ရုရှားနိုင်ငံ၏ ပဥ္စမမျိုးဆက် တိုက်လေယာဉ်တစင်း ဖြစ်တဲ့ Su-57 ၏ အဆင့်မြှင့်တင်ထားတဲ့ မျိုးကွဲတွေကို ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။
ထုတ်လုပ်မှုကို Megapolis သုတေသနနှင့် ဖွံ့ဖြိုးရေး စီမံကိန်း၏ တစိတ်တပိုင်းအဖြစ် ၂၀၂၅ ခုနှစ်လောက်မှာ စတင်နိုင်လိမ့်မယ်လို့ စစ်ဘက်ဆိုင်ရာ ရင်းမြစ်တခုက ရရှိတဲ့ သတင်းကို ရုရှား မီဒီယာတခုဖြစ်တဲ့ TASS မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါ မျိုးကွဲမှာ လေယာဉ်မှူးခန်း cockpit ကို လုံးဝ အဆင့်မြှင့်တင် မှာဖြစ်ပြီး အဆင့်အမြင့်ဆုံး avionics စနစ်များကို ထည့်သွင်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လေယာဉ်ကို လက်ရှိအသုံးပြုနေသည့် Izdeliye 30 အင်ဂျင် ဒုတိယ မျိုးဆက်ကို တပ်ဆင်သွားဖွယ် ရှိပါတယ်။
ဒီ Su-57 ကို အဆင့်မြှင့်ထားတဲ့ မျိုးကွဲ တိုက်လေယာဉ်တွေကို ၂၀၂၅ ခုနှစ်မှစပြီး အများအပြား ထုတ်လုပ်သွားမယ်လို့ TASS က ဆိုပါတယ်။

Megapolis သုတေသနနှင့် ဖွံ့ဖြိုးရေး စီမံကိန်းအရ ယခု အသစ်ထုတ်လုပ်မယ့် Su-57 တွေဟာ တယောက်မောင်း လေယာဉ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
TASS မီဒီယာ မှာတော့ ဒီ အချက်အလက်နဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြုချက်တော့ မရှိပါဘူး။
အစောပိုင်းကာလက TASS ဟာ Su-57 ပဥ္စမမျိုးဆက် တိုက်လေယာဉ်များကို နှစ်ယောက်မောင်း လေယာဉ်အဖြစ် ထုတ်လုပ်မယ်လို့ ဖော် ပြဖူးပါတယ်။
အဆိုပါသတင်းအရ အဲဒီ့ ၂ ယောက်မောင်း Su-57 ဟာ ၎င်းနှင့် တွဲဖက် ပျံသန်းမည့် Okhotnik ကဲ့သို့ မောင်းသူမဲ့လေယာဉ်များ သို့မဟုတ် အစုအလိုက်အပြုံလိုက် ဒရုန်းများကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Okhotnik မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ဩဂုတ်လ ၂၀၁၉ ခုနှစ်တွင် မိနစ် ၂၀ ခန့်ကြာအောင် ထိန်းချုပ်မှု အောက်မှာ ပထမဆုံး စမ်းသပ်ပျံသန်း ခဲ့ပါတယ်။
စက်တင်ဘာလ ၂၇ ရက် ၂၀၁၉ ခုနှစ်မှာတော့ Okhotnik ဟာ Su-57 နှင့် အတူတကွ တွဲဖက် ပျံသန်းခဲ့ပါတယ်။
အဆိုပါပျံသန်းမှုဟာ မိနစ် ၃၀ ခန့်ကြာမြင့်ပြီး အမြင့် မီတာ ၁၆၀၀ လောက်မှာ အလိုအလျှောက်စနစ်ဖြင့် စစ်ကစား ပျံသန်းခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှ စတင်ပြီး Okhotnik မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ အများအပြား ရုရှား စစ်တပ်ကို ပေးအပ်နိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Su-57 ဟာ ရုရှားနိုင်ငံလုပ် ပဥ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်ပြီး ဝေဟင်၊ မြေပြင်နှင့် ပင်လယ်ပြင် ပစ်မှတ်များကို ခြေမှုန်းနိုင်ဖို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
လေယာဉ်ကို ရေဒါပျောက်စေရန် ပေါင်းစပ်ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး အသံထက်မြန်တဲ့ အလျှင်နှုန်းဖြင့် ပျံသန်းနိုင်ကာ (အီလက်ထရောနစ် ဒုတိယ လေယာဉ်မှူးလို့ ခေါ်သည့်) စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ
အပါအဝင် အဆင့်အမြင့်ဆုံး ရေဒီယို အီလက်ထရောနစ် ပစ္စည်များ၊ လေယာဉ်ကိုယ်ထည် အနှံ့ရှိ ရေဒါစနစ်များ နှင့် အချို့ တီထွင်စမ်းသစ်မှုများ၊ ကိုယ်ထည်အတွင်းရှိ လက်နက် ထားသိုရာနေရာများ စသည်ဖြင့် ရုရှားတို့၏ အဆင့်အမြင့်ဆုံး နည်းပညာများဖြင့် တည်ဆောက်ထားတာပါ။
ရုရှားလေတပ်ဟာ Su-57 ၂၄ စင်းကို ၂၀၂၄ အကုန် လောက်မှာ လက်ခံရရှိမှာ ဖြစ်ပြီး ၂၀၂၈ မှာတော့ အရေအတွက် ၇၆ စင်းအထိ ရှိလာမှာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။