ဟိုက်ပါဆိုးနစ် ဒုံးကျည်သစ်နှင့်အတူ မြင်တွေ့ရနိုင်သည့် Ohio အတန်းအစား ရေငုပ်သင်္ဘောအကြောင်း

Knowledge Military

Ohio အတန်းအစား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီးများဟာ ၎င်းတို့ခေတ်တွင် တည်ဆောက်ခဲ့သမျှ ရေငုပ်သင်္ဘောများတွင် အကြီးဆုံး ဖြစ်ပါတယ်။

ဒီ အတန်းအစား ရေငုပ်သင်္ဘောများဟာ ၁၉၈၀ ခုနှစ်များ အစောပိုင်းတွင် ပထမဆုံး စတင် တာဝန် ထမ်းဆောင်တာ ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ ၁၉၉၇ ခုနှစ်ကြားတွင် အရေအတွက် ၁၈ စီးလောက်အထိ တည်ဆောက်ခဲ့ပါတယ်။

နျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်းတပ်ဒုံးကျည်တင် ရေငုပ်သင်္ဘော SSBN အဖြစ် ဒီဇိုင်းဆွဲထားတဲ့ ဒီအတန်းအစား သင်္ဘောတွေကို ခေတ် ဟောင်း Freedom အတန်းအစား ရေငုပ်သင်္ဘောများ နေရာမှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် နျူကလီးယား အနေအထားကို ပြန်လည်သုံးသပ်ပြီး မူလ ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ခရုဇ် ဒုံးကျည်တင် SSGN ရေငုပ် သင်္ဘော ၄ စီးကို ပဲ့ထိန်းတပ် ဒုံးကျည်တင် ရေငုပ်သင်္ဘော SSBN များအဖြစ် ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ပြောင်းလဲခဲ့ပါတယ်။

သုံးသပ်ချက်အရ အမေရိကန်ဟာ အဲဒီ့အချိန်က မဟာဗျူဟာမြောက် ပဲ့ထိန်းတပ် ဒုံးကျည်တင် ရေငုပ်သင်္ဘော SSBN ၁၄ စီးသာ လိုအပ်တယ်လို့ သိရပါတယ်။

တိုမဟော့ ဒုံးကျည် ရေအောက်မှ ပစ်လွှတ်နေပုံ Credit: Raytheon

ထိုအချိန်မှစပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ရုရှား-အမေရိကန် မဟာဗျူဟာ လက်နက် လျှော့ချရေး သဘောတူညီမှုအရ Ohio အတန်း အစား ရေငုပ်သင်္ဘော SSBN များမှ ပစ်လွှတ်နိုင်သည့် ဒုံးကျည် အရေအတွက်ကို ၂၄ ခုမှ အခု ၂၀ အထိ လျှော့ချခဲ့ပါတယ်။

လက်ရှိ Ohio အတန်းအစား ရေငုပ်သင်္ဘောများတွင် နျူကလီးယား ပဲ့ထိန်းတပ် ဒုံးကျည် တင်ဆောင်နိုင်သည့် SSBN ၁၄ စီးနှင့် ခရုဇ် ဒုံး ကျည် တင်ဆောင်နိုင်သည့် SSGN ၄ စီး တာဝန် ထမ်းဆောင်နေပါတယ်။

ရေငုပ်သင်္ဘောများအကြောင်းကို “အမေရိကန် ရေတပ်၏ ရေငုပ်သင်္ဘောအမျိုးအစားများ အကြောင်း” တွင် လေ့လာနိုင်ပါတယ်။

Ohio အတန်းအစား ခရုဇ် ဒုံးကျည်တင် ရေငုပ် သင်္ဘော SSGN များဟာ မြောက်များစွာသော ဒုံးကျည်များကို တင်ဆောင်နိုင်

SSGN ၄ စီးစလုံးဟာ Tomahawk အမျိုးအစား ဒုံးကျည်ပေါင်း ၁၆၄ စင်းထက်မနည်း တင်ဆောင် နိုင်သည့်အပြင် တော်ပီဒို များကိုပါ တင် ဆောင်စစ်ဆင်နိုင်ပါတယ်။

မကြာခင်မှာပဲ အလွန်ဝေးကွာတဲ့ နေရာတွေကို တိုက်ခိုက်နိုင်ဖို့ သမားရိုးကျ လက်နက်ဖြင့် မဆိုင်းမတွ တိုက်ခိုက်ခြင်း စီမံချက် (CPS) အရ လက်ရှိမှာ ထုတ်လုပ်နေတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်များလည်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

အဲဒီ့ ဒုံးကျည်သစ်တွေဟာ လက်ရှိ ခရုဇ် ဒုံးကျည်များကဲ့သို့ တိကျစွာ ပစ်မှတ်များကို တိုက်ခိုက်နိုင်ရုံသည် သာမက မယုံနိုင်လောက်အောင် အမြန်နှုန်းကိုပါ ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန် ရေတပ်ဟာ ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ဖြန့်ကျက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

အဲဒီလို သတင်းတွေ ထွက်နေပေမယ့် အဆိုပါ ဟိုက်ပါဆိုးနစ် ဒုံးကျည်သစ်များဟာ Ohio အတန်းအစား ရေငုပ်သင်္ဘောများတွင် အရေ အ တွက် မည်မျှအထိ သယ်ဆောင်နိုင်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ရေငုပ် သင်္ဘောတစီးစီကို ပစ်လွှတ်ပြွန် ၂၀ ခန့် တပ်ဆင်ထားမယ်ဆိုပါက အများဆုံး ဒီလို ဒုံးကျည်သစ်ပေါင်း ၄၄ လုံးမှ ၆၆ လုံးလောက်အထိ တင်ဆောင်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိအသုံးပြုနေတဲ့ Tomahawk ဒုံးကျည်များကိုတော့ အခြေအနေများစွာအတွက် ဦးစားပေးအနေဖြင့် ဆက်လက် အသုံးပြုဖွယ်ရှိပြီး ဒုံးကျည် ၂ မျိုးလုံးကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။

ဒီလိုသာ တွဲဖက် အသုံးပြုမှာဆိုရင် Ohio အတန်းအစား ရေငုပ်သင်္ဘောများ၏ လက်ရှိ စွမ်းအားကို တိုးလာတာ သို့မဟုတ် လျော့သွားတာလို့ ပြောလို့မရဘဲ ဘက်စုံအသုံးပြုနိုင်စွမ်း ပိုမြင့်မားလာတယ်လို့ ဆိုရမှာပါ။

ရုရှားနှင့် တရုတ်ကဲ့သို့ အခြားနိုင်ငံများဟာလည်း ၎င်းတို့ ကိုယ်ပိုင် ရေငုပ်သင်္ဘောအုပ်များတွင် ဟိုက်ပါဆိုးနစ် ဒုံးကျည်များ တပ်ဆင်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဥပမာအားဖြင့် ရုရှားဟာ အသံထက် ၈ ဆမြန်တဲ့ 3M22 Zircon ဒုံးကျည်သစ်ကို စမ်းသပ်နေပြီး ၎င်းတို့၏ လက်ရှိ Pr. 855M Severodvinsk-II အတန်းအစား ရေငုပ်သင်္ဘော နှင့် အဆင့်မြှင့်ထားတဲ့ Oscar-II ရေငုပ်သင်္ဘောများတွင် အသုံးပြုဖွယ် ရှိနေပါတယ်။

Zircon ဒုံးကျည်သစ် စမ်းသပ်ခဲ့သည့်အကြောင်းကို “နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောမှ တဆင့် စမ်းသပ်မည့် ဟိုက်ပါဆိုးနစ် ဒုံးကျည် Tsirkon” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

အမေရိကန်၏ ရှုထောင့်မှ ကြည့်ပါက ထိုကဲ့သို့ ဒုံးကျည်သစ်များ တင်ဆောင်နိုင်မှုသည် ကျန်ရှိနေသည့် Ohio အတန်းအစား ရေငုပ် သင်္ဘောများကို အနားယူသည်အထိ အဓိက အခန်း ကဏ္ဍမှာ အသုံးပြုသွားဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *