ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ စက်ရုပ်လက်တွေကို ကွန်ပျူတာ ဆားကစ်ဘုတ်တွေ ထုတ်လုပ်တာ၊ ကားဆေးမှုတ်တာတွေကစပြီး ခွဲစိတ်မှုတွေ အထိ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ပထမဆုံး စက်ရုပ်လက်ကို ၁၉၅၄ ခုနှစ်မှာ စတင် တီထွင်ခဲ့ပြီး အဲဒီ့ လက်များကို အခြေခံ စေခိုင်းမှုများသာ လုပ်နိုင်သည့် ပရိုဂရမ်ကို စက္ကူတိတ်များပေါ်တွင် ရေးဆွဲပြီး အီလက်ထရောနစ် ဆာဗို မော်တာများဖြင့် ထိန်းချုပ် အလုပ်လုပ်စေတာ ဖြစ်ပါတယ်။
အခုတော့ နည်းပညာဟာ များစွာ တိုးတက်လာပြီး စက်ရုပ်လက်များ၏ တိကျမှု နှင့် စွမ်းဆောင်နိုင်ရည်များကလည်း အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသီတယောက်ဖြစ်တဲ့ Zhenan Bao နှင့် သူမ၏ အဖွဲ့ဟာ shape memory polymer တခုကို တီထွင်ခဲ့ပြီး အဲဒီ့ ပိုလီမာ ဒြပ်ပေါင်း ဟာ အပူပေးလိုက်တာနဲ့ စက်ရုပ်လက်များကို လှုပ်ရှားနိုင်စွမ်း ရှိစေမှာ ဖြစ်ပါတယ်။
ဒီ ဒြပ်ပေါင်းအသစ်ဟာ ၎င်း၏ ကိုယ်ပိုင် အလေးချိန်၏ အဆ ၅ ထောင်လောက် အလေးချိန်ရှိတဲ့ အရာဝတ္တုများကို မ နိုင်မှာ ဖြစ်ပြီး ယခင် ဗားရှင်းထက် စွမ်းအင် ၆ ဆ လောက်နီးပါး သိုလှောင်နိုင်မှာ ဖြစ်ပါတယ်။
Shape memory polymers ဆိုသည်မှာ ဆန့်နိုင် ပုံပြောင်းနိုင်သော ဒြပ်ထု ပစ္စည်းဖြစ်ပြီး အပူပေးလိုက်သည့်အခါ မူလ ပုံစံသို့ ပြန်လည် ရောက်ရှိနိုင်ပါတယ်။

ဒီလို ပစ္စည်းတွေဟာ နေရာများစွာတွင် အသုံးချနိုင်သော်လည်း အခုထိတော့ လုံလောက်သည့် စွမ်းအင်ကို သိုလှောင်နိုင်ခြင်း မရှိသေးပါဘူး။
သုတေသီများဟာ polypropylene glycol ကို 4-,4’-methylene bisphenylurea ယူနစ်များနှင့် ပေါင်းစပ်ပြီး ပိုပြီး ဆွဲနိုင်ဆန့်နိုင်တဲ့ ပိုလီမာ အသစ်အား ဖန်တီးလိုက်ပါတယ်။
အဆိုပါ ပစ္စည်းဟာ ဆွဲဆန့်လိုက်သည့်အခါတွင် ကြားတွင် ကြာမြင့်စွာ ဆွဲဆန့်ထားနိုင်ဖို့ အတွက် hydrogen bond များကို ဖြစ်ပေါ်စေပါတယ်။
ထို့နောက် ၇၀ ဒီဂရီ ဆဲစီးရပ်လောက် အပူချိန် ပေးလိုက်သည့်အခါတွင် အဆိုပါ hydrogen bond များဟာ ပျက်ပြယ်သွားပြီး ပစ္စည်း၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
စမ်းသပ် သုတေသန ပြုလုပ်ချက်များအရ ပိုလီမာအသစ်ဟာ ၎င်း၏ ကနဦးအလျားထက် ၅ ဆ အထိ ဆွဲဆန့်နိုင်တာကို သက်သေပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းဟာ ၁ ဂရမ်လျှင် စွမ်းအင် ၁၇.၉ ဂျိုးလ် (17.9 Joules) ကို သိုလှောင်နိုင်ပြီး ယခင် ပုံစံများထက် ခြောက်ဆ ပိုပြီး သိုလှောင်နိုင်တယ်လို့ သိရပါတယ်။
ဒါဟာ လုပ်ငန်းခွင် အမျိုးမျိုးမှာ အသုံးချနိုင်ဖို့အတွက် အလွန် အသုံးဝင်စေမည့် ပစ္စည်း ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။
“ဒီ ပစ္စည်းဟာ အလေးချိန်တွေမဖို့ရာ သို့မဟုတ် လမ်းလျှောက်ရန် ခက်ခဲနေသူ တဦးအား ကူညီရန် သို့မဟုတ် အကူအညီ လိုအပ်နေသည့် လုပ်ငန်းများတွင် ကူညီပေးရန် အသုံးပြုနိုင်မှာ ဖြစ်တယ်” လို့ Zhenan Bao က New Scientist ဝက်ဘ်ဆိုက်ဒ်မှာ ပြောကြားခဲ့ပါတယ်။
သူမနှင့် အဖွဲ့ဟာ လူပုံစံ သစ်သားရုပ်ကို အသုံးပြုပြီး လက်ဖျံနှင့် လက်မောင်းတွင် ကြိုတင် ဆွဲဆန့်ထားသည့် ပိုလီမာအား တပ်ဆင်ကာ ကြွက်သားတု ပြလုပ်ရန် နောက်ထပ် သုတေသနတခု အဖြစ် စမ်းသပ်ခဲ့ပါတယ်။
ထို့နောက် ပိုလီမာအား အပူပေးပြီးကာ ကြုံ့စေပြီး သစ်သား လက်များကို ကိုယ်တိုင် ကွေးညွှတ်စေခဲ့တာ ဖြစ်ပါတယ်။
Zhenan Bao နှင့် သူမ၏ အဖွဲ့မှ SciTech Daily ဝက်ဘ်ဆိုက်ဒ်တွင် ဒီ ပိုလီမာဟာ ဈေးနှုန်းလဲ သက်သာပြီး အလေးချိန် ၁ ပေါင်လျှင် ၁၁ ဒေါ်လာလောက်သာ ကျသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။