အမေရိကန် ရေငုပ်သင်္ဘောများအားလုံးဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဖြစ်ကြလို့ လောင်စာဆီ ထပ်မံ ဖြည့်တင်းစရာမလိုဘဲ ပင်လယ်ပြင်အတွင်းမှာ စိတ်တိုင်းကျ သွားလာနိုင်ပါတယ်။
အဆိုပါ ရေငုပ်သင်္ဘောများအကြောင်းကို “အမေရိကန် ရေတပ်၏ ရေငုပ်သင်္ဘောအမျိုးအစားများ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
နျူကလီးယား ရေငုပ်သင်္ဘောများကို အကန့်အသတ်ဖြစ်စေသည့် တခုထဲသော အရာဟာ ရေငုပ်သင်္ဘောအတွင်း လိုက်ပါလာသည့် ရေတပ်သားများအတွက် စားနပ်ရိက္ခာသာ ဖြစ်ပါတယ်။

Nuclear triad လို့ခေါ်တဲ့ အမေရိကန်၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ကြီး ၃ မျိုး တွင်
- တိုက်ချင်းပစ် ဒုံးပျံများ (ICBM)
- ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် နျူကလီးယား လက်နက်များ
- နျူကလီးယား တင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်များ (B-2 နှင့် B-52) ပါဝင်ပါတယ်။
တရုတ်နှင့် ရုရှား နိုင်ငံများဟာလည်း အဆိုပါ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စနစ်များကို အမေရိကန်၏ နည်းနှင့် ခပ်ဆင်ဆင် အသုံးပြုကြပါတယ်။
အဲဒီ့ ၃ ခုထဲက တခုဖြစ်တဲ့ နျူကလီးယား ဒုံးကျည်များကို တင်ဆောင်နိုင်တဲ့ Ohio အတန်းအစား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော ၁၄ စီးဟာ ကမ္ဘာ့အနှံ့မှာ လှည့်ပတ် သွားလာနေရပါတယ်။
တကယ်လို့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ တရုတ် သို့မဟုတ် ရုရှားလို နိုင်ငံများနှင့် စစ်ပွဲ အကြီးအကျယ်ဖြစ်ပါက ချက်ချင်း အပြန် အလှန် ဖျက်ဆီးခြင်း MAD အယူအဆအရ တုံ့ပြန်ဖို့အတွက် ရေငုပ်သင်္ဘောများဟာ အမြဲလိုလို အဆင့်သင့် ရှိနေရပါတယ်။
MAD ဆိုတဲ့သဘောကတော့ “ငါ့ကို ပျက်စီးအောင်လုပ်ရင် မင်းလဲ ပျက်စီးရမယ်” ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ အပါခေါ်တဲ့ သဘောပေါ့။

အဲဒါကြောင့် အမေရိကန် ပဲ့ထိန်း ဒုံးတင် ရေငုပ်သင်္ဘောများကို ရယ်စရာမဟုတ်တဲ့ အမည်ပြောင် “Boomers” ဆိုပြီး ခေါ်ကြပါတယ်။
ဒါပေမယ့် ရေငုပ်သင်္ဘောများတွင် စားနပ်ရိက္ခာကို ရက် ၉၀ ခန့်သာ တင်ဆောင်နိုင်တဲ့အတွက် ပင်လယ်ပြင်အတွင်းမှာ မကြာခဏ ရိက္ခာအထောက်အပံ့ လက်ခံဖို့ ဆောင်ရွက်ရပါတယ်။
ရေငုပ်သင်္ဘောများကို ရိက္ခာ ထောက်ပံ့ဖို့ အမေရိကန် ရေတပ်ဟာ လေယာဉ် အမျိုးအစား ၄ မျိုးကို အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။
ရိက္ခာအနည်းငယ်အတွက် ပန်ကာ ၄ ခုတပ် ဒရုန်းငယ်များ၊ ပိုများတဲ့ ရိက္ခာအတွက် MV-22B Osprey လေယာဉ်များ မသုံးခင် MH-60 Seahawk ရဟတ်ယာဉ်များကို အသုံးပြုခြင်း နှင့် လေတပ်၏ C-17 Globemaster များကို အသုံးပြုပြီး အပေါ်မှ လေထီးဖြင့် ချပေးခြင်းတို့ ပါဝင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။