မြောက်ကိုရီးယား အင်တာနက် တိုက်ခိုက်ခံရ

News Tech

မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ အင်တာနက်လိုင်းများဟာ ဒုတိယ အကြိမ်မြောက် ပြတ်တောက်ခြင်း ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

သုတေသီများ ကတော့ အဆိုပါ ဖြစ်စဉ်ဟာ distributed denial-of-service (DDoS) လို့ခေါ်တဲ့ ဆိုက်ဘာ တိုက်ခိုက်နည်းဖြင့် တိုက်ခိုက် ခံရခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး အင်တာနက် ပြတ်တောက်မှု ဖြစ်ပွားခဲ့တာဟာ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီလောက်က ဖြစ်ပြီး ဒီဖြစ်စဉ်ဟာ မြောက်ကိုရီးယား၏ ယခုလအတွင်း ၅ ကြိမ်မြောက် ဒုံးကျည် စမ်းသပ်မှုအပြီး နောက်တရက်မှာ ဖြစ်ပေါ်ခဲ့တာပါ။

ဗြိတိန်မှ ဆိုက်ဘာ လုံခြုံရေး သုတေသီ Junade Ali ကတော့ တိုက်ခိုက်မှု အမြင့်ဆုံး ရောက်ရှိလာတဲ့ အချိန်မှာ မြောက်ကိုရီးယားကို အဝင်အထွက် လုပ်နေတဲ့ အင်တာနက် ဆက်သွယ်ရေးတွေ လုံးဝ ပြတ်တောက်သွားခဲ့တယ်လို့ ပြောပါတယ်။

Junade Ali ဟာ မြောက်ကိုရီးယားမှ ဝက်ဘ်ဆိုက်များနှင့် အီးမေးလ် ဆာဗာများကို အမြဲ စောင့်ကြည့်နေတဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်။

“မြောက်ကိုရီးယား IP address ကို တယောက်ယောက်က ချိတ်ဆက်ဖို့ ကြိုးစားတဲ့အခါ အင်တာနက် အချက်အလက်များဟာ အဆိုပါ နိုင်ငံအတွင်းသို့ လမ်းကြောင့်လွှဲမပေးနိုင်တော့ပါဘူး” လို့ ၎င်းက Reuters သတင်းဌာနကို ပြောပြပါတယ်။

နာရီပိုင်း အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ အီးမေးလ် ဆာဗာများဟာ ပြန်လည် အလုပ်လုပ်လာကာ အီးမေးလ်များလည်း အသုံးပြုလာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်များဖြစ်တဲ့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနကဲ့သို့ ဝက်ဘ်ဆိုက်များ၊ Air Koryo လေကြောင်းလိုင်း ကဲ့သို့ ဝက်ဘ်ဆိုက်များဟာတော့ အတော်လေး နှေးကွေး လေးလံနေဆဲ ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ အင်တာနက် အသုံးပြုခွင့်ကို နိုင်ငံအတွင်းမှာ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာပါ။

လူအရေအတွက် ဘယ်လောက်အထိ ကမ္ဘာ့ အင်တာနက် ကွန်ယက်ထဲကို ဝင်ရောက် အသုံးပြုခွင့် ရရှိသလဲ အတိအကျ မသိရပေမယ့် လူဦးရေ ၂၅ သန်းတွင် ၁ ရာခိုင်နှုန်းလောက်သာ အသုံးပြုခွင့် ရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မြောက်ကိုရီးယားကို စောင့်ကြည့်နေလေ့ရှိတဲ့ ဆိုးလ်မြို့ အခြေစိုက် သတင်း ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ NK Pro ကတော့ မြောက်ကိုရီးယားရဲ့ ကွန်ယက် မှတ်တမ်းများနှင့် log file များအရ ၎င်းတို့၏ ဝက်ဘ်ဆိုက်များဟာ ဝင်ကြည့်လို့မရခဲ့ဘူးလို့ ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ Domain Name System (DNS)ဟာ ရပ်တန့်သွားခဲ့ပြီး ဝက်ဘ်ဆိုက်ကြည့်ရှုသူများဟာ ဝက်ဘ်ဆိုက်ကို ကြည့်ရှုလို့ မရနိုင်ဖြစ်ခဲ့ရတာကို ပြသနေတာပါ။

အလားတူ ဖြစ်စဉ်မျိုး ဇန်နဝါရီလ ၁၄ ရက်နေ့လောက်က ဖြစ်ပေါ်ခဲ့သေးတယ်လို့ NK Pro မှ ဖော်ပြခဲ့ဖူးပါတယ်။

Junade Ali ရဲ့ အဆိုအရတော့ ဒီလို ဆာဗာပြတ်တောက်မှုတွေ တပြိုက်နက် ဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကတော့ ဟက်ကာများဟာ ပုံမှန်မဟုတ်တဲ့ အင်တာနက် လမ်းကြောင်း ပမာဏများပြားစွာ ဖြစ်အောင် ဖန်တီးပြီး ကွန်ယက်ကို ရပ်တန့်သွားအောင် DDoS နည်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဆာဗာတခုဟာ တခါတရံမှာ အချိန်အတိုင်းအတာ တခုအထိ ပြတ်တောက်တတ်တာဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပေမယ့် အခုကတော့ ဝက်ဘ်ဆိုက်တွေအားလုံး ပြတ်တောက်သွားတာပါ”

“နိုင်ငံ အင်တာနက် တခုလုံး ပြတ်တောက်သွားတာဟာ သမားရိုးကျ ဖြစ်စဉ်တော့ မဟုတ်ပါဘူး” လို့ ၎င်းက ဆက်ရှင်းပြပါတယ်။

လက်ရှိဖြစ်ပျက်သွားတာဟာ ကွန်ယက် လည်ပတ်မှု ရပ်တန့်ကာ ဆာဗာတခုခြင်းစီ ပြတ်တောက်ပြီးနောက် အဓိက router များမှ အင်တာနက်ကို ဖြတ်တောက်လိုက်တာပါ။

ဒါဟာ စွမ်းအင် ပြတ်တောက်မှုလို အရာမျိုး မဟုတ်ဘဲ ကွန်ယက်အပေါ် တိုက်ခိုက် ဖိစီးမှုတွေ ပြုလုပ်ခြင်းရဲ့ ရလဒ် ဖြစ်တဲ့အတွက် ဆိုက်ဘာတိုက်ခိုက်ခြင်း ခံရတာ ဖြစ်တယ်လို့ ခန့်မှန်းခဲ့တာပါ လို့ Junade Ali က ဆိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *