ဂျာမနီဟာ ဒုတိယ ကမ္ဘာစစ်ကာလတွင် နည်းပညာ အသစ်အဆန်း များစွာကို အသုံးပြုခဲ့တာကို လူတော်တော်များများ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။
အဲဒီ့ နည်းပညာများထဲမှ ဂျာမန်တော့ အစောဆုံး အသုံးပြုခဲ့တဲ့ ယနေ့ခေတ် နည်းပညာတခု အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁၉၄၃ ခုနှစ် အစောပိုင်း ဒုတိယ ကမ္ဘာ့စစ် ဥရောပ စစ်မြေပြင်မှာ ဂျာမန် ကြည်းတပ်ဟာ အထူး ပြုလုပ်ထားတဲ့ Panther တင့်ကား အနည်း ငယ်ကို စစ်မြေပြင်သို့ စေလွှတ်ခဲ့ပါတယ်။
Nachtjäger သို့မဟုတ် ညဖိုက်တာကြီးများ လို့ အမည်ပေးထားတဲ့ ဒီတင့်ကားတွင် စွမ်းဆောင်ရည်မြင့် ရှာဖွေရေး မီးမောင်းတခုကို တပ်ဆင်ထားပါတယ်။
ထူးခြားချက်ကတော့ အဲဒီ့ မီးမောင်းမှ အလင်းရောင်ဟာ သာမန်မျက်စိနှင့် မမြင်ရတဲ့ အလင်းရောင်ကို အသုံးပြုတာ ဖြစ်ပါတယ်။
အဲဒါကတော့ တော်တော်များများ သိကြတဲ့ အနီအောက်ရောင်ခြည်ပဲ ဖြစ်ပါတယ်။ အဆိုပါတင့်ကားများဟာ အနီအောက် ရောင်ခြည်ဖြင့် မီတာ ၆၀၀ လောက်အထိ ထောက်လှမ်းနိုင်ကြပါတယ်။

ဂျာမန်တို့ဟာ အဆိုပါ အနီအောက်ရောင်ခြည် နည်းပညာကို ၁၉၃၆ ခုနှစ်ကတည်းက စမ်းသပ်ခဲ့တာဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် စတင် သရုပ်ပြ နိုင်နေပြီ ဖြစ်ပါတယ်။
တင့်ကားတွင် တပ်ဆင် ထားသည့် ညကြည့် ကိရိယာကို FG1250 အနီအောက်ရောင်ခြည်သုံး ညကြည့် ကိရိယာ လို့ အမည်ပေး ထားပါတယ်။
တင့်ကားအတွင်းမှာတော့ အနီအောက်ရောင်ခြည်ကို ပုံရိပ်ချဲ့ စနစ်ကို ဖြတ်သန်းစေပြီး monochrome CRT မြင်ကွင်း အသေးစားလေး တခုဖြင့် လူမြင်နိုင်တဲ့ အလင်းရောင်ကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။
ဤနည်းလမ်းအားဖြင့် Nachtjäger Panther တင့်ကားများ၏ တင့်အဖွဲ့သားများဟာ အမှောင်ထုအတွင်းမှာ အပြင်ဘက်ကို မြင်နိုင်သည့် ခေတ်ရှေ့ပြေးသည့် စနစ်ကို ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။
ဂျာမန် ကြည်းတပ်ဟာ ဒီလို နည်းပညာကို အသုံးပြုထားတဲ့ ပုံရိပ်ဖော်စနစ်တပ် Nachtjäger Panther တင့်ကားများကို စစ်ပွဲတလျှောက် အစီးရေ ၅၀ မှ ၆၀ ကြား အသုံးပြုခဲ့ပါတယ်။

စစ်ပွဲ၏ လုံးဝ အပြီးသတ် အနေအထားသို့ ရောက်ရှိလာတဲ့အချိန်မှာတော့ ဂျာမန်ကြည်းတပ်ဟာ Sturmgewehr 44 ချေမှုန်းရေး ရိုင် ဖယ်၏ မျိုးကွဲ “Vampir” ကို တင့်ကားများကဲ့သို့ အလားတူ တပ်ဆင်ပေးခဲ့ပါတယ်။
အဲဒီ့ Vampir ရိုင်ဖယ်တွင် ညပိုင်း စနိုက်ပါ တိုက်ခိုက်ရေးအတွက် သေးငယ်သည့် ကျောပိုးအိတ်မှတဆင့် စွမ်းအင်ပေးထားတဲ့ ညကြည့် မှန်ဘီလူးကို တပ်ဆင်ထားပါတယ်။
အဲဒီလို အဆင့်မြင့်တဲ့ လက်နက်များဟာ အချိန်သာ စောစော အသုံးပြုခွင့်ရခဲ့ပါက ဒုတိယ ကမ္ဘာ့စစ်၏ အောင်ပွဲကို တမျိုးတဖုံ ပြောင်းလဲ သွားနိုင်စေမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။