အမေရိကန်၏ အကြီးဆုံး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်တဲ့ Lockheed Martin ကို အမေရိကန် ရေတပ်
လေကြောင်းစနစ် ကွပ်ကဲမှု ဌာနချုပ်မှ နိုင်ငံခြား ဝယ်ယူမှုအတွက် F-35 မျိုးကွဲသစ် တမျိုး ထုတ်လုပ်ပေးဖို့ စာချုပ်ချုပ်ဆို ခဲ့ပါတယ်။
နောက်ခံ အကြောင်းတရား
F-35 ရေဒါပျောက် တိုက်လေယာဉ်ဟာ ကမ္ဘာပေါ်ရှိ လက်ရှိ ရနိုင်တဲ့ တစင်းထဲသော ရေဒါပျောက် တိုက်လေယာဉ်ဖြစ်တာကြောင့် ဝယ်ယူလိုသည့် နိုင်ငံတွေ အလွန် များပြားပါတယ်။
ဒါပေမယ့် အမေရိကန်ဟာ F-35 တိုက်လေယာဉ်တွေကို ၎င်းနဲ့ နီးစပ်တဲ့ မဟာမိတ် နိုင်ငံများကိုသာ အဓိကထား ရောင်းချတဲ့အတွက် လိုချင်ရင်တောင် ဝယ်ယူခွင့်ရဖို့ မသေချာပါဘူး။
အဲဒီ့အပြင် F-35 တိုက်လေယာဉ်ကိုလည်း Lockheed Martin ၏ ထောက်ပံ့ရေး ကွန်ယက်ကြီးနှင့် ချိတ်ဆက် ထားသည့်အတွက် ယုံကြည်စိတ်ချရမှု မရှိဘူးလို့ သတ်မှတ်ထားတဲ့ နိုင်ငံဟာ ဝယ်ယူနိုင်ဖို့ အိပ်မက်တောင် မက်လို့ ရမှာ မဟုတ်ပါဘူး။

အမေရိကန်ဟာ တကမ္ဘာလုံးမှာ ရှိတဲ့ F-35 ရေဒါပျောက်လေယာဉ်တွေကို ဘယ်လို ထိန်းချုပ်ထားသလဲ ဆိုတာကို “F-35 တိုက်လေယာဉ်တွေကို အမေရိကန်က ဘယ်လို ထိန်းချုပ်ထားသလဲ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ယခုလို ကွန်ယက်မှ ထိန်းချုပ်မှုတွေ လုပ်ထားတာဟာ အမေရိကန်နှင့် နီးစပ်သည့် မဟာမိတ် နိုင်ငံများအတွက် ပြဿနာ မရှိပေမယ့် “မျက်နှာသာ ပေးလိုတဲ့” UAE လို နိုင်ငံမျိုးကို ရောင်းချဖို့ရာမှာတော့ အခက်အခဲ တချို့ရှိလာပါတယ်။
အကြောင်းကတော့ UAE ဟာ တရုတ်နှင့် လက်တလော နီးစပ်မှု ရှိနေသည့်အပြင် ဆိပ်ကမ်းတည်ဆောက်ခြင်း နှင့် Huawei ၏ 5G ကွန်ယက် တပ်ဆင်ခြင်းများကို အမေရိကန်က တားဆီးနေသည့်ကြားက လုပ်ဆောင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အမေရိကန်အနေဖြင့် F-35 များကို အဆိုပါ တရုတ်၏ 5G ကွန်ယက် ကိစ္စကြောင့် အင်တင်တင် လုပ်နေတဲ့ အချိန်မှာ UAE ဟာ ပြင်သစ်မှ
စံချိန်တင် ၁၉ ဘီလီယံ လောက် တန်ကြေးရှိတဲ့ Rafale တိုက်လေယာဉ် အစင်း ၈၀ နှင့် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် ၁၂ စင်း ဝယ်ယူလိုက်ပါတယ်။
ဒါ့ကြောင့် UAE မှ F-35 များ ဝယ်ယူမည့် ကိစ္စဟာလည်း မသေချာ မရေမရာ ဖြစ်ခဲ့ရပါတယ်။
ဒီလို ဖြစ်ရပ်ကြောင့် အမေရိကန်အနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို မထိပါးစေနိုင်စေမယ့် F-35 တိုက်လေယာဉ် မျိုးကွဲသစ် တခုကိုလည်း ဖန်တီးရန် ဆန္ဒရှိလာပုံရပါတယ်။

ဒါ့ကြောင့် မကြာသေးမီကပဲ Lockheed Martin ကို နိုင်ငံခြားသို့ တင်ပို့ရန်အတွက် နောက်ထပ် F-35 မျိုးကွဲသစ် တမျိုး ထုတ်လုပ်ဖို့ စာ ချုပ် ချုပ်ဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။
အဆိုပါ F-35 တိုက်လေယာဉ် မျိုးကွဲသစ်ကို အမည် မဖော်ပြလိုတဲ့ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံ တနိုင်ငံကို ရောင်းချနိုင်ဖွယ် ရှိနေပေမယ့် အနာဂါတ်မှာ လက်ရှိ မဟာမိတ် နိုင်ငံများလောက် မနီးစပ်တဲ့ နိုင်ငံများကိုပါ ရောင်းချဖို့ ကြိုးစားနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
စာချုပ်နှင့် ပတ်သက်သည်များ
အမေရိကန် ကာကွယ်ရေးဌာန၏ စာချုပ်ပါ ထုတ်ပြန်ချက်များအရ သေချာ ဖော်ပြထားခြင်း မရှိသေးတဲ့ နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ရောင်း ချမှု Foreign Military Sales (FMS) အတွက် F-35 မျိုးကွဲသစ်၏ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ပေးရန်
Lockheed Martin ဟာ အမေရိကန်ဒေါ်လာ ၄၉ သန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းစဉ်တွေ ပြီးဆုံးဖို့ အတွက် ၅ နှစ်လောက် အချိန်ယူရမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ လောက်မှာ ပြီးစီး နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကာကွယ်ရေး ဌာန အဆိုအရ မျိုးကွဲသစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ ၃ ပုံ ၂ ပုံကျော် (၇၇%) လောက်ကို တက္ကဆက်ပြည်နယ် Fort Worth တွင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ထပ် ၁၄ ရာခိုင်နှုန်းလောက်ကိုတော့ ကယ်လိုဖိုးနီးယားပြည်နယ် Redondo Beach မှ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အခြား ကျန်ရှိသည့် အပိုင်းများကိုတော့ ဖလော်ရီဒါ ပြည်နယ် Orlando တွင် ၆ ရာခိုင်နှုန်း၊ မေရီလန်းပြည်နယ် Baltimore တွင် ၁ ရာ ခိုင်နှုန်း၊ နယူရော့ခ် ရှိ Owego တွင် ၁ ရာခိုင်နှုန်း၊ ဗြိတိန် ရှိ Samlesbury တွင် ၁ ရာခိုင်နှုန်း အသီးသီး ခွဲဝေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
F-35 ရေဒါပျောက် တိုက်လေယာဉ်များတွင် မျိုးကွဲ ပေါင်း ၃ ခုရှိပြီး အားလုံးဟာ ထိုင်ခုံ တလုံးတပ် တယောက်မောင်း တိုက်လေယာဉ်များ ဖြစ်ကြပါတယ်။
F-35A သမားရိုးကျ အတက်အဆင်း လုပ်နိုင်သည့် မျိုးကွဲကို လေတပ်တွင် အဓိကအသုံးပြုပြီး ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်သည့်
F-35B နှင့် ပြေးလမ်းတို အတက်အဆင်း လုပ်နိုင်သည့် F-35C များကိုတော့ ရေတပ်နှင့် မရင်းတပ်တို့က အဓိကထား အသုံးပြုတာ ဖြစ်ပါတယ်။
လက်ရှိတွင် F-35A နှင့် F-35B မျိုးကွဲများကို ပြည်ပသို့ တင်ပို့ ရောင်းချနေပြီး F-35C များကတော့ အမေရိကန် ရေတပ်အတွက် သီးသန့် အသုံးပြုသွားဖွယ် ရှိနေပါတယ်။
ယခု Lockheed ချုပ်ဆိုလိုက်တဲ့ စာချုပ်ဟာ အမေရိကန် ရေတပ်နှင့် ဖြစ်သည့်အတွက် ယခု တင်ပို့မည့် F-35 လေယာဉ်ဟာ F-35B အမျိုးအစား ဖြစ်နိုင်ပြီး အဆိုပါ မျိုးကွဲအတွက် နောက်ထပ် ပြုပြင် ထားသည့် မျိုးကွဲသစ်ကို ထပ်မံ ထုတ်လုပ်နေတာ ဖြစ်နိုင်ပါတယ်။

Lockheed Martin ၏ ဝက်ဘ်ဆိုက် အချက်အလက်များ အရ F-35 စီမံကိန်းတွင် မဟာမိတ် နိုင်ငံ ၈ နိုင်ငံ ပါဝင်ပြီး ၎င်းတို့တွင် အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ အီတလီ၊ ဩစတေးလျ၊ နော်ဝေ၊ ဒိန်းမတ် နှင့် ကနေဒါ နိုင်ငံတို့ ဖြစ်ကြပါတယ်။
အခြား စီမံကိန်း ပြင်ပနိုင်ငံများတွင် လက်ရှိမှာ ဂျပန်နှင့် စင်္ကာပူ နိုင်ငံများဟာ F-35B များကို အမေရိကန်မှ ဝယ်ယူရန် လုပ်ဆောင်နေကြ ပြီး ဂျပန်နိုင်ငံဟာ ၁၅၇ စင်း ဝယ်ယူထားသည့် အထဲမှ ၄၂ စင်းအထိ လက်ခံရရှိပြီး ဖြစ်ပါတယ်။
တကမ္ဘာလုံး F-35 တိုက်လေယာဉ် စုစုပေါင်း ၇၀၀ ကျော်ရှိပြီး ကမ္ဘာ့အနှံ့ အခြေစိုက် စခန်းပေါင်း ၂၁ ခုတွင် တာဝန် ထမ်းဆောင်နေကြ ပါတယ်။
ယနေ့အချိန်အထိ F-35 တိုက်လေယာဉ်များအတွက် လေယာဉ်မှူးပေါင်း ၁,၄၆၀ နှင့် ပြုပြင်ထိန်းသိမ်းရေးသူ ၁၁,၀၂၅ ယောက်အထိ လေ့ ကျင့်ထားပြီး ဖြစ်ကာ လေယာဉ်အားလုံး၏ ပျံသန်းချိန် နာရီပေါင်းဟာ ၄၃၀,၀၀၀ ကျော်အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။