သင့်မှာ ခလုပ်တချက် နှိပ်ရုံနှင့် သွားလိုသည့်နေရာကို ပို့ဆောင်ပေးမယ့် ဒေါင်လိုက်အတက် အဆင်း ပြုလုပ်နိုင်မယ့် လျှပ်စစ်စွမ်းအင်သုံး ယာဉ်ပျံ တစီး ရှိမယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။
ဒီလိုယာဉ်ပျံမျိုးဟာ သိပ္ပံကားထဲက ယာဉ်ပျံပုံစံမျိုးဖြစ်ကာ မျက်နှာသစ် ကုမ္ပဏီတခုဖြစ်တဲ့ NeXt UAS မှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
NeXt UAS ဟာ ၂၀၁၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး လုံခြုံစိတ်ချရမှု၊ အသုံးပြုရလွယ်ကူမှု နှင့် တီထွင်ကြံဆမှု အသစ်များနှင့် eVTOL ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့ လျှပ်စစ်ယာဉ်ပျံများနှင့် အလိုအလျှောက် စနစ်များကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။
ဇူလိုင်လ ၂၀၂၁ ခုနှစ်အရ ကုမ္ပဏီ၏ နောက်ဆုံး လုပ်ဆောင်နေတဲ့ စီမံကိန်းဟာ iFly ဟုခေါ်သည့် တစ်ယောက်မောင်း အဖိုးနည်း ဒေါင်လိုက်အတက်အဆင်း ယာဉ်ပျံပဲ ဖြစ်ပါတယ်။

“iFly ဟာ လုံခြုံစိတ်ချရမှု၊ အဆင်ပြေမှုနှင့်၊ မြေပြင်ရင်းနှီးမှု ရှိတဲ့ ပို့ဆောင်ရေးစနစ် ဖြစ်တဲ့ လျှပ်စစ်စွမ်းအင် အသုံးပြုသည့် ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့် ယာဉ် အသစ်စက်စက်တစီး ဖြစ်ပါတယ်” လို့ NeXt ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
” သင်ဟာ တယောက်ယောက်ကို ဘယ်လို ထူးခြားတဲ့ စွမ်းအားရှိချင်လဲလို့ မေးပါက လူသားတိုင်း၏ မျှော်လင့်ချက်ထဲမှ သက်တမ်းအရင့်ဆုံးနှင့် မျှော်လင့်ချက်အထားဆုံး ဟာ ပျံသန်းချင်တာပဲ ဖြစ်ပါလိမ့်မယ်။”
” iFly ဟာ လူတိုင်းအတွက် စိတ်ချရပြီး ရိုးရှင်းတဲ့ အမြင့်သစ်ကို ပျံသန်း ခေါ်ဆောင် သွားပါမယ်” လို့လည်း ဖော်ပြထားပါတယ်။

ဒီ ကုမ္ပဏီဟာ နောက်ပြောင်နေတာ မဟုတ်ပါဘူး။ iFly ဟာ iOS သို့မဟုတ် Andriod ဖုန်းမှတဆင့် app ကိုအသုံးပြုကာ သွားလိုသည့် မြေ ပုံနေရာသို့ ထိလိုက်ရုံနှင့် အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ယာဉ်ပျံကို မောင်းနှင့်ဖို့ရာ မောင်းနှင်သူ မလိုအပ်ဘဲ သွားလိုသည့်နေရာသို့ မြေပုံမှတဆင့် အလိုအလျှောက် မောင်းနှင်စေရန် စီမံထားတာ ဖြစ်ပါတယ်။
ယခုအခါမှာ NeXt ဟာ ဖယ်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးမှ လေယာဉ်မောင်း လိုင်စင်မလိုပဲ iFly များကို မောင်းနှင်ခွင့် ရရှိရန် ဆောင်ရွက်နေပါတယ်။

iFly ကို ပန်ကာ ၈ ခုနှစ် လျှပ်စစ်မော်တာ ၈ လုံး အသုံးပြုပြီး ဘက်ထရီစနစ်ဖြင့် မောင်းနှင်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်တောင့် သက်သာရှိတဲ့ ခရီးဆောင် အခန်းကိုလည်း တပ်ဆင်ထားပါတယ်။
NeXt ဟာ ၎င်း၏ eVTOL ယာဉ်ပျံကို အလွန့်အလွန်ကို စိတ်ချရအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီယာဉ်ပျံဟာ မည်သည့် လုံခြုံစိတ်ချရသည့် အကွာအဝေးသို့ ရောက်အောင် သွားနိုင်ကြောင်း တွက်ချက်နိုင်ပါတယ်။ ဘက်ထရီ မလုံလောက်ပါက အန္တရာယ်ကင်းသည့် နေရာတွင် အချိန်မှီ ဆင်းသက်နိုင်သည့် စွမ်းရည်ရှိပါတယ်။
ဒါ့အပြင် အရေးပေါ်အခြေအနေမှာ အလိုအလျှောက် ballistic parachute လေထီးကို ဖွင့်ကာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်အောင် တည်ဆောက်ထားပါတယ်။

NeXt ဟာ မကြာသေးမီက iFLY အတွက် မူပိုင်ခွင့် ရရှိထားကာ ရင်းနှီးမြှပ်နှံမည်သူအား ရှာဖွေလျှက် ရှိပါတယ်။ ဒါ့ကြောင့် NeXt အနေဖြင့် ရင်းနှီးမြှပ်နှံမည့်သူ ရှာဖွေတွေ့ရှိပါက အဆိုပါ အဖိုးနည်း အဆင့်မြင့် ယာဉ်ပျံများကို ကမ္ဘာ့အနှံ့တွင် တွင်ကျယ်စွာ အသုံးပြုလာနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021