ကမ္ဘာကို အန္တရာယ်ပေးမည့် ဂြိုဟ်သိမ်များကို ရှင်းလင်းမည့် နည်းလမ်းသစ်

Innovation Science

သိပ္ပံပညာရှင်များဟာ ကမ္ဘာကြီးကို နှစ် ၁၀၀ လောက်အတွင်း မည်သည့် အန္တရာယ် ပေးနိုင်လောက်သည့် ဂြိုဟ်သိမ် တခုမှ ဝင်တိုက်နိုင်ချေ မရှိဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ ဒါဟာ အမြဲမှန်ကန်နိုင်မလား ဆိုတာကတော့ မသေချာလှပါဘူး။

ဂြိုဟ်သိမ်များဟာ ကမ္ဘာကြီးကို အဓိက ခြိမ်းခြောက်နိုင်မယ့် အရာများဖြစ်ပြီး NASA ဟာ ကမ္ဘာကို ဝင်တိုက်နိုင်မယ့် အာ ကာသအတွင်း ကျောက်တုံးများကို လမ်းလွှဲနိုင်ဖို့ ကြိုးစားနေပါတယ်။

သိပ္ပံ ပညာရှင်များဟာ အမြဲလိုလို အာကာသအတွင်းသို့ ကြည့်ရှုနေပြီး ကမ္ဘာကြီးကို ဝင်တိုက်နိုင်မည့် ဂြိုဟ်သိမ်များကို ရှာ ဖွေ နေကြပါတယ်။

လက်ရှိ NASA ၏ Near-Earth Object Observations (NEOO) စီမံကိန်းအရ ကမ္ဘာနှင့် နီးကပ်စွာ ရှိနေသည့် အရာဝတ္ထုပေါင်း ၂၈,၀၀၀ လောက်ကို ရှာဖွေ တွေ့ရှိပြီး ဖြစ်ပါတယ်။

ယခုလို တွေ့ရှိထားမှုဟာ များပြားတဲ့ တွေ့ရှိမှုတွေ ဖြစ်ပေမယ့် သိပ်တော့ မလုံလောက်သေးပါဘူး။

အကြောင်းကတော့ ဂြိုဟ်သိမ်တခုခုဟာ ကမ္ဘာကို အန္တရာယ်ရှိနိုင်တဲ့ အနေအထား ရှိပါက လက်ရှိနည်းပညာအရ ရှောင်လွှဲနိုင်တဲ့ နည်းလမ်းတွေ မရှိသေးလို့ပါ။

NASA ၏ DART မစ်ရှင် သရုပ်ပြပုံ Image: Courtesy of NASA

ကံကောင်းထောက်မစွာဖြင့် ဂြိုဟ်သိမ်တခုကို ပတ်နေသည့် လငယ်ဖြစ်တဲ့ Didymos B ကို ဝင်တိုက်ဖို့ လုပ်ဆောင်ထားတဲ့ NASA ၏ Dart မစ်ရှင်တော့ ရှိနေပါတယ်။

Didymos ဂြိုဟ်သိမ်ဟာ ကမ္ဘာကို အန္တရာယ် ဖြစ်စေနိုင်မယ့် ဂြိုဟ်သိမ်တခု မဟုတ်ပေမယ့် သုတေသနအဖြစ် ၎င်းကို လှည့် ပတ်နေသည့် ဂြိုဟ်သိမ်အသေးကို ဝင်တိုက်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ရှိနေသေးတဲ့ ပြဿနာကတော့ ဝင်ရောက်လာနိုင်မယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အချိန် အကြာကြီး လိုအပ်တာပါ။

Pi – Terminal Defense လို့ခေါ်တဲ့ ကာကွယ်ရေး စနစ်ဟာ ဒီလို ကြံ့ကြာမှုတွေကို ပိုမို လျှင်မြန်စွာ ကျော်လွှားနိုင်မယ်လို့ ဆိုပါတယ်။

ဒီ အယူအဆဟာ NASA ၏ အဆင့်မြင့် ဆန်းသစ်တီထွင်မှု အယူအဆများ စီမံကိန်း Innovative Advanced Concepts (NIAC) ၏ ပထမ အဆင့်ကို ရောက်ရှိလာပါပြီ။

Image: Courtesy of NASA

ယခုလို အယူအဆကို Santa Barbara မြို့ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အင်ဂျင်နီယာတယောက်ဖြစ်တဲ့ Philip Lubin က အကြံပြုတာ ဖြစ်ပါတယ်။

Pi မစ်ရှင်ဟာ ကမ္ဘာအနီးကို ကပ်လာမည့် ဂြိုဟ်သိမ်များကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်ဆောင်ပြီး ကမ္ဘာသို့ မရောက်ခင် ကြေမွသွားစေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

အဆိုပါ စနစ်တွင် ဒုံးကျည်များစွာကို တပြိုင်နက် ပစ်လွှတ်နိုင် သို့မဟုတ် နျူကလီးယား လက်နက်များကို တင်ဆောင် အ လုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဂြိုဟ်သိမ်အား မတိုက်ခင် Pi စနစ်ကို ကမ္ဘာ့ ပတ်လမ်း သို့မဟုတ် လ၏ ပတ်လမ်းအတွင်းသို့ လက်နက်တပ်ဆင်ကာ လွှတ်တင်ဖို့ Lubin က အဆိုပြုထားပါတယ်။

လဟာ လေထု မရှိသည့်အပြင် ကမ္ဘာထက် ဆွဲငင်အား နည်းသည့်အတွက် တာဝေးကြည့် optical စနစ်များ သို့မဟုတ် အနီ အောက်ရောင်ခြည်သုံး စောင့်ကြည့် ကိရိယာများ တပ်ဆင်ထားပြီး ခြိမ်းခြောက်မှုကို တွေ့ရှိပါက မိနစ်ပိုင်း အတွင်း တိုက် ခိုက် နိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ မီတာ ၅၀ ရှိသည့် ဂြိုဟ်သိမ်တခုကို ကမ္ဘာနှင့် မတိုက်မီ ၅ နာရီလောက်အတွင်း ဖျက်ဆီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Image: Courtesy of NASA

ဒါ့အပြင် ဒီစနစ်ဟာ ၁၀၀ မဂ္ဂါတန် ယမ်းဘီလူးအားလောက် ပေါက်ကွဲနိုင်တဲ့ ၁၀၀ မီတာ အချင်း ရှိတဲ့ ဂြိုဟ်သိမ်များကိုလည်း ချေမှုန်းနိုင်မှာပါ။

လက်တွေ့တွင် ၂၀၂၉ ခုနှစ်တွင် ကမ္ဘာ့အနီးမှ ဖြတ်သန်းသွားမည့် ၃၇၀ မီတာလောက် ရှိသည့် Apophis ဂြိုဟ်သိမ် အတွက် ၁၀ ရက်ကြိုတင် သတိပေးမှာဟာ လုံလောက်မှု ရှိပါတယ်။

လက်ရှိမှာတော့ Pi စနစ်ဟာ လေ့လာဆဲ ကာလသာဖြစ်ပြီး တနေ့မှာ ကမ္ဘာဂြိုဟ် လုံခြုံရေးအတွက် မရှိမဖြစ် အစိတ်အပိုင်း တခုဖြစ်လာမလား၊ စစ်ဘက်ဆိုင်ရာ လွှမ်းမိုးမှု တခုအတွက် အကြောင်းပြချက်ပဲလား စောင့်ကြည့်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *