၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာနိုင်ငံ ရဲ့ နောက်ထပ်ဆန်းပြားတဲ့ ဘောလုံးကွင်း

News Tech

စပိန်နိုင်ငံမှ Fenwick Iribarren Architects ဟာ ကာတာတွင် ပြုလုပ်မယ့် FIFA 2022 ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် အသုံးပြုမည့် ဆန်းသစ်တဲ့ ဘောလုံးကွင်း ဒီဇိုင်းတခုကို ဖန်တီးလိုက်ပါတယ်။

974 Stadium လို့ အမည်ပေးထားတဲ့ ဒီ ဘောလုံးကွင်းဟာ ဖြုတ်သိမ်းရန်နှင့် ပြန်လည် တည်ဆောက်ရန် အလွန်လွယ်ကူအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ၎င်းကို တည်ဆောက်ဖို့ သင်္ဘောတင် ကွန်တိန်နာ အလုံး ၁ ထောင်နီးပါးဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မူလက Ras Abu Aboud Stadium လို့ ခေါ်တဲ့ 974 Stadium ဘောလုံးကွင်းဟာ ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာရှိ လေဆိပ် နှင့် ဆိပ်ကမ်း အနီး ကမ်းရိုးတန်းမှာ ရှိတာပါ။

ယခင်နာမည်ကနေ 974 Stadium လို့ တရားဝင် ပြောင်းလိုက်တာကတော့ ၎င်းတွင် အသုံးပြုထားတဲ့ ကွန်တိန်နာ အရေအတွက်ကို အစွဲပြုပြီး ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

စုစုပေါင်း ကြည့်ရှုသူ ၄ သောင်းလောက်ဆန့်မယ့် ဒီဘောလုံးကွင်းတွင် ကွန်တိန်နာများကို ထိုင်ခုံများ၊ အိမ်သာများနှင့် အခြားနေရာများတွင် အသုံးပြုသွားမှာ ဖြစ်ပြီး အပေါ်တွင် တစိတ်တပိုင်းပါဝင်သည့် သံမဏိဘောင်များဖြင့် တည်ဆောက်ထားပါတယ်။

အသုံးပြုထားတဲ့ ကွန်တိန်နာ ကုန်သေတ္တာ အများအပြားဟာ တည်ဆောက်ရေး လုပ်ငန်းခွင်အတွက် ဆောက်လုပ်ရေး ပစ္စည်းများ သယ်လာသည့် ကွန်တိန်နာများနှင့် အတူတူပဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ စတင်သည်နှင့် တပြိုင်နက် ဒီဘောလုံးကွင်းဟာ ချန်ပီယံ ရှုံးထွက်အဆင့်သို့ မရောက်မချင်း ပွဲစဉ်အများအပြားကို လက်ခံ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးပိတ် ဝီစီခရာ မှုတ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးဖို့ နီးကပ်လာတဲ့ အချိန်မှာတော့ ဒီ အားကစားကွင်းကို ဖျက်သိမ်းပြီး အခြား နေ ရာ များတွင် ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုခြင်းများ ပြုလုပ်ဖို့ စိတ်ကူးဖြင့် ဖန်တီးထားတာဖြစ်ပါတယ်။

“ဒီ ဘောလုံးကွင်းအတွက် အသုံးပြုထားတဲ့ ထူးခြားတဲ့ မော်ကျူလာ ဒီဇိုင်းက သမားရိုးကျ ဘောလုံးကွင်းတွေ တည်ဆောက်မှုနဲ့ နှိုင်းယှဉ်ပါက ဆောက်လုပ်ရေး ပစ္စည်း အနည်းငယ်သာ အသုံးပြုရန် လိုအပ်ပါတယ်” လို့ Fenwick Iribarren Architects က ပြောကြားခဲ့ပါတယ်။

“ဒါ့ကြောင့် ဒီဘောလုံးကွင်းဟာ အနာဂါတ် အားကစားပွဲများ ကျင်းပမည့် နိုင်ငံများကို လှုံ့ဆော်ပေးမည့် ရေရှည်တည်တံ့သည့် စီမံကိန်းတခုလည်း ဖြစ်ပါတယ်။”

“အသုံးပြုသည့် ကွန်တိန်နာ ကုန်သေတ္တာအများအပြားကိုလည်း ဆောက်လုပ်ရေး ပစ္စည်းတွေကို လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးရာတွင် အသုံး ပြုနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်”

Fenwick Iribarren Architects

“974 Stadium ဘောလုံးကွင်းကို ၎င်း၏ ဒီဇိုင်းနှင့် တည်ဆောက်မှု ၂ ခုလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့မှု အကဲဖြတ်မှု စနစ် ၏ ကြယ်ငါးပွင့် အသိအမှတ်ပြု လက်မှတ်ရဖို့ ရည်မှန်းထားပါတယ်” လို့ ပြောပါတယ်။

အားလုံးဟာ အံ့ဩစရာကောင်းလောက်အောင် ဖြစ်နေပေမယ့် သိသာ ထင်ရှားတဲ့ စိုးရိမ်စရာ တခုတော့ ရှိနေပါသေးတယ်။

အဲဒါကတော့ ကွန်တိန်နာ ကုန်သေတ္တာများကို အခြေခံ တည်ဆောက် ထားတဲ့ အတွက် ဖြစ်ပေါ် လာနိုင်မယ့် သတ္တု ကွန်တိန်နာ များ၏ ကြောက် မက် ဖွယ်ရာ အပူချိန်ကိုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Fenwick Iribarren Architects ၏ အဆိုအရတော့ ၎င်း၏ ဒီဇိုင်းကို အလွန်ယုံကြည်မှု ရှိပုံရပြီး သာမန် လေပြေလောက်ဟာ လုံ လောက်ပါတယ်လို့ ဆိုပါတယ်။

“ဒါ့အပြင် သူ့ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ပင်လယ်ကမ်းစပ် အနီးရှိ တည်နေရာကြောင့် အားကစားကွင်းမှာ သဘာဝ လေဝင်လေထွက်ရရှိနိုင်ပြီး အအေးပေးစနစ် လိုအပ်မှုကို ရှောင်ရှားနိုင်မှာပါ” ဟု ကုမ္ပဏီမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံဟာ ၎င်း၏ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံးကွင်းများကို ဆန်းပြားသည့် ဒီဇိုင်းများဖြင့် ဖန်တီး နိုင်ဖို့ ကြိုး စားလျက် ရှိပါတယ်။

များမကြာမီကပဲ ကာတာနိုင်ငံက ဘောလုံးကွင်း အသစ်တခုအကြောင်းကို “ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးအတွက် ကာတာမှ AI Thumama ဘောလုံးကွင်း အဆင်သင့် ဖြစ်လာတဲ့ အကြောင်း” ခေါင်းစဉ် ဖြင့် ဖော်ပြခဲ့ပါသေးတယ်။

Sources: Supreme Committee for Delivery & Legacy, Fenwick Iribarren Architects

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *