလည်း လူများ၏ လက်များ နေရာတွင် ထားရှိသည့်အတွက် လူတယောက်အနေဖြင့် ထိန်းချုပ်ရတာ လွယ်ကူစေပါတယ်။

JR West ဟာ ဒီ စက်ရုပ်ကို Human Machinery Co နှင့် Nippon Signal Co တို့နှင့် ပူးပေါင်း ထုတ်လုပ်နေတာပါ။
တိုးတက်လာတဲ့ ခေတ်ကြီးအတွင်းမှာ စက်ရုပ်များက လူသားများ၏ အလုပ်များအတွက် ပိုမို မြန်ဆန် လွယ်ကူလာစေတာကတော့ မငြင်းနိုင်ပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။