ကင်မ် ဝတ်ဆင်တဲ့ သားရေကုတ်အင်္ကျီရှည်မျိုး မဝတ်ဆင်ရန် တားမြစ်လိုက်တဲ့ အကြောင်း

News World

သားရေ ကုတ်အင်္ကျီရှည်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်၏ အနှစ်သက်သုံး ဖြစ်လာပြီးနောက်မှာတော့ အဆိုပါ ကုတ် အင်္ကျီ ရှည်များ နိုင်ငံတဝှမ်း ဝတ်ဆင်ခြင်းကို တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တွင် ကင်မှ ပထမဆုံး ဝတ်ဆင်ခဲ့တဲ့ ဒီ သားရေ ကုတ်အင်္ကျီရှည်ဟာ ထိပ်တန်း ခေါင်းဆောင် အပေါ် ၎င်းတို့၏ သစ္စာစောင့်သိမှု နှင့် သားရေ အစစ်ကို တတ်နိုင်သူ ဖြစ်ကြောင်း ပြသလိုသည့် မြောက်ကိုရီးယား အထက်တန်းလွှာများ အကြားတွင် ရေပန်းစားလာခဲ့တာပါ။

ဒါပေမယ့် မကြာသေးမီကပဲ အတုအယောင်များ တဟုန်ထိုး များပြားလာတဲ့ နောက်မှာတော့ ကင်၏ သွင်ပြင်ကို ဈေးပေါစေပြီး ၎င်း၏ အာဏာကို လျော့ပါးစေမည်ကို စိုးရိမ်မှုကြောင့် ကုန်သည်များ၏ ရောင်းချမှုများကို ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတယောက်မှ အမြင့်ဆုံး ဂုဏ်သိက္ခာရှိတဲ့ သူနဲ့ တူဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်တာဟာ “အမြင့်ဆုံး ဂုဏ်သိက္ခာရှိမှု၏ အခွင့်အာဏာကို စိတ်ခေါ်ဖို့အတွက် သန့်စင်မှု မရှိတဲ့ လမ်းကြောင်းတခု ဖြစ်တယ်” လို့ ပြောကြောင်း ရင်းမြစ်တခုမှ RFA ကို ပြောပြခဲ့ပါတယ်။

“သူတို့က သားရေကုတ် အင်္ကျီတွေကို မဝတ်ဖို့ လူထုကို ညွှန်ကြားထားတယ်။ အကြောင်းက ဘယ်သူဝတ်ခွင့်ရှိမလဲဆိုတာ ပါတီ ညွှန်ကြား ချက်ရဲ့ တစိတ်တပိုင်း ဖြစ်လို့ပါ”

ကပ်ရောဂါ ကာလ နယ်စပ်ကုန်သွယ်မှု ပိတ်ထားရာမှ တရုတ်နှင့် မြောက်ကိုရီးယားကြား တရားဝင် မဟုတ်သည့် ကုန်သွယ်မှုကို ပြန်လည် ဖွင့်လှစ်လိုက်ချိန်မှာ ဒီလို ဈေးပေါတဲ့ ကုတ်အင်္ကျီတွေ စက်တင်ဘာလောက်မှာ ပထမဆုံး ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုင်တဆိုင်မှ ပြောပါတယ်။

နယ်စပ် ပြန်လည် လမ်းပွင့်လာမှုကြောင့် ကုန်သည်များဟာ ကုတ်အင်္ကျီများ ပြုလုပ်ဖို့ သားရေတုများ ဝယ်ယူနိုင်ခွင့်လည်း ရရှိလာခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ဂျုံအန်ဟာ မြောက်ကိုရီးယား နျူကလီးယား လက်နက် သိုလှောင်မှုနှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နှင့် စေ့စပ် ညှိနှိုင်းခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အဆိုပါက သားရေ ကုတ်အင်္ကျီရှည်ကို ပထမဆုံး ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ရဲ့ အဲဒီအချိန်က ဝတ်စားပုံဟာ အစဉ်အလာကို ချိုးဖျက်ပြီး ၎င်း၏ ကိုယ်ပိုင်ဟန်ကို တည်ဆောက်လိုသည့် ၎င်း၏ ဆန္ဒကို ဖော်ညွှန်းနေတယ်လို့ တောင်ကိုရီးယား မီဒီယာများက ဆိုပါတယ်။

အဲဒီ့အချိန် မတိုင်ခင်အထိ ကင်မ်ဟာ မြောက်ကိုရီးယား တည်တောင်သူ ၎င်း၏ အဖိုးနှင့် အဖေတို့ရဲ့ ပုံစံ ဖြစ်တဲ့ မော်စီတုန်းစတိုင် အင်္ကျီနှင့် ဦးချို အနားကွပ်ထားသည့် မျက်မှန်တို့ကိုသာ ဝတ်ဆင်ခဲ့ပါတယ်။

ကင်မ်ဝတ်ဆင်ပြီး နောက်ပိုင်းမှာတော့ ဒီလို သာရေ ကုတ်အင်္ကျီရှည် ဝင်ဆင်မှုတော်တော် များများကို တွေ့ရှိခဲ့ရပြီး ၎င်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ အပါအဝင် နိုင်ငံရေးအကြီးပိုင်းမှ အမျိုးသမီးများလည်း ဝတ်ဆင်ခဲ့ကြပါတယ်။

မကြာသေးမီက တောတောင်ထူထပ်သည့် ဆမ်ဂျီယွမ် မြို့အနီးတွင် အသစ်တည်ဆောက်ထားတဲ့ ခရီးသွားမြို့သစ်ကို အလည်အပတ် သွား ရောက် စဉ်ကလည်း ကင်မ်ဟာ အဆိုပါက အင်္ကျီရှည်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

သားရေကုတ်အင်္ကျီ ဝတ်ဆင်ခြင်းကို တားမြစ်ခြင်းဟာ ထိပ်တန်းနိုင်ငံခေါင်းဆောင်ပိုင်းမှ ဝတ်ဆင်သည့် ဖက်ရှင်ရွေးချယ်မှုကို ပြုလုပ်လေ့ ရှိကြသည့် မြောက်ကိုရီယား နိုင်ငံသားများအဖို့ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

၂၀၁၄ ခုနှစ် ကင်မ်ခေါင်းဆောင် ဖြစ်လာပြီး သုံးနှစ်အကြာမှာ ကျောင်းသားများကို နိုင်ငံခေါင်းဆောင်၏ ပုံစံနှင့် လိုက်ဖက်သော ဆံပင်ညှပ်ရန် ညွှန်ကြားခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ ကင်မ်နှင့် တူသည့် ဆံပင်ညှပ်ခြင်းကို တားမြစ်ခဲ့ပြီး ခွင့်ပြုထားသည့် ပုံစံ ၁၅ ခုကိုသာ ရွေးချယ်ခွင့် ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

ဆံပင်ပုံစံ အားလုံးမှာ ရှေ့နှင့် အနောက်တွင် အတိုဖြစ်ပြီး ဖြီးထားရမည့်ပုံစံ သို့မဟုတ် ဆံပင် ဘေးခွဲ ပုံစံမျိုး တွေ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် “ဆိုရှယ်လစ် လူနေမှု ပုံစံနှင့် အညီ ဆံပင်ညှပ်ရန်” ဆိုပြီး နိုင်ငံသားများကို တိုက် တွန်း ထားသည့် ရုပ်သံ အစီအစဉ်ဟာ လိုအပ်ချက်များကို ထင်ဟပ်စေပါတယ်။

အကျင့်ပျက် အရင်းရှင် အတွေးအခေါ်များနှင့် လူနေမှုပုံစံကို ရှောင်ရှားဖို့ရာအတွက် “ရန်သူကို တွန်းလှန်ရန်” ဆိုပြီး အမျိုးသမီး များကို ဆံ ပင် တိုတိုသာ ထားရှိစေဖို့ အကြံပြုထားပါတယ်။

အလားတူ ကင်ပိန်းတခု တွင်လည်း မြောက်ကိုရီးယား နိုင်ငံသားများအား ၎င်းတို့၏ အဝတ်အစားများကို သပ်ရပ်စွာထားရန်နှင့် စမတ်ကျ သော ဖိနပ်များကို အမြဲဝတ်ဆင်ရန်လည်း တိုက်တွန်းခဲ့ပါတယ်။

‘အဝတ်အစား ဘယ်လောက်ပဲ ကောင်းနေပါစေ သပ်ရပ်တဲ့ ဖိနပ်မစီးရင် အကျင့်စရိုက် နိမ့်ကျသွားလိမ့်မယ်’ လို့ အဲဒီနှစ်က နိုင်ငံပိုင်သတင်းစာ Minju Choson ၏ ကော်လံတစ်ခုမှာ ရေးသားခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.