ရှေးခေတ် ရွက်သင်္ဘောတွေထက် ပိုမို သာလွန်မည့် ခေတ်သစ် ရွက်သင်္ဘော တီထွင်နေ

Innovation Tech

ဆွီဒင်လုပ်ငန်းစုတခုမှ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ရေကြောင်းပို့ဆောင်ရေး အတွက် ရည်ရွယ်ထားသော တီထွင် ဆန်းသစ် သည့် ရွက် လွှင့် ခုတ်မောင်းနိုင်သည့် ကုန်တင်သင်္ဘောတစင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီဧရာမ ပင်လယ်ကူး သင်္ဘောကြီးဟာ ကားအစီရေ ၇ ထောင်လောက်အထိ တတင်ဆောင်နိုင်မှာ ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Oceanbird လို့ခေါ်တဲ့ သင်္ဘော အယူအဆ ဒီဇိုင်းဟာ တန်ချိန် ၃၂,၀၀၀ လောက်အထိ တင်ဆောင်ပြီး လေအားဖြင့် မောင်းနှင်နိုင်ကာ ထိရောက်ပြီး ရေရှည် တည်တံ့သည့် ပင်လယ် ရေကြောင်း ကုန်တင်ပို့ဆောင်ရေးကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

အရှည် မီတာ ၂၀၀ နှင့် အကျယ် မီတာ ၄၀ ရှိမည့် ဒီသင်္ဘော၏ ရှေ့ပြေးပုံစံတွင် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှာ မဟုတ်ပါဘူး။

အတ္တလန္တိတ် သမုဒ္ဒရာအတွင်းတွင် မောင်းနှင်နိုင်ဖို့ ထိရောက်သည့် ဒီဇိုင်းနှင့် အဆိုပါ သင်္ဘောဟာ တနာရီလျှင် ရေမိုင် ၁၀ မိုင်နှုန်းဖြင့် ခုတ်မောင်းနိုင်မှာ ဖြစ်ပါတယ်။

ရွက်လွှင့်သည့် စနစ်မှာ ရှေးခေတ် ရွက်လွှင့်သည့် စနစ်များနှင့် မတူဘဲ လေယာဉ် အတောင်ပံများ၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်ကို အတုယူ ထုတ်လုပ်ထားသည့် ဒေါင်လိုက် အပြားရှည်ကြီးများကို ရွက်များအဖြစ် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အတောင်ပံ ရွက်တိုင်များဟာ မီတာ ၈၀ လောက်အထိ မြင့်မှာဖြစ်ပြီး သင်္ဘော၏ စုစုပေါင်း အမြင့်ကို ၁၀၅ မီတာအထိ ရှိစေမှာ ဖြစ်ပါတယ်။

ရွက်တိုင်များကို သံမဏိနှင့် ပေါင်းစပ် သတ္တုများကို အသုံးပြု ထုတ်လုပ်ထားပြီး လေကိုဖမ်းယူဖို့ ၃၆၀ ဒီဂရီအထိ လှည့်နိုင်မှာ ဖြစ်ပါတယ်။

တယ်လီစကုတ်ကဲ့သို့ ရွက်တိုင်များကို တည်ဆောက်ထားသည့်အတွက် သင်္ဘောဟာ တံတားများအောက်ကို ဖြတ်သန်း ခုတ်မောင်းနေချိန်တွင် ရွက်တိုင်ကို အမြင့် ၄၅ မီတာအထိ နှိမ့်လို့ ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခတ်နေပါကလည်း သင်္ဘောအရှိန်ကို လျှော့ချနိုင်ရန် ရွက်တိုင်ကို နှိမ့်လို့ ရမှာ ဖြစ်ပါတယ်။

“အမြင့် ၁၀၅ မီတာရှိတဲ့ ဒီသင်္ဘောဟာ ကမ္ဘာ့အမြင့်ဆုံး သင်္ဘောဖြစ်လာလိမ့်မယ်” လို့ Oceanbird သင်္ဘောကို ဖန်တီးသူက ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်တွင် ပြောကြားခဲ့ပါတယ်။

Oceanbird ဟာ အတ္တလန္တိတ် သမုဒ္ဒရာကို ၁၂ ရက်အတွင်း ဖြတ်သန်း ခုတ်မောင်းနိုင်ပြီး ဆိပ်ကမ်းကပ်သည့် အချိန်နှင့် ခွာသည့် အချိန်များတွင် လုံခြုံမှု ရှိစေရန် သင်္ဘောတွင် အရံအင်ဂျင်တလုံးတော့ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ဒီသင်္ဘောဟာ Wallenius Marine၊ Stockholm မှ KTH Royal နည်းပညာ တက္ကသိုလ် နှင့် ဆွီဒင် သုတေသန အင်စတီကျဒ SSPA တို့ ပူးပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး ဆွီဒင် ပို့ဆောင်ရေး အေဂျင်စီမှ ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်း စမ်းသပ်မှုကို ယခုနှစ် အစောပိုင်းတွင် Oceanbird ၏ ပုံစံငယ်ဖြင့် စမ်းသပ်ပြီး ဖြစ်ကာ အဲဒီ အချိန်တုန်းက အင်ဂျင်နှင့် တပ်မများ အပါအဝင် သင်္ဘောတိမ်းစောင်းမှု ကြုံတွေ့ ခဲ့ရပါတယ်။

ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်စေမည့် သင်္ဘော ဒီဇိုင်းကို ၂၀၂၁ နှစ်ကုန်လောက်တွင် အဆင်သင့် ဖြစ်မှာ ဖြစ်ပြီး ၂၀၂၄ လောက်တွင် စတင် အသုံးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.