များစွာသောနိုင်ငံတို့တွင် အခွန်တော် ပိုမိုရရှိရေးအတွက် ထီဖွင့်ခြင်း အလေ့ကို ပြုလျက်ရှိကြပါတယ်။ ဆေးရုံ၊ လူအိုရုံ၊ ကျောင်း စသည့် များစွာသောပြည်သူ့ အဆောက်အဦများနှင့် ဘုရားရှိခိုးကျောင်းများစသည်တို့ကိုလည်း ယင်းသို့ ထီဖွင့်ရာမှရရှိသော အခွန်ဖြင့် တည်ထောင် ဖွင့်လှစ်ကြသည်။
“ထီ”ဟူသော စကားရပ်မှာ မြန်မာစကားသက်သက် ဖြစ်သည်ဟု မယူဆနိုင်ပေ။ အင်္ဂလိပ်စကားမှ အရင်းခံသည်ဟု ယူဆကြသည်။ တစ်ချို့ကလည်း တရုတ်စကား အရင်းအမြစ်ဟုပင် ယူဆကြသူရှိသည်။အနီးစပ်ဆုံး ဝေါဟာမှာ အင်္ဂလိပ် ဝေါဟာရ Lottery လော်ထရီ ဖြစ်သည်။ လော်ထရီမှ လော်ထီ၊ ထိုမှတဆင့် ထီဟူ၍ ရွေ့လျားဖြစ်လာဟန်တူသည်။
ဘိုးတော်ဘုရားလက်ထက်တွင် နိုင်ငံခြားကူးသန်းရောင်းဝယ်ခဲ့ရာ ထိုစဉ်က မြန်မာတို့သည် အင်္ဂလိပ်လူမျိုးတို့၏ ထီ ကို တွေ့မြင်နားလည်ခဲ့ကြသည်။ အင်္ဂလိပ်အစိုးရပိုင် အောက်မြန်မာနိုင်ငံတွင် ထီဖွင့်မှု ခေတ်စားလာခဲ့သည်။

ထို့ကြောင့် သီပေါမင်းလက်ထက် ၁၂၄၀ ပြည့် ၊ တပေါင်းလတွင် အထက်မြန်မာပြည် မန္တလေးနေပြည်တော်၌လည်း တရုတ်လူမျိုးများက ၃၆ ကောင်ထီများ ဖွင့်ခဲ့ကြသည်။
သီပေါမင်းသည် ထီရုံပေါင်းဆယ်ရုံ ဖွင့်စေခဲ့သည်။ ထီနောက် ကောက်ကောက်ပါအောင် လိုက်နေကြရင်း မွဲသူမွဲ၊ မူးသူမူး၊ ရူးသူရူး၊ခိုးဆိုးလုယက်သူများစသည့် ရာဇဝတ်မှုများ ပေါများလာသောကြောင့် ၁၂၄၃ ခုနှစ် ၊ ပြာသိုလတွင် သီပေါမင်း၏ မန္တလေးထီရုံများ ပိတ်ပစ်လိုက်ရသည်။
ထိုစဉ်က ထီရုံဆယ်ရုံ ဆယ်ကြိမ်ကျစီဖြင့် အကြိမ် ၁၀၀ ဖွင့်ခဲ့သည်။တစ်လလျှင် တစ်ကြိမ်လျှင် ငွေ ၁၂၀၀ နှင့် နိုင်ငံတော် ငွေတော်အတွက် ၁၂၀၀၀၀ လစဉ်ဆက်ရသည်။ဘုရင့်ငွေတော်တိုက်တွင် လစဉ် ဘဏ္ဍာတော် တစ်သိန်းနှစ်သောင်း မှန်မှန်ဝင်နေသော်လည်း တိုင်းသူပြည်သားတို့မှာမူ ထီကြောင့် အကြွေးတင်ကျွန်ဖြစ်ဘဝသို့ ရောက်ခဲ့ရသည်။
ဈေးချိုတော် ကိုးခန်းအုတ်တိုက်တွင် ထီစတင်ဖွင့်လှစ်ခဲ့သည်။ထီးကြီးနှင့်ထီလေးဟူ၍ ခွဲခြားဖွင့်လှစ်ခဲ့သည်။ထီလေးမှာ နေ့စဉ်ဖွင့်ပြီး ထီတစ်စောင်လျှင် တစ်ပဲသာပေးရ၍ ဆင်းရဲသားတို့ အထိုးများခဲ့သည်။ထီကြီးမှာမူ တစ်စောင်လျှင် ၅ ကျပ်တန်ပြီး တစ်လလျှင် တစ်ကြိမ်ဖွင့်သည်။
ခေတ်သစ်ထီ

၁၉၃၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် မြန်မာပြည်အစိုးရ ထီအုပ်ချုပ်ရေး အရာရှိရုံးကို စတင်တည်ထောင်ခဲ့သည်။ဂျပန် ခေတ်တွင် ဗမာနိုင်ငံတော်အစိုးရ၊ အောင်မင်္ဂလာသိန်းဆုတော်ရုံဟု ခေါ်တွင်သတ်မှတ်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ ဩဂုတ်လတွင် အစိုးရသိန်းထီဌာန အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
လွတ်လပ်ရေးရပြီးချိန်တွင် အစိုးရသိန်းထီဌာန ကို အောင်ဘာလေသိန်းဆုဌာနခွဲ ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။
၁၉၈၉ ခုနှစ်အထိ နှစ်လလျှင် တစ်ကြိမ် ထီဖွင့်ပွဲကျင်းပခဲ့ပြီး နောက်ပိုင်းတွင် တစ်လ လျှင်တစ်ကြိမ် ဖွင့်လှစ်ခဲ့သည်။
မောင်ကြည်သန့်(မြန်မာ့ဖြစ်ရပ် ၁၀၀မှ ကောက်နုတ် ဖော်ပြသည်)
ပုံ- ခရက်ဒစ်